ဦးစိုးသိန်းသည် တပ်မတော်မှ အငြိမ်းစားအရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ခြင်း ခံရသူဖြစ်သည်။
ယင်းမတိုင်မီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် အငြိမ်းစားယူခဲ့သူလည်း ဖြစ်သည်။
သူသည် စစ်တက္ကသိုလ် အပါတ်စဉ် ၂၄ ဆင်း ဖြစ်သည်။ ပြန်တမ်းဝင် အမှတ် ကြည်း ၁၇၄၄၆ ဖြင့် စစ်မှုထမ်းသည်။ ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းသည် တပ်မတော်တွင် တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ ရေ၊ လေ)အဖြစ် ၂၀၁၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် အုပ်ချုပ်ရေးကဏ္ဍ၌ တာဝန်ပေးအပ်ခံခဲ့ရသည်။
၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် တပ်မတော်မှ အငြိမ်းစားယူသည်။၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ထို့နောက် ၂၀၂၆ ခုနှစ်၊ ဧပြီ၇ ရက်တွင် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးစိုးသိန်းကို အဆိုပြုခဲ့သည်။ ဧပြီ ၉ ရက်တွင် ၎င်းအပါအဝင် အဖွဲ့ဝင်ကိုးဦးအား ခန့်အပ်ရန် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် က အစည်းအဝေးတွင် သဘောတူအတည်ပြုခဲ့သည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်း အား စည်သူဘွဲ့ အပ်နှင်းသည်။ ၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၄/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော သရေစည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။
၂၀၂၆ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ ကတိသစ္စာပြုရာတွင် ဦးစိုးသိန်း သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ကတိသစ္စာပြုခဲ့ပြီး ဖြစ်သည်။
#News

No comments:
Post a Comment