မြဝတီ၊ ဧပြီ ၁
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်တော်ကာကွယ်ရေးဦးစီးချုပ်တို့ မတ်လ (၁၉)ရက်က တွေ့ဆုံမှုအပြီး နှစ်ပတ်အကြာ ဧပြီလ (၂)ရက်နေ့မှာတော့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
ဧပြီလ (၂)ရက်နေ့ နံနက် (၈)နာရီမှာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းရဲ့ အဓိက အရေးပါဆုံး မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ဖွင့်ပွဲကို ဖားအံမြို့နယ်၊ တံတားဦးကျေးရွာအနီးမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့က ပြုလုပ်မှာ ဖြစ်ပြီး တပြိုင်နက် မြဝတီ- မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် (၂) ကိုလည်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးရှိ ကော့ကရိတ်မြို့ကို အကြမ်းဖက် KNU/PDF အဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့မှ စတင်ပိတ်ထားခဲ့ရပြီး အာရှလမ်းမကြီး ပိတ်သိမ်းထားတာ (၂)နှစ်ကျော်ကြာနေပြီဖြစ်သည်။
တပ်မတော်က အာရှလမ်းမကြီးကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အောင်ဇေယျစစ်ဆင်ရေး ပြုလုပ်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၅ခုနှစ် ဇူလိုင်လ (၂၄)ရက်မှာ အကြမ်းဖက် KNU/PDF အဖွဲ့တွေ ယာယီထိန်းချုပ်ထားတဲ့ အာရှလမ်းမကြီးကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အောင်ဇေယျစစ်ကြောင်းက အာရှလမ်းမကြီး ပြန်လည်သိမ်းပိုက်ရေးအတွက် ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ အကြမ်းဖက် KNU/PDF အဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာ ရရှိသူများပြားခဲ့သလို အာရှလမ်းမကြီးပေါ်မှာရှိတဲ့ လမ်းတံတားတွေကို မိုင်းခွဲဖျက်ဆီးပြီး ထွက်ပြေးတာကြောင့် တပ်မတော်အနေနဲ့ ပြန်လည် ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ရသည်။
မတ်လ (၂၅)ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်း-မြန်မာ နယ်ခြားကော်မတီ (TBC) အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး ထိုင်းဘက်မှ ရာချာမနူအထူးတပ်ဖွဲ့(Ratchamanu Tak Force) တပ်မမှူး ဗိုလ်မှူးကြီး ချန်နာကန်ဆောင်ဆွန် ဦးဆောင်သောအဖွဲ့နှင့် မြန်မာဘက်မှ နယ်စပ်ကော်မတီဥက္ကဋ္ဌ၊ ခလရ-၂၇၅ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးဇော်ဟန်ဦး ဦးဆောင်အဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး အစည်းအဝေးတွင် မဲဆောက်-မြဝတီ အပါအဝင် နယ်စပ်တည်ငြိမ်ရေးနှင့် ပြဿနာများဖြေရှင်းရာမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့လို့ ထိုင်းဘက်ကလည်း ၎င်းတို့နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုများကို ထိန်းချုပ်နိုင်ရေး ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ မတ်လ (၃၁)ရက်ကလည်း ထိုင်းဘုရင့်ရေတပ် 3rd Naval Area Command မှ Captain Natthawat Wichakul ဦးဆောင်၍ ချစ်ကြည်ရေးခရီးအဖြစ် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Kraburi (FFG-457)ဟာ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ရန်ကုန်မြို့တွင် ဧပြီလ ၄ ရက်အထိ ငါးရက်ကြာ နေထိုင်၍ အထင်ကရ နေရာများသို့ သွားရောက် လေ့လာလည်ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ် ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။
#MNP #News

No comments:
Post a Comment