လျှပ်စစ်ဓာတ်အားဖူလုံရေး ရေအားလျှပ်စစ်စီမံကိန်းများ၊ ဆိုလာလျှပ်စစ်စီမံကိန်းများကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားကြရမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

လျှပ်စစ်ဓာတ်အားဖူလုံရေး ရေအားလျှပ်စစ်စီမံကိန်းများ၊ ဆိုလာလျှပ်စစ်စီမံကိန်းများကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားကြရမည်



နေပြည်တော်၊ မတ် ၇

အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၆) အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လျှပ်စစ်ဓာတ်အားဖူလုံရေးနှင့်ပတ်သက်၍ ရေအားလျှပ်စစ်စီမံကိန်းများ၊ ဆိုလာလျှပ်စစ်စီမံကိန်းများကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဦးစွာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားရာတွင် ၅ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်ပြီး ပို့ကုန်နှင့်ပတ်သက်၍ လယ်ယာသားငါးထုတ်ကုန်များကို အဓိကတင်ပို့လျက်ရှိကြောင်း၊ အခြားတင်ပို့နိုင်သည်များလည်း များစွာရှိပြီး လုပ်ကိုင်နိုင်စွမ်း လျော့နည်းနေသည့်အတွက် ပို့ကုန်အားနည်းနေရခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းရှိမှသာလျင် ရောင်းကုန်၊ ပို့ကုန်ပစ္စည်းများရှိမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ထုတ်လုပ် မှုအားနည်းချက်များရှိခြင်း၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီမှုမရှိခြင်းတို့ကြောင့် ပို့ကုန် ပစ္စည်းများ အားနည်းနေရခြင်းဖြစ်ကြောင်း။

မိမိတို့နိုင်ငံဖြတ်ကျော်ခဲ့ရသည့် သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက အတန်းပညာရေး၊ အတတ်ပညာသင်ကြားရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့သည်ကို တွေ့မြင်ရကြောင်း၊ အတန်းပညာအားနည်းပါက အတတ်ပညာသင်ကြားရေးနှင့်ပတ်သက်၍လည်း အားနည်းချက်များ ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ အဆင့်မြင့်အတတ်ပညာများကို သင်ယူရရှိနိုင်ရေး အတန်းပညာမြင့်မားရန်လိုအပ်မည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ၏အဓိကလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သက်သည့် အတတ်ပညာရှင်များသည်လည်း များစွာလိုအပ်နေဆဲဖြစ်ကြောင်း၊ ယင်းအချက်သည် အမျိုးသားစီမံကိန်းများ ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် အနာဂတ်လူငယ်လူရွယ်များ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုဆိုင်ရာ အသိပညာများရရှိစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံ အထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ လက်ရှိတွင် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ခန့်သည် ကျေးလက်နေသူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကို အဓိကထားလုပ်ကိုင်နေကြသူများဖြစ်ကြောင်း၊ သို့ဖြစ်၍ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးတို့အတွက် နည်းလမ်းမျိုးစုံဖြင့် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ဆောင်ရွက်ပေးခြင်းသာမက အမှန်တကယ်အလုပ်လုပ်ကြရန်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ထုတ်လုပ်မှုနှင့် သုံးစွဲမှု မမျှတခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ ဒေသအလိုက် ဒေသတွင်း အခြေခံစားကုန်များ၊ ဟင်းသီးဟင်းရွက် သားငါးနှင့် ဥအမျိုးမျိုးတို့ကို ဖူလုံအောင် အားထုတ်ဆောင်ရွက်ကြမည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုများကို လျှော့ချစေနိုင်မည်ဖြစ်သကဲ့သို့ ပိုလျှံသည်များကို ပြင်ပသို့ ရောင်းချခြင်းဖြင့် ဒေသ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်ရေး ဒေသတွင်း အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များစီမံခန့်ခွဲပေးခြင်း၊ ဖြည့် ဆည်းဆောင်ရွက်ပေးခြင်းနှင့် အခွင့်အလမ်းများ ဖန်တီးကြရမည်ဖြစ်ကြောင်း၊ ဒေသ တစ်ခုချင်းစီမှစ၍ မြို့နယ်အလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဆင့်ဆင့် ဝမ်းစာဖူလုံမှုမြင့်တက်လာပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်လာစေမည်ဖြစ် ကြောင်း။

ဆီထွက်သီးနှံနှင့်ပတ်သက်၍လည်း နိုင်ငံအတွင်း စားသုံးဆီဖူလုံမှုရှိစေရေး စတင်တာဝန်ယူစဉ်ကတည်းကပင် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုအချိန်အထိ ပန်းတိုင်ရည်မှန်းချက်ပြည့်မီမှုရှိရန်နှင့် ပြည်တွင်းစားသုံးဆီဖူလုံမှုရှိရန်လိုအပ်နေဆဲဖြစ်ကြောင်း၊ အမျိုးသားစီမံကိန်းကော်မရှင် အနေဖြင့်လည်း စီမံကိန်းများရေးဆွဲရာတွင် ဆီထွက်သီးနှံဖူလုံရေးနှင့်ပတ်သက်၍ ထည့်သွင်းစဉ်းစားဆောင်ရွက်သွားကြရန် ပြောကြားလိုခြင်းဖြစ်ကြောင်း။

လျှပ်စစ်ဓာတ်အားဖူလုံရေးနှင့်ပတ်သက်၍လည်း ရေအားလျှပ်စစ်စီမံကိန်းများ၊ ဆိုလာလျှပ်စစ်စီမံကိန်းများကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခင်က ချမှတ်ဆောင်ရွက်ဆောင်ရွက်ခဲ့သည့် ရေအားလျှပ်စစ်စီမံကိန်းများ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ဆောင်ရွက်နိုင်မှုမရှိခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အား ဖူလုံစွာသုံးစွဲနိုင်မှုမရှိခြင်းဖြစ်ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖူလုံမှုရှိစေရေးအတွက်လည်း အမျိုးသားစီမံကိန်းကော်မရှင်အနေဖြင့် ထည့်သွင်းစဉ်းစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့်စတင်တာဝန်ယူပြီးကာလနောက်ပိုင်းတွင် သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍ စက်သုံးဆီကားများ၊ ရထားများအစား၊ လျှပ်စစ်ကားများနှင့် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် EV ကားများအသုံးပြုနေကြပြီဖြစ်သကဲ့သို့ လျှပ်စစ်စွမ်းအင်သုံးရထားစက်ခေါင်းများ အသုံးပြု၍လည်း ရထားခရီးစဉ်များ ပြေးဆွဲပေးနိုင်နေပြီဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများကြောင့် ဖြစ်ပေါ်လာသည့် စက်သုံးဆီရှား ပါးမှုဖြစ်ပေါ်လာနိုင်မည့်အခြေအနေတွင် လျှပ်စစ်ကားနှင့် ရထားများ၏အခန်းကဏ္ဍသည် များစွာတိုးတက်လာစေမည်ဖြစ်ကြောင်း၊ အမျိုးသားစီမံကိန်းကော်မရှင်အနေဖြင့်လည်း နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ရာတွင် ဖြစ်ပေါ်လာနိုင်မည့်အခြေအနေများကို နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးတို့နှင့် ချိန်ထိုးသုံးသပ်စဉ်းစားတွက်ချက်၍ အမြင်ကျယ်ကျယ်ဖြင့် ရေးဆွဲချမှတ်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေး၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းကို ဆွေးနွေးညှိနှိုင်းကြပြီးဖြစ်ကြောင်း၊ ယခုအတည်ပြုခဲ့သည့် အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် လွှတ်တော်အသီးသီး၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီး၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော်ရာတွင် အစိုးရ၊ ဌာနများအနေဖြင့် စီမံကိန်းဆိုင်ရာ အင်္ဂါရပ်များနှင့် ညီညွတ်ရန်လိုအပ်မည်ဖြစ်ပြီး အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ခေတ်ကာလအလိုက် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာယူပြီး လက်တွေ့ကျကျ ပေါင်းစပ်ဆောင်ရွက်နိုင်ရန်၊ ပြည်သူများ၏ လိုအပ်နေသည့် ဖွံ့ဖြိုးမှုရည်မှန်းချက်များ ပြည့်မီစေရန်နှင့် နောင်တာဝန်ယူကြမည့် အစိုးရထံစနစ်တကျ လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

မိမိတို့ တာဝန်ယူခဲ့သည့် ၅ နှစ်ကာလတွင်ထင်သာမြင်သာရှိသည့် တိုးတက်မှုများရရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြို့ရွာများသန့်ရှင်းသာယာလှပရေး၊ မြို့ပြအင်္ဂါရပ်များနှင့် ညီညွတ်မှု ရှိစေရေး၊ စွန့်ပစ်အမှိုက် စနစ်တကျစီမံခန့်ခွဲနိုင်ရေးစသည့် နယ်ပယ်များတွင် ပြောင်းလဲတိုးတက်စေရန်ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ စီးပွားရေးနှင့် ပတ်သက်ပြီး အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းငယ်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် အစဉ်ရေရှည်ရပ်တည်နိုင်ရေးအတွက် လုပ်ငန်းစတင်ချိန်မှစပြီး ဈေးကွက်သို့ ရောက်ရှိချိန်ထိ လိုအပ်သည့်နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

သက်မွေးပညာရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ လူငယ်များ၏ဘဝ မြှင့်တင်နိုင်ရေးနှင့် အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် လူငယ်များ အကျိုးရှိစွာပါဝင်ဆောင်ရွက်နိုင်ရေးကို အားပေးမြှင့်တင်ပေးလျက်ရှိကြောင်း၊ မိမိတို့တာဝန်ယူခဲ့သည့်ကာလအတွင်း မိမိတို့အနေဖြင့် နိုင်ငံတော်အတွက် ဘက်ပေါင်း စုံတွင်အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ လိုလား တောင့်တချက်များကို ပြည်တွင်း၌ရှိသည့်အင်အားဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဖြည့် ဆည်းပေးခဲ့ကြကြောင်း။

ကောင်းမွန်ပြီးအစဉ်ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ကို ဖန်တီးနိုင်ရေး စီးပွားရေး အင်အားကောင်းမွန်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အခက်အခဲအမျိုးမျိုးကြားမှ တာဝန်ယူဆောင်ရွက်ခဲ့ကြရခြင်းဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်သည့်နေရာတွင် ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်သည်များရှိသကဲ့သို့ ပြည့်မီရန် လိုအပ်သည့်ကိစ္စရပ်များကိုလည်း ပေါင်းစပ်ညှိနှိုင်းပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြကြောင်း၊ အစိုးရနှင့် ပြည်သူလူထုများအကြား ယုံကြည်မှုအခိုင်အမာတည်ဆောက်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အမျိုးသားရေး စရိုက်လက္ခဏာနှင့် အမျိုးသားစိတ်ဓာတ်မြှင့်တင်ရေးတို့အတွက် ခိုင်မာတဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယများနဲ့ စည်းလုံးညီညွတ်စွာ ဆက်လက်ကြိုးပမ်းကြရန် လိုအပ်ကြောင်း။

“စည်းလုံးခြင်းသည် အင်အား၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်” ဆိုသည့် ဆိုရိုးစကားများနှင့်အညီ တိုင်းပြည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အချင်းချင်းဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်မှုနှင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ပြောင်းလဲလာသည့် ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် စီးပွားရေးလမ်းကြောင်းပေါ်တွင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး ဆက်လက်လျှောက်လှမ်းသွားရန်ကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

အခက်အခဲအမျိုးမျိုးကြားမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရှေ့တန်းတင်ပြီး တစ်ထောင့်တစ်နေရာမှ မိမိတို့ကျရာတာဝန်များကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြသည့် ဝန်ထမ်းများနှင့် အလွှာအသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည့် ပြည်သူလူထုများကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း။

ယခုအတည်ပြုပြီး ဥပဒေပြဋ္ဌာန်းတော့မည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းပါ လုပ်ငန်းများကို လွှတ်တော်များ၏ သဘောတူညီချက်များနှင့်အညီ ရှေ့ဆက်အကောင်အထည် ဖော်ဆောင်ရွက်ကြမည်ဖြစ်သည့်အတွက် ပြည်သူအားလုံးတောင့်တပြီး မျှော်မှန်းထားသည့် ရည်မှန်းချက်များ အောင်မြင်စေရေး နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန်ယူမည့် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

အစည်းအဝေးသို့ အမျိုးသားစီမံကိန်းကော်မရှင်ဒုတိယဥက္ကဋ္ဌ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမျိုးသားစီမံကိန်းကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ တိုင်းဦးစီးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ကြသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)