မုဒုံ၊ ဧပြီ ၂
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကမ်းရိုးတန်းသွား အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတည်ဆောက်ရေးအတွက် စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် လယ်မြေများအတွက် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးပေးချေနိုင်ရေးအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ရွှေဟင်္သာခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်/ မြို့ နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်မှ မုဒုံမြို့နယ်တွင် ကမ်းရိုးတန်းသွား အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (၁)ခု အား တည်ဆောက်ရေးအတွက် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဝင်/အထွက်လမ်းအဖြစ် အသုံးပြုနိုင်ရေး ချဉ်းကပ်လမ်းအူကြောင်း ဖောက်လုပ်မည့် ဧရိယာအတွင်း ပါဝင်သွားသည့် တောင်သူ (၇၈) ဦး၊ လယ်မြေဧက (၁၃၃ ဒသမ ၇၅) ဧကအတွက် မြေယာလျော်ကြေး တစ်ဧကလျှင် သိန်း( ၇၀ )ကျပ်နှုန်း၊ သီးနှံနစ်နာကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တောင်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက မြေယာလျော်ကြေးပေးချေနိုင်ရေးကိစ္စများနှင့် ပတ်သက်၍ ထပ်မံရှင်းလင်းပြောကြားပြီး တောင်သူများထံ လက်ဝယ်အရောက် လျော်ကြေးငွေများ ထုတ်ပေးခဲ့သည်။
မုဒုံမြို့နယ်တွင် နိုင်ငံတကာအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းအား နိုင်ငံတော်အစီအစဉ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ၎င်းအပြင် နိုင်လှုံကျေးရွာအနီးတွင်လည်း မြေဧက ၃၆၈ ဧကပေါ်၌ စက်မှုဇုံတစ်ခုတည်ဆောက်သွားရန် စီမံကိန်းများ ဆောင်ရွက်ထားရှိ၍ အဆိုပါစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးပါက ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ဒေသခံများအနေဖြင့်လည်း စီပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ရာမည
#MNP #News




No comments:
Post a Comment