နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်း


ဦးကံမြင့်သန်း (၁၉၆၁ ဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး မအူပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်သည်။ ၎င်းသည် တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် တာဝန်ကို ၆ နှစ်ကျော်ကြာ ထမ်းဆောင်ခဲ့သည့် အငြိမ်းစား အရာရှိကြီးတစ်ဦးလည်း ဖြစ်သည်။

၎င်းသည် အရာရှိချုပ် တာဝန်မယူမီက ပြင်ဦးလွင်မြို့အခြေစိုက် သိပ္ပံနှင့် နည်းပညာ သုတေသနတပ် (သသနတပ်) ၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ ထို့နောက် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် စတင်ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မဲဆန္ဒနယ်မှ ရွေးကောက်ခံကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူ ဖြစ်သည်။

၁၉၆၁ ခုနှစ် တွင် မအူပင်မြို့နယ်၊ စမ်းချောင်းကျေးရွာ၌ အဖ ဦးသန်းညွန့်(လက်ထောက်ကျန်းမာရေးမှူး)၊ အမိ ဒေါ်စန်းစန်း တို့က ၎င်းအား မွေးဖွားခဲ့သည်။

အမက(၁) မအူပင် နှင့် အထက(၁) မအူပင် တို့တွင် ပညာသင်ကြားခဲ့ပြီး အမှတ်(၃) ဒေသကောလိပ် နှင့် ရန်ကုန်တက္ကသိုလ် တို့တွင် ဆက်လက် ပညာဆည်းပူးခဲ့သည်။ ၁၉၈၂ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ် မှ နေ၍ ရူပဗေဒအထူးပြုဖြင့် သိပ္ပံဘွဲ့ ရရှိခဲ့သည်။

သူသည် ရန်ကုန်တက္ကသိုလ် ၌ တက်ရောက်စဉ် ၁၉၈၀-၁၉၈၁ခုနှစ် တွင် ဖွင့်လှစ်ခဲ့သည့် တက္ကသိုလ်အရန်တပ်ရင်း (ရန်ကုန်)တွင် စစ်ပညာသင်ယူခဲ့သည်။ ထိုစဉ်က ၎င်းနှင့်အတူ အမှတ်(၃) စစ်ဆင်‌ရေးအထူး အဖွဲ့မှူးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် (ငြိမ်း)၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) တင်မောင်ဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ကာကွယ်ရေးဝန်ကြီးဌာနရုံးအဖွဲ့မှူး ဗိုလ်မှူးချုပ် စိန်ထွန်းလှ တို့သည်လည်း အတူတက်ရောက်ခဲ့ကြသည်။

ဦးကံမြင့်သန်းသည် တပ်မတော်(ကြည်း)၊ ဗိုလ်သင်တန်းကျောင်း အမှတ်စဉ်(၆၆) သို့ တက်ရောက်ခဲ့ပြီး ထိုမှ ၁၉၈၄ ခုနှစ် တွင် တက်ရောက်မှုပြီးဆုံးအောင်မြင်ခဲ့သည်။

၁၉၈၄ ခုနှစ် မှစ၍ ကြည်း ၁၈၂၇၆ အမှတ်ဖြင့် စစ်မှုစထမ်းသည်။ သူသည် ၂၀၀၈ ခုနှစ် အထိ နိုင်ငံအနှံ့ စစ်မှုထမ်းခြင်းဆောင်ရွက်ကာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သို့ တက်ရောက်ခဲ့သည်။

၂၀၀၉ ခုနှစ် တွင် ထိုတက္ကသိုလ် မှ မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ) ရရှိခဲ့သည်။ သူသည် ထိုနောက်ပိုင်းတွင် စစ်ရုံးချုပ်၌ နည်းပညာနှင့်သုတေသနလုပ်ငန်းများတွင်သာ ဘဝကို မြှပ်နှံခဲ့သည်။

ထို့နောက် ပြင်ဦးလွင်မြို့ အခြေစိုက် သိပ္ပံနှင့် သုတေသနတပ် ( သသန )၏ အကြီးအကဲ အဖြစ် ခန့်အပ်ခံရသည်။

၂၀၁၉ ခုနှစ် မေလ တွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး အငြိမ်းစားယူပြီးနောက် သူသည် ထိုတာဝန်ကို သသနတပ်မှ ရွှေ့ပြောင်း ဆက်ခံခဲ့သည်။ ထို့အပြင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးလည်း တိုးမြှင့်ခံရသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာ တွင် ရွေးကောက်ပွဲ ဝင်ပြိုင်ရန်အတွက် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။

အထွေထွေရွေးကောက်ပွဲ ၂၀၂၅-၂၀၂၆ တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါမဲဆန္ဒနယ်တွင် ပြည်သူ့ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ နှင့် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့လည်း ဝင်ပြိုင်ခဲ့ကြသည်။ ဦးကံမြင့်သန်းသည် မအူပင်မြို့နယ်အတွင်း မဲပေးကြသူများ၏ ခိုင်လုံမဲ စုစုပေါင်း ၁၄၅၀၉၄ မဲ ရှိရာတွင် ၈၂၉၆၆မဲ ဖြင့် (မဲပေးကြသူများ၏ ရာခိုင်နှုန်း ၅၇.၁၈ ရာခိုင်နှုန်းဖြင့်)အနိုင်ရရှိခဲ့သည်။

ဤသို့ဖြင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။

ဦးကံမြင့်သန်းသည် စစ်မှုထမ်းကာလတစ်လျှောက် တပ်မတော်ဆိုင်ရာစွမ်းရည်တံဆိပ်၊သင်္ဂဟတံဆိပ်၊ဇေယျကျော်ထင်ဘွဲ့၊စည်သူဘွဲ့နှင့်သရေစည်သူဘွဲ့များ ချီးမြှင့်ခံခဲ့ရသည်။

၂၀၂၆ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နှင့် ဒုသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ ကတိသစ္စာပြုပြီးနောက် ဦးကံမြင့်သန်း အား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်လိုက်သည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)