ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ရှိ မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေတွင် သဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာ သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ရှိ မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေတွင် သဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာ သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိ

 


နေပြည်တော်၊ ဧပြီ ၁၀

စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏စွမ်းအင်လုံခြုံရေး၊ နိုင်ငံတော်၏စီးပွားရေးကဏ္ဍတွင် စွမ်းအင်အသုံးပြုခြင်းအား အကျိုးရှိထိရောက်စွာ စီမံခန့်ခွဲနိုင်ရေး၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေး ရေတို/ ရေရှည် အစီအမံများချမှတ်ပြီး ဆောင်ရွက်လျက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသို့ သွားရောက်ကြည့်ရှု အားပေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် ၁၆၊ ၁၈၊ ၂၀ တို့သို့ သွားရောက်ကြည့်ရှုအားပေးရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက ရေနံတွင်းများမှ အလွှာလိုက်ဖြစ်နေသော သဘာဝဓာတ်ငွေ့ခိုအောင်းနေသည့် သဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူခဲ့ရာ လေဆီနှင့် သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိလာမှုအခြေအနေများ၊ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။

တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပြည်တွင်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ခေတ်မီနည်းပညာများအသုံးပြုပြီး လုပ်ဆောင်ကြရန်လိုပါကြောင်း၊ ကုန်းတွင်းရေနံမြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် ၁၈ မှ သဲကြောများကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၆ သန်းနှင့် လေဆီ ၈ စည်ကိုလည်းကောင်း၊ တွင်းအမှတ် ၂၀ ကို မတ် ၁၅ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၅ သန်းနှင့် လေဆီ ၇ စည်ကိုလည်းကောင်း၊ တွင်းအမှတ် ၁၆ ကို ဧပြီ ၃ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ ၁ ဒသမ ၆ သန်းနှင့် လေဆီ ၈ စည်ကိုလည်းကောင်း တိုးတက်ထုတ်လုပ်နိုင်ခဲ့သည့်အတွက် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် သက်ဆိုင်ရာဝန်ထမ်းများကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံအတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူရရှိနေသည့် ကုန်းတွင်း ရေနံမြေများအနက် မအူပင်(တောင်)ဒေသမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များသည် C3 (ပရိုပိန်း) ၊C4 (ဗျူတိန်း) ပါဝင်မှုများပြားရာ မီးဖိုချောင်သုံးရေနံ ဓာတ်ငွေ့ရည်(LPG) နှင့် Naphtha ဓာတ်ဆီတို့ကို ပထမအဆင့်အနေဖြင့် ထုတ်ယူနိုင်ပါကြောင်း၊ မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ရည် (LPG) နှင့် Naphtha ဓာတ်ဆီထုတ်ယူထားပြီးသော ဓာတ်ငွေ့များကို ဒုတိယအဆင့်အနေဖြင့် ဓာတ်မြေဩဇာစက်ရုံများ၊ စက်ရုံအလုပ်ရုံများနှင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များသို့ ဆက်လက်ဖြန့်ဖြူးပေးနိုင်သည့်အတွက် လွန်စွာတန်ဖိုးရှိသော သဘာဝဓာတ်ငွေ့ဖြစ်ကြောင်းပြောကြားပြီး ဂုဏ်ပြုဆုငွေနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။

လက်ရှိ တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များသည် မြန်မာပြည်အောက်ပိုင်းဒေသရှိ သဘာဝဓာတ်ငွေ့သုံးစွဲမှုကဏ္ဍတွင် များစွာအထောက်အကူပြုမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့သုံးမော်တော်ယာဉ်များအတွက် သဘာဝဓာတ်ငွေ့များကို ပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ လတ်တလောဖြစ်ပေါ်နေသည့် စက်သုံးဆီအကျပ်အတည်းကို အထိုက်အလျောက်လျော့နည်းသက်သာစေမည်ဖြစ်ပြီး ကုန်းတွင်းရေနံမြေအသစ် ထပ်မံရှာဖွေမှုအနေဖြင့် ဆိုက်စမစ် တိုင်းတာမှုများဆောင်ရွက်လျက်ရှိပြီး အစမ်းတွင်းများ တူးဖော်နိုင်ရေးကိုလည်း စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)