ဒက္ခိဏသီရိ ၊ ဧပြီ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ ယမန်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ်များအတွက်ထောက်ပံ့ငွေပေးအပ်ခြင်းကိုယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့နယ်အတွင်း၌ ဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးမြင့်စိုး၊ ဦးခင်မောင်လတ်၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီရန်ဖရန့်၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့် ဒက္ခိဏသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်များမှ အိမ်ထောင်စုဝင်များတက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက သဘာဝဘေးအန္တရာယ်ကြောင့် ယခုကဲ့သို့ အိုးအိမ်များထိခိုက်ပျက်စီးခဲ့ရသည့်အပေါ် မိသားစုဝင်များနှင့်ထပ်တူ စိတ်မကောင်းဖြစ်ရပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏အခက်အခဲများကို အမြန်ဆုံးကုစားပေးနိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လာရောက်အားပေးရခြင်းဖြစ်ပါကြောင်း၊ ပျက်စီးသွားသည့်လူနေအိမ်များအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးအတွက် သက်ဆိုင်ရာများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်း ရာသီဥတုအကူးအပြောင်းကာလတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာသတိပေးချက်များကို ဂရုပြုလိုက်နာကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်များမှ အိမ်ထောင်စုဝင်များအား အားပေးစကားပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးမြင့်စိုးတို့က ဘေးသင့်အိမ်ထောင်စုများအတွက် တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေကျပ် ၅၀,၀၀ဝိ/- နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေများအား လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။ ထို့အတူ လယ်ဝေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် မိုးကြိုးစက်ကွင်းထိမှန် သေဆုံးခဲ့သည့် အိမ်ထောင်စုဝင်တစ်ဦးအတွက် ထောက်ပံ့ငွေများကိုလည်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်အတွင်း ဧပြီ ၇ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂၈)လုံး အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)
https://t.me/MyanmarNationalPost
No comments:
Post a Comment