နေပြည်တော်၊ ဧပြီ ၃
ဦးမင်းအောင်လှိုင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့်အပေါ် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ က ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာ ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် "လေးစားအပ်ပါသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ မင်းအောင်လှိုင် - မြန်မာနိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရကြောင်းကို ဝမ်းမြောက် စွာကြားသိရပါသည်။ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီ၊ “ဝ” ပြည်နယ် ပြည်သူ့အစိုးရ၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဗဟိုဌာနချုပ်နှင့် “ဝ”ပြည်နယ်ရှိပြည်သူများအားလုံးမှ လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း ဤသဝဏ်လွှာအားပေးပို့အပ်ပါသည်။
သမ္မတကြီးသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ပြီး၊ နိုင်ငံတော်၏တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏လုံခြုံမှု၊ အေးချမ်းသာယာမှု၊ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူမှုစီးပွား တည်ငြိမ်တိုးတက်ရေးအတွက် များစွာသော ကြိုးပမ်း အားထုတ်မှုများ ပြုလုပ်ခဲ့ပြီး ထူးခြားသော အောင်မြင်မှုများရရှိခဲ့ပါသည်။ ဤကဲ့သို့သော ဆောင်ရွက်မှုများနှင့် ဂုဏ်ဒြပ်များသည် မှတ်သားချီးကျူးထိုက်ပေသည်။
“ဝ”ပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ခွဲထွက်မရသည့် အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ သီးခြားလွတ်လပ်ရေးကို ကြေညာခြင်း မရှိစေရန် အခိုင်အမာရပ်တည်ထားပါသည်။ “ဝ”ပြည်နယ်သည် ငြိမ်းချမ်းသော ဖွံ့ဖြိုး တိုးတက်မှု လမ်းစဉ်ကို လျှောက်လှမ်းရန် စွဲမြဲစွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသား တန်းတူညီမျှရေး၊ စည်းလုံးညီညွတ်ရေးနှင့် ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ကာ နယ်စပ်ဒေသ၏ တည်ငြိမ်အေးချမ်းမှုကိုလည်း ပြည်ထောင်စုနိုင်ငံတော်၏ မူဘောင်အောက်တွင် ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ပါသည်။
ပြည်ထောင်စုအစိုးရနှင့် ဆက်လက်ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး ငြိမ်းချမ်းသော ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် မိမိတို့၏ နိုင်ငံရေးဆန္ဒများကို အကောင်အထည် ဖော်သွားကာ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ တွန်းအားပေး ဆောင်ရွက်သွားပါမည်၊ သမ္မတကြီး၏ ဦးဆောင်မှုအောက်တွင် နိုင်ငံတော် သည် ငြိမ်းချမ်းတည်ငြိမ်မှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းရင်းသား ပြည်သူအားလုံး သာယာဝပြောမှုတို့ကို အမြန်ဆုံး ရရှိလိမ့်မည်ဟု ကျွန်ုပ်တို့ အခိုင်အမာယုံကြည်ပါသည်။
သမ္မတကြီးနှင့်အတူ မိသားစုဝင်များအားလုံး ကျန်းမာပါစေကြောင်းနှင့် နိုင်ငံတော် ငြိမ်းချမ်း သာယာဝပြောပါစေကြောင်း ဆုတောင်း မေတ္တာပို့အပ်ပါသည်။
#MNP #News




No comments:
Post a Comment