ငါတို့ပြည် ငါတို့မြေ ဟုတ်မှ ဟုတ်သေးရဲ့လားလေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငါတို့ပြည် ငါတို့မြေ ဟုတ်မှ ဟုတ်သေးရဲ့လားလေ


ရန်ကုန်မြို့က မိတ်ဆွေတွေရဲ့ အလှူပွဲကို ဖိတ်လို့ စက်သုံးဆီ အခက်အခဲ ဖြစ်နေတဲ့ကြားကပဲ ရောက်အောင် သွားခဲ့ပါတယ်။ ရန်ကုန်မြို့ကို ရောက်သခိုက် ရွာဘက်ကနေ ရန်ကုန်မှာ ပြောင်းရွှေ့ အလုပ် လုပ်နေကြတဲ့ ဆွေမျိုး၊ မိတ်ဆွေများထံကိုလည်း မတွေ့တာကြာလို့ သွားတွေ့ခဲ့ပါသေးတယ်။ လှိုင်သာယာဘက်မှာ ရရာအလုပ် လုပ်ပြီး ငှားရမ်းနေထိုင်ကြရတဲ့ သူတွေရဲ့ အခက်အခဲ အကြပ်အတည်းက မလွယ်လှပါဘူး။ ၈ပေပတ်လည်၊ ၁၀ ပေပတ်လည် အခန်းကျဉ်းလေးတွေမှာ မိသားစုများစွာ အိပ်လည်း ဒီနေရာ၊ စားလည်း ဒီနေရာ၊ အိမ်သာက အများသုံး ဘဝဝမ်းရေးအတွက် မြို့တက်ပြီး ကြပ်ကြပ်တည်းတည်း ရုန်းကုန်နေကြရတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေမျိုးတွေကို ကိုယ်တိုင်လည်း ဖြတ်သန်းခဲ့ဖူးပါတယ်။ ကျွန်တော် ရန်ကုန်ရောက်ခါစ လှိုင်သာယာတပ်ထိပ်မှာ ငှားနေတော့ အခန်းတွဲမှာ မိသားစုငှားရမ်းနေထိုင်ကြတယ်။ ယနေ့တွေ့မြင်ရတဲ့ အခြေအနေလောက်တော့ ကြပ်ကြပ်တည်းတည်း မဟုတ်သေးပါဘူး။ ယခု လက်ရှိ မြင်တွေ့ရတဲ့ အခြေအနေကတော့ မွန်းကြပ်လွန်းလှပါတယ်။ တို့ပြည်၊ တို့မြေမှာ တို့ပြည်သူတွေ မြေပိုင်၊ ယာပိုင်မရှိ။ ကျဉ်းမြောင်းကြပ်တည်းလွန်းလှတဲ့ အခန်းကျဉ်းလေးတွေမှာ မိသားစုတစ်ပုံတစ်ပင် ငှားရမ်းနေထိုင်ပြီး ရှင်သန်ရုန်းကန်နေကြရတာပါလားပေါ့။

အဲဒီကနေ ခရီးဆက်၊ မတွေ့တာကြာပြီဖြစ်တဲ့ ကျေးဇူးရှင်ဆရာမထံကိုလည်း သွားရောက်ကန်တော့လိုက်ပါသေးတယ်။ ကိုယ်တွေလည်း အသက်တွေ ကြီးလာပြီဖြစ်သလို ကျေးဇူးရှင်ဆရာမလည်း အိုလာပြီဖြစ်ပါတယ်။ ကျေးဇူးရှင်ဆရာမ ကတော့ ဆုံးမနေကျစကားဖြစ်တဲ့ ဇွတ်တရွတ်တွေ မလုပ်နဲ့။ အုတ်နံရံကို ခေါင်းနဲ့စောင့်တာမျိုးလည်း မလုပ်နဲ့။ ဆရာမတော့ တပည့်များအပေါ် ဘေးမသီ ရန်မခ မိသားစုဘဝလေးကို အေးချမ်းစွာ တည်ဆောက်ဖို့ပဲ ဆုံးမပါတယ်။

အဲဒီနောက်တော့ ရန်ကုန်မြို့က မိတ်ဆွေတွေနဲ့ တွေ့တယ်။ အုပ်ချုပ်ရေးမှူး လုပ်နေတဲ့ မိတ်ဆွေတစ်ဦးထံက သိရတာက နိုင်ငံသားမဟုတ်တဲ့သူတွေက မြေယာတွေ ပိုင်ဆိုင်နေကြပြီတဲ့။ ဧည့်နိုင်ငံသားကတ်ကိုင်ထားသူက မြေယာပိုင်ဆိုင်တယ်။ နိုင်ငံသားကတ်ကိုင်ထားတဲ့သူတွေက အဲဒီလူဆီက ငှားနေရတယ်။ မြန်မာပြည်ရဲ့ မြေယာမူဝါဒတွေက ဘာတွေလဲ၊ ဘယ်လိုလဲ။ သူက စိုးရိမ်စိတ်နဲ့ ပြောပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့က စနစ်တကျ စီမံဆောင်ရွက်နေတာမျိုးတော့ တိကျတဲ့ မူဝါဒတွေ ချမှတ်လုပ်ဆောင်နေတာမျိုး ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော် ကိုယ်ကျိုးစီးပွားကို ရှေးရှုတဲ့ နိုင်ငံဝန်ထမ်းဆိုးတချို့ရဲ့ ခေါင်းထဲမှာ အမျိုးသားရေးဆိုတာကို နားခါးတယ်။ တရုတ်၊ ကုလားဆီက ငွေကြေးလာဘ်လာဘ ရယူပြီး တိုင်းရင်းသား ပိုင်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို တိုင်းတပါးသားလက်ထဲ ထိုးအပ်နေကြတာပဲ ဖြစ်ပါတယ်။ ကျွန်တော့်မိတ်တွေ စိုးရိမ်စိတ်နဲ့ ပြောသလို ကျွန်တော်လည်း စိုးရိမ်မိပါတယ်။ သို့သော် ဝိသမလောဘသား ဝန်ထမ်းဆိုးတွေကို ကျွန်တော်တို့ အားနဲ့ မနိုင်ဘူး။ ဝိသမလောဘသား ဝန်ထမ်းဆိုးတွေမှာ လူမျိုးခြားများထံက လာဘ်လာဘတွေ ရပြီး ကြီးပွားချမ်းသာနေကြပြီ။ သူတို့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး နိုင်ငံတော်အကြီးအကဲများကိုလည်း လိမ်လည်လှည့်ပတ်နိုင်စွမ်း ရှိနေကြပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့က စိုးရိမ်ရတဲ့ အခြေအနေကို ကြားသိမြင်တွေ့နေရသည့်တိုင်အောင် တားဆီးနိုင်စွမ်း၊ ဟန့်တားနိုင်စွမ်း မရှိပါဘူး။ တစ်နည်းအားဖြင့် ပြောရင် တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားနေသူများရဲ့ လုပ်ရပ်ကို သိလျက်နဲ့လည်း ရေငုံနှုတ်ပိတ် နေရမှာပဲ ဖြစ်ပါတယ်။

သာဓကအားဖြင့် ဒီမိုကရေစီအစိုးရ ပထမသက်တမ်း သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ တောင်ဥက္ကလာပမြို့နယ်က ဒေါ်သင်းသင်းရီ ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ မြေယာဆုံးရှုံးမှုနဲ့ ပတ်သက်လို့ ဦးနေမျိုးဝေနဲ့ စာရေးသူ ကူညီဖော်ထုတ် ရေးသားတင်ပြပေးခဲ့ကြဖူးတယ်။ ဒေါ်သင်းသင်းရီရဲ့ ဖခင်သည်လည်း တပ်မတော်သား အငြိမ်းစားဖြစ်တဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံကိုလည်း အကြိမ်ကြိမ် တင်ပြခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စိစစ်ခိုင်းပါတယ်။ အောက်ခြေမှာ စိစစ်တဲ့ အရာရှိတွေက ဒေါ်သင်းသင်းရီရဲ့ ဖခင် တပ်မတော်သား အငြိမ်းစား ဖြစ်ခြင်း၊ မဖြစ်ခြင်းကို စိတ်မဝင်စားပါဘူး။ ဒေါ်သင်းသင်းရီ ရဲ့ မြေကွက်ကို စည်ပင်နဲ့ ပူးပေါင်းပြီး ရယူထားသူက ရာဇာမင်းဆီဆိုင် (ယခု PUMA) ပိုင်ရှင် ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်း အပြည့်အစုံကို ရေးရင် ရှည်သွားပါလိမ့်မယ်။ နစကအစိုးရတက်လာပြီး သတင်းစာ ရှင်းလင်းပွဲတွေ ကျင်းပနေစဉ်မှာလည်း အဲဒီအမှုကိစ္စ ထပ်မံမေးမြန်းပေးခဲ့ပါသေးတယ်။ မေးသည့်ခဏ အထက်လူကြီးများက စိစစ်ခိုင်းလို့ ဒေါ်သင်းသင်းရီကို လာခေါ်ပြီး စိစစ်ပေးသယောင် လုပ်ခဲ့ပါတယ်။ သို့သော်လည်း ဒေါ်သင်းသင်းရီ ၏ နစ်နာမှုကို ကုစားပေးဖို့ ဦးတည်ခြင်း မရှိပါဘူး။ ခြေသလုံးအိမ်တိုင်ဘဝ ရောက်နေတဲ့ ဒေါ်သင်းသင်းရီ ကို ဆရာတော် ဦးပါမောက္ခက ခေါ်ယူစောင့်ရှောက်ထားပြီး အမှုကိစ္စကို ကူညီဆောင်ရွက်ပေးနေရပါတယ်။ ဆရာတော် ဦးပါမောက္ခသာ မကူညီဘူးဆိုရင် ဒေါ်သင်းသင်းရီသည် လမ်းဘေးမှာ တောင်းစားရတဲ့ အခြေအနေမျိုးကို ရောက်လောက်ပြီလို့တောင် ပြောနိုင်ပါတယ်။

တပ်ချုပ် အပြောင်းအလဲ ဖြစ်သွားပြီဆိုတော့ တပ်မတော်သား မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဒေါ်သင်းသင်းရီ အနေနဲ့ တပ်ချုပ်အသစ်ထံ တင်ပြကြည့်အုံးပေါ့။ ယခင်လိုပဲ အောက်ခြေက လိမ်လည်ကောက်ကျစ်၊ ဟန်ရေးပြ စစ်ဆေးပေးအုံးမလား သိရမှာပါ။

ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဥပဒေစိုးမိုးရေးကိုလည်း အလေးမထားဘူး။ နစ်နာသူ ကုစားရေးကိုလည်း ဦးတည်ခြင်း မရှိဘူး။ သူတို့တွေ ကူညီတာတော့ ရှိတယ်။ ဘယ်လို လူမျိုးတွေကို ကူညီသလဲဆိုတာတော့ ကျွန်တော် မပြောတော့ပါဘူး။ အချင်းဖြစ်မြေနေရာဟာ တောင်ဥက္ကလာပမြို့နယ်ထဲမှာ ရှိပါတယ်။ အဲဒီ မြေနေရာကို ရာဇာမင်းပိုင်ရှင်က သင်္ဃန်းကျွန်းထဲက ဂရန်နဲ့ ရယူထားပါတယ်။ ဒေါ်သင်းသင်းရီ ရဲ့ မိခင်နာမည်နဲ့ ဂရန်ကျထားတဲ့ မြေကွက်ကို ရန်ကုန်မြို့တော်စည်ပင်က ဖျောက်ဖျက်ထားတဲ့အတွက် နေပြည်တော် အိုးအိမ်ဦးစီးဌာနကို မေးမြန်းရာမှာလည်း ဒေါ်သင်းသင်းရီရဲ့ မိခင်နာမည်နဲ့ ကျထားတဲ့ ဂရန်မြေကွက် ပါရှိကြောင်း ပြန်ကြားထားပါတယ်။ သို့သော်လည်း ဒေါ်သင်းသင်းရီခမျာမှာတော့ ကိုယ့်မြေကွက်ကို အာဏာပိုင်သူနဲ့ အသပြာပိုင်သူ ပူးပေါင်းလုယက်ခြင်းကို ခံရပြီး ခြေသလုံးအိမ်တိုင် ဖြစ်ခဲ့ရတာပါပဲ။

နောက်ထပ် သာဓက တစ်ခု ရှိသေးတယ်။ တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာက ဒေါ်အေးအေးဝင်း တဲ့။ သူ့ရဲ့ မိဘဘိုးဘွားပိုင် လယ်တွေ ရွာလူကြီးကို အပ်ထားခဲ့တာ ရွာလူကြီးက ရောင်းစားပစ်လိုက်တယ်။ ဒေါ်အေးအေးဝင်း သည်လည်း ခင်ပွန်း စစ်သားတာဝန်ထမ်းဆောင်ရာ ပြောင်းရွှေ့နေရင်းက ပြန်လာတော့ မိဘဘိုးဘွားပိုင် လယ်ယာမြေဟာ အလွဲသုံးစားလုပ်သူတွေရဲ့ ရောင်းစားခြင်း ခံလိုက်ရတော့ တင်ပြတိုင်ကြားသော်လည်း ဘယ်သူတစ်ဦးတစ်ယောက်က မှ တာဝန်ယူဖြေရှင်းပေးခြင်းမျိုး မရှိပါဘူး။ ပဲခူးတိုင်းဒေသကြီးအစိုးရကိုလည်း တင်ပြပါတယ်။ တောင်ငူမှာ ခေါ်ယူစစ်ဆေးတာမျိုးလည်း ရှိပါတယ်။ သို့သော် ပြီးပြတ်အောင် ဖြေရှင်းဆောင်ရွက်ပေးခြင်းမျိုးတော့ မရှိပါဘူး။ ဒေါ်အေးအေးဝင်း အကူအညီတောင်းလို့ သူတွေ့ကြုံနေရတဲ့ အခြေအနေ ရုပ်သံကိုလည်း မြန်မာနေရှင်နယ်ပို့စ် မှာ ဖော်ပြခဲ့ဖူးပါတယ်။ 

နောက်တစ်ခုက ဒလမြို့က ဒေါ်လှလှ ဖြစ်ပါတယ်။ မိဘဘိုးဘွားပိုင် လယ်ယာမြေ နိုင်ငံတော်က သိမ်းလို့ ကျေကျေနပ်နပ် အသိမ်းခံခဲ့တယ်။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ သိမ်းဆည်းမြေယာများထဲမှ လစ်လပ်နေရာများ ပြန်လျှောက်နိုင်တယ်ဆိုလို့ ပြန်လျှောက်တယ်။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ မရလိုက်ဘူး။ အစိုးရ အပြောင်းအလဲ ဖြစ်သွားချိန် စာထပ်တင်တယ်။ NLD အစိုးရလက်ထက်မှာ ၂ ကြိမ်စစ်ဆေးပြီး နောက်ဆုံးတစ်ကြိမ်မှာတော့ ရန်ကုန်မြို့တော် စည်ပင်သာယာ တာဝန်ရှိသူတစ်ဦးက ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါဘူးလို့ ပြောခဲ့တယ်။ အဲဒီနေရာမှာ နိုင်ငံတော်စီမံကိန်းရှိလို့လားဆိုတော့ မဟုတ်ပါဘူး။ အခြားသူ တစ်ဦးက ဂရန်ထုတ်ယူသွားပါတယ်။ အဲဒီကိစ္စ ကျွန်တော့်ကို တိုင်ပင်တဲ့အတွက် နစကအစိုးရလက်ထက်မှာ စာထပ်တင်တယ်။ မြန်မာနေရှင်နယ်ပို့စ်ကနေ အိတ်ဖွင့်ပေးစာအဖြစ်နဲ့ ဖော်ပြပေးခဲ့တယ်။ အဲဒါကို အကြောင်းပြုပြီး တွံ့တေးခရိုင် က ခေါ်စစ်တော့ ဒေါ်လှလှ အစစ်ဆေးခံတယ်။ စစ်ဆေးတဲ့ သူက ဒေါ်လှလှရဲ့ ပြဿနာနဲ့ ပတ်သက်လို့ အမှန်တရားပေါ်ပေါက်ရေးကို ရှေးရှုစစ်ဆေးခြင်းပုံစံ မဟုတ်ဘဲ နိုင်ငံတော်စီမံခန့်ခွဲခွင့် ရှိတဲ့မြေ၊ စီမံချင်သလို စီမံမှာပေါ့ ဆိုလို့ ဒေါ်လှလှနဲ့ ကတောက်ကဆ ဖြစ်ခဲ့ရတာကို ပြန်လည်ကြားသိရတယ်။ ဒေါ်လှလှရဲ့ တောင်းဆိုမှုလည်း အစိုးရသုံးဆက် အဆင်မပြေခဲ့ပါဘူး။ အခု ဒီမိုကရေစီအစိုးရလက်ထက်ကို ပြန်လည်ရောက်ရှိလာပြန်ပါပြီ။ ဘယ်လို မျှော်လင့်လို့ရမလဲ စောင့်ကြည့်ရအုံးမှာပဲ ဖြစ်ပါတယ်။

အလားတူ ဒလမြို့နယ်ကပဲ ကိုရဲမင်းသူ တို့မိသားစု နေထိုင်လျက်ရှိတဲ့ မြေကို တရပ်တကျေးက လူမျိုးခြားများက ဂရန်ထုတ်ယူသွားသတဲ့။ ကိုရဲမင်းသူကလည်း ခေသူမဟုတ်ပါဘူး။ ဂရန်ထုတ်ပေးထားတွေ ရပ်ထားတယ်ဆိုတဲ့ ကာလမှာ လူမျိုးခြားကို ဂရန်ထုတ်ပေးလိုက်တဲ့ အတွက် မြန်မာနေရှင်နယ်ပို့စ်ကို အိတ်ဖွင့်ပေးစာ ပေးတယ်။ သက်ဆိုင်ရာ လူကြီးများထံကိုလည်း တင်ပြတယ်။ သူ့ပြဿနာလည်း တန်းလန်းပါပဲ။ ဘာကြောင့်လဲဆိုရင် တဖက်လူဟာ ဌာနဆိုင်ရာနဲ့ ဝင်ထွက်ထားတဲ့ သဘောရှိသောကြောင့်ပင်တည်း။

နိုင်ငံဝန်ထမ်းဆိုတာက နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အကျိုးကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံဝန်ထမ်းတွေကသာ ပြည်သူတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပြီးပြတ်အောင် ဖြေရှင်းပေးမယ်ဆိုရင် ပြဿနာတစ်ခုဟာ ဆယ်စုနှစ်တစ်စုကျော်ကြာတယ်ဆိုတာမျိုး မဖြစ်နိုင်ပါဘူး။ နိုင်ငံဝန်ထမ်းတွေဟာ ပြည်သူတွေရဲ့ ရပိုင်ခွင့်များကို ငွေရှင်ကြေးရှင်များနဲ့ ပူးပေါင်းပြီး မလျော်ကန်တဲ့ လုပ်ရပ်တွေ လုပ်နေကြလို့ နစ်နာနေကြရတာကို သိစေလိုခြင်း ဖြစ်ပါတယ်။  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "ပြည်သူသာအမိ၊ ပြည်သူသာအဖ" ပြည်သူတွေကို အလုပ်အကျွေးပြုကြ လို့ ပြောထားပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်ကို အလေးထားပြီး နိုင်ငံဝန်ထမ်းများက အများပြည်သူအကျိုးကို တော်တည့်မှန်ကန်စွာ ဆောင်ရွက်ကြမယ်ဆိုရင် အစိုးရနဲ့ ပြည်သူကြားမှာ ဖြစ်နေတဲ့ ပြဿနာတွေ မရှိသလောက် ကင်းရှင်းသွားပါလိမ့်မယ်။ အကြီးအကဲများက အများပြည်သူအကျိုး ရှေးရှုဆောင်ရွက်ဖို့ လမ်းညွှန်တယ်။ ဝိသမလောဘသားများက မလိမ့်တပတ်လုပ်ပြီး ကိုယ်ကျိုးရှာနေသ၍တော့ ဒီပြဿနာတွေဟာ နောင်အစိုးရ အဆက်ဆက်ထိတိုင်အောင် ပြေလည်မှု မရနိုင်ပါဘူး။

မြေယာကိစ္စတွေနဲ့ ပတ်သက်လို့ စိုးရိမ်ရတဲ့ အခြေအနေတွေကို ဆွေးနွေးပြောဆိုနေစဉ်မှာ အားလုံးကို စိစစ်ပြီး မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်ဆောင်သွားပါလိမ့်မယ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးကလည်း အခိုင်အမာ ပြောပါတယ်။ ဒါက နစကအစိုးရလက်ထက်မှာ စီမံဆောင်ရွက်နေတဲ့ အမျိုးသားမြေယာအသုံးချမှုမူဝါဒ မူကြမ်းအဆင့်တော့ရှိပြီလို့ ထင်ပါတယ်။ နစကအစိုးရလက်ထက်မှာ ၄ကြိမ်ထက်မနည်း အစည်းအဝေးတွေ ကျင်းပတာကိုလည်း မှတ်သားမိပါတယ်။ အဲဒါ ထွက်လာရင်တေား အားလုံးကို အပြတ်ရှင်းမှာလို့ သတင်းကောင်းကြားရပါတယ်။ အဲဒီပုဂ္ဂိုလ်ကိုယ်တိုင်က သူ့ရဲ့ ဘိုးဘွားမိဘပိုင် လယ်ယာမြေများ ပြန်လည်ရရှိရေး ကြိုးပမ်းနေရသူတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ မြေယာတွေပေါ်မှာ ဆိုရင် ခြံခတ်သူတွေကခတ်၊ အဆောက်အဦ ဆောက်သူတွေကဆောက် လုပ်နေကြပါတယ်။ သူကတော့ ဒါတွေက ဘာမှ တရားမဝင်ဘူး။ ရှင်းရမှာလို့ ပြောပါတယ်။

ဒီတိုင်းပြည်မှာ အဲဒီလို ကမောက်ကမ ဖြစ်နေတဲ့ ပြဿနာတွေလည်း ရှိပါတယ်။ နိုင်ငံသားမဟုတ်တဲ့ ဧည့်နိုင်ငံသားတွေက မြေယာတွေ ပိုင်ဆိုင်နေပြီဆိုတာ ဘယ်လို ပုံစံမျိုးလည်း၊ ဘယ်လို ဖြေရှင်းကြမလဲ။ တို့ပြည် တို့မြေလို့ ကြွေးကြော်ဖို့ရာမှာ ဆွံ့အသွားစေနိုင်တဲ့ သတင်းစကားတွေ မကြားရ၊ မမြင်ရလိုပါဗျာ။


နောင်တော်လေး (ဘိုကလေး)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)