(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြာအင်းပေါ်တော်မူဒေသတွင် တစ်ထပ်ကျောင်းဆောင် သစ်၊ ကြာအင်းပေါ်တော်မူ-ကျားဂူ မိကရင်ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းနှင့် မြေသားတာပေါင် (၃၅၀၀) ပေ ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြာအင်းပေါ်တော်မူဒေသတွင် တစ်ထပ်ကျောင်းဆောင် သစ်၊ ကြာအင်းပေါ်တော်မူ-ကျားဂူ မိကရင်ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းနှင့် မြေသားတာပေါင် (၃၅၀၀) ပေ ဖွင့်လှစ်




ဘားအံ  ၊မတ် ၁၅

မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ကြာအင်းပေါ်တော်မူကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၁၇၀ပေ x ၆၀ပေ) RCC တပ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ၊ ကြာအင်းပေါ်တော်မူ-ကျားဂူ-မိကရင်ကျေးရွာချင်းဆက်ကွန်ကရစ်လမ်း(၂၁၅၀)ပေနှင့် မြေသားတာပေါင်(၃၅၀၀)ပေ ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကြာအင်းပေါ်တော်မူကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇဘဒ္ဒန္တနန္ဒသာရအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား လျှောက်ထားတင်ပြပြီး ဆန်၊ ဆီ၊ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကြကာ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကြာအင်းပေါ်တော်မူ-ကျားဂူ-မိကရင်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်နှင့် မြေသာတာပေါင်(၃၅၀၀)ပေ ဆောင်ရွက်ပြီးစီးခြင်းဖွင့်ပွဲကို အဆိုပါကွန်ကရစ်လမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပရာ ကြာအင်းပေါ်တော်မူကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇဘဒ္ဒန္တနန္ဒသာရ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက အရှည်(၂၁၅၀)ပေ၊ အကျယ်(၁၈)ပေ၊ ထု(၇)လက်မရှိ ကွန်ကရစ်လမ်းသစ်နှင့် အကျယ်(၄၀)ပေ၊ အမြင့်(၆)ပေ၊ မြေသားတာပေါင်ဖို့ခြင်း (၃၅၀၀)ပေတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ အဆိုပါလမ်းပိုင်းများအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် လမ်းသစ်များ ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့လမ်း သစ်များကို ဆောင်ရွက်ပြီး စီးဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် ဒေသနေတိုင်းရင်းသားပြည်သူများအနေဖြင့် နွေမိုးဆောင်းရာသီမရွေးအဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မည်ဖြစ်ပြီး ‌ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ တည်ငြိမ်အေးချမ်းမှုကို မြတ်နိုးတန်ဖိုးထား၍ ရရှိလာသော အသီးအပွင့်များပင်ဖြစ်ကြောင်း၊ ယခုဆောင်ရွက်ပြီးစီးဖွင့်လှစ်လိုက်သည့် လမ်းများကိုလည်း ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် တန်ဖိုးထားဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ကွန်ကရစ်လမ်းခင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ ကြာအင်းပေါ်တော်မူအခြေခံမူလတန်း(လွန်)ကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲကို ကျင်းပရာ ကြာအင်းပေါ်တော်မူကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇဘဒ္ဒန္တနန္ဒသာရ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကြာအင်းပေါ်တော်မူ ကျောင်းတိုက်ဆရာတော်က အဖွင့်ဩဝါဒကထာမြွတ်ကြားကာ ပြည်နယ်ဝန်ကြီးချုပ်က တိုးပွားလာသောကျောင်းသားဦးရေနှင့်အညီ ကျောင်းဆောင်လိုအပ်ချက်အရ ခန်းမတွဲဖက်ပါဝင်သော ကျောင်းဆောင်သစ်ကို ဆရာတော်ကြီးဦးစီး၍ ဆောက်လုပ်လှူဒါန်းပေးခြင်းအတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ ကျောင်းကော်မတီများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘများအနေဖြင့် မိမိတို့၏ သားသမီးပညာသင်ကြားခွင့်ကို လမ်းကြောင်းအမှန်သို့ရောက်အောင် တိုက်တွန်းလမ်းညွှန်ပေးကြရန်နှင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း ပညာရည်ထူးချွန်ပြီး နိုင်ငံအတွက်အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသော တပည့်ကောင်းများ ပေါ်ထွက်အောင် သင်ကြားပြသပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မူလ DKBA အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားပြီး ကြာအင်းပေါ်တော်မူကျေးရွာအုပ်ချုပ်ရေးမှူးက ကျောင်းဆောင်သစ်ဆိုင်ရာစာရွက်စာတမ်းများကို ပြည်နယ်ပညာရေးမှူးရုံးညွှန်ကြားရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)