တာချီလိတ်မြို့၊ မယ်ခေါင် (၂) ရပ်ကွက်၌ Online လိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ကိုင်နေသည့်တရားမဝင်ပြည်ပနိုင်ငံသားများအား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိ
နေပြည်တော်၊ မတ် ၃
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ထိခိုက်ပျက်စီးစေပြီး အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် online လိမ်လည်မှုများ၊ online လောင်းကစားမှုများတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ အဖွဲ့စုံပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့်အထူးအလေးထားတိုက်ဖျက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသောပူးပေါင်းအဖွဲ့များသည် တာချီလိတ်မြို့၊ မယ်ခေါင်(၂) ရပ်ကွက်၊ မယ်ခေါင်(၂)လမ်း၊ ဟိုတယ်လိုင်စင်ရယူထားခြင်းမရှိသော အပြည်ပြည်ဆိုင်ရာ ဟိုတယ်အမည်ရှိ အဆောက်အဦ၌ တရားမဝင် online လိမ်လည်မှုများ၊ online လောင်းကစားမှုများ လုပ်ကိုင်နေကြောင်းသတင်းအရ -
ယနေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ Online လိမ်လည်မှုနှင့် လောင်းကစားမှု များ လုပ်ကိုင်သည့်တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၂၈၉ ဦး၊ အမျိုးသမီး ၈ ဦး၊ ပေါင်း ၂၉၇ ဦး၊ မလေးရှားနိုင်ငံ သား အမျိုးသား ၃၁ဦး၊ အမျိုးသမီး ၇ ဦး၊ ပေါင်း ၃၈ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသား ၄၆ ဦး၊ အမျိုးသမီး ၁၁ ဦး၊ ပေါင်း ၅၇ ဦး၊ ဖိလစ်ပိုင် နိုင်ငံသား အမျိုးသမီး ၁ဦး၊ စုစုပေါင်း ၃၉၃ ဦး တို့ကို Online လိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၁၇၄ လုံး၊ CPU ၇၀ လုံး၊ StarLink ၉ လုံး၊ ဖုန်းမျိုးစုံ ၂၃၃ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖော်ထုတ် ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါဖမ်းဆီးရမိသည့် Online လိမ်လည်လောင်းကစားမှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် ချစ်ကြည် ရင်းနှီးမှုတို့ကို ရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် အွန်လိုင်း လိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများကိုလည်း ထပ်မံအသုံးပြု နိုင်ခြင်း မရှိစေရေး စနစ်တကျဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝ အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#News #MNP








No comments:
Post a Comment