ရန်ကုန်၊ မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် CNG သုံး YBS ယာဉ်များအနေဖြင့် သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမရှိပါက CNG ပိတ်သိမ်းအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။
“CNG အသုံးပြုတဲ့ YBS ယာဉ်တွေအနေနဲ့ နိုင်ငံတော်ကနေပြီးတော့ ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးပြီးတော့ဝယ်ယူခွင့်ပြုတဲ့အတွက်ကြောင့် CNG အသုံးပြုတဲ့ YBS ယာဉ်တွေကို အခြားနေရာတွေမှာ အသုံးပြုလို့ရှိရင် CNG ပိတ်သိမ်းခြင်းကို ကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန် ကျင့်မန်ကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖွဲ့စည်းတာဝန်ပေးချက်အရ YRTC ရဲ့ကြီးကြပ်မှုအောက်တွင် YBS ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်း ၁၄၅ လိုင်း၊ ယာဉ်အစီးရေ ၅၄၃၈ စီးရှိပြီး CNG အသုံးပြုယာဉ် ၅၀၁၃ စီး၊ ဒီဇယ်အသုံးပြုယာဉ် ၄၂၃ စီးရှိကြောင်း သိရသည်။
ထို့အတူ YBS ဒီဇယ်အသုံးပြုယာဉ် ၄၂၃ စီးရှိပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ တစ်နေ့လျှင် ဒီဇယ် ၂၀ လီတာကို တန်းစီဝယ်ယူခြင်းမှ ၂၀ လီတာတိုးကာ နေ့စဉ် ၄၀ လီတာကို ညအချိန်တွင်ဆီဖြည့်ပြီး ခေါက်ရေပြည့်မီအောင်ပြေးဆွဲနိုင်ရေး စီစဉ်ပေးထားသည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် ယာဉ်ထွက်စီးရေ တိုးတက်လာကာ ပိုမိုချောင်လည်စွာ စီးနင်းနိုင်မည်ဖြစ်သည်။
၂၀၂၆ ခုနှစ် မတ်လဆန်းပိုင်းတွင် ယာဉ်လိုင်း ၁၃၂ လိုင်း၊ ယာဉ်အစီးရေ ၃၄၀၀ ခန့်၊ ခရီးသည် ၁ ဒသမ ၄၆ သန်းခန့်ရှိရာမှ လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီအခြေအနေကြောင့် ယာဉ်လိုင်း ၁၃၂ လိုင်း၊ ယာဉ်အစီး ရေ ၃၅၀၀ ခန့်၊ ခရီးသည် ၁ ဒသမ ၇ သန်းခန့်ရှိလာခဲ့ပြီး ယခင်ထက်ခရီးသည် ၂၅၀၀၀၀ ကျော် ပိုမိုစီးနင်းလာကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီမှ သိရသည်။
#MNP #News

No comments:
Post a Comment