ချင်းမိုင်၊ မတ် ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ထိုင်းနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် လန်ပန်းခရိုင် ယဉ်ကျေးမှုကောင်စီနှင့် လန်ပန်းခရိုင်ရှိ မြန်မာအသိုက်အဝန်းတို့က လန်ပန်းမြို့မြူနီစီပါယ်ရုံးနှင့် ခရိုင်ယဉ်ကျေးမှုဌာနတို့နှင့်ပူးပေါင်း၍ လန်ပန်းခရိုင်၊ မြောင်လန်ပန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၁ ရက်အထိ ကျင်းပပြုလုပ်သည့် “ဃနာနို့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ (၂၀၂၆ ခုနှစ်)နှင့် ယဉ်ကျေးမှုပြပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဆိုပါ “ဃနာနို့ဆွမ်း” ဆက်ကပ်လှူဒါန်းပွဲကို ထိုင်းဘုရင် ချုလာလောင်ကွန် (ရာမ ၅) ထီးနန်းစိုးစံစဉ် ထိုင်းနိုင်ငံ၊လန်ပန်းခရိုင်အတွင်း အခြေချနေထိုင်ခဲ့သောမြန်မာလူမျိုးများကတည်ထား ကိုးကွယ်ခဲ့သော မြန်မာမှုအနုသုခုမလက်ရာများဖြင့် တည်ဆောက်ထားသည့် စေတီပုထိုး၊ ဘုရား ကျောင်းကန်များကို ပြန်လည်ထိန်းသိမ်းရန်နှင့် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများကို ပြန်လည်ဖော်ထုတ်ရန်နှင့် မြှင့်တင်ရန် အဓိကရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ ယခုကျင်းပသည့် ပွဲတော်မှာ ဒုတိယအကြိမ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်ပွဲတော်အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ လန်ပန်းခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့တော်ဝန်၊ လန်ပန်းခရိုင်ယဉ်ကျေးမှု ကောင်စီဥက္ကဋ္ဌနှင့် လန်ပန်းခရိုင် အစိုးရရုံးများမှ တာဝန်ရှိသူများ၊ လန်ပန်းရာဂျဘတ်တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် မြန်မာကျောင်းသား/ကျောင်းသူများနှင့် လန်ပန်းမြို့တွင် လွန်ခဲ့သော ရာစုနှစ် များစွာကပင် အခြေချနေထိုင်ခဲ့ကြသည့် မြန်မာနိုင်ငံသားများ၏ အဆက်အနွယ် မြန်မာနွယ်ဖွား ထိုင်း နိုင်ငံသားများလည်း ပါဝင်တက်ရောက်ခဲ့သည်။
ကောင်စစ်ဝန်ချုပ်သည် ၂၈-၂-၂၀၂၆ ရက် ညနေပိုင်းတွင် ဃနာနို့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ဖွင့်ပွဲအခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ကောင်စစ်ဝန်ချုပ်က လန်ပန်းခရိုင်ရှိ မြန်မာနွယ်ဖွားများနှင့် လန်ပန်းရာဂျဘတ်တက္ကသိုလ်မှ တာဝန် ရှိသူတစ်ဦးနှင့် ပညာသင်ကြားနေသည့် မြန်မာနိုင်ငံသား ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံခဲ့ ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့အနေဖြင့် ထိုင်းနိုင်ငံ၊ မြောက်ပိုင်းခရိုင်များတွင် ရောက်ရှိ နေသည့် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေသည့်ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့ပြီး လိုအပ်ပါက မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ အချိန်မရွေး ဆက်သွယ်ဆောင်ရွက်နိုင် ပါကြောင်း ပြောကြားခဲ့သည်။
ကောင်စစ်ဝန်ချုပ်သည် ၁-၃-၂၀၂၆ ရက်၊ နံနက် ၀၅၃၀ နာရီ၌ လွန်ခဲ့သောနှစ်ပေါင်း တစ်ရာ ကျော်က လန်ပန်းမြို့၌ တည်ထားကိုးကွယ်သော မန္တလေးမြို့ ၊ မဟာမြတ်မုနိပုံတူ ရုပ်ပွားတော်မြတ် ကြီးကို မျက်နှာသစ်တော်ရေ ဆပ်ကပ်လှူဒါန်းခြင်းနှင့် ရောင်တော်ဖွင့်အခမ်းအနားသို့ တက်ရောက် ခဲ့ပြီး ရုပ်ပွားတော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ဃနာနို့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းပူဇော်ခြင်းနှင့် လန်ပန်းခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့တော်ဝန်တို့နှင့်အတူ သံဃာတော် များထံ ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းနှင့် မဟာပဒေသာပင်ဆက်ကပ်လှူဒါန်းခြင်းတို့အား ဆောင်ရွက် ခဲ့ပြီး သံဃာတော်များ ရွတ်ဖတ်သရဇ္ဇာယ်သော ပရိတ်တရားတော်များနာယူခြင်း၊ အနုမောဒနာ တရားနာယူခြင်းနှင့် ရေစက်သွန်းချအမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#News



No comments:
Post a Comment