နေပြည်တော်၊ ဧပြီ ၁၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား အသေးစားဖွံ့ဖြိုးမှုစီမံကိန်းများ (Small Development Projects-SDP) အကောင်အထည်ဖော်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက အဆိုပြုခဲ့သည့် " Construction of Preschool at Lewe Township, Nay Pyi Taw (ပြည်ထောင်စု နယ်မြေနေပြည်တော်၊ လယ်ဝေးမြို့တွင် မူလတန်းကြိုကျောင်းဆောက်လုပ်ခြင်း)" နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်လွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Kirti Vardhan Singh၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံးအကြီး အကဲ H.E. Mr. Abhay Thakur၊ ဒုတိယအကြီးအကဲ Mr. Ashish Sharma ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Kirti Vardhan Singh တို့က စီမံကိန်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့တွင် မူလတန်းကြိုကျောင်း ဆောက်လုပ်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး ဒုတိယအကြီးအကဲ Mr. Ashish Sharma တို့က လက်မှတ်ရေးထိုးကြသည်။
နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဖြင့် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုံခြုံမှုရှိသော၊ ပါဝင်သင်ကြားခွင့်ရှိသော၊ အရည်အသွေးမြင့်သော သင်ယူမှုပတ်ဝန်းကျင် များအား ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ကလေးများ၏ ကိုယ်ကာယပိုင်း၊ ဉာဏ်ရည်၊ ဉာဏ်သွေး၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများကို လေ့ကျင့်ပျိုးထောင်ပေးနိုင်သည့် မူလတန်းကြို ကျောင်းတစ်ကျောင်းအဖြစ် ပေါ်ထွက်လာပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး အကျိုးကျေးဇူးများရရှိမည်ဖြစ်ပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment