စဉ့်ကူး၊ ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို အမှတ်(၁)ရပ်ကွက်ရှိ ရွှေမုဌောဘုရားဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကျင်းပသည်။
ရှေးဦးစွာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီး ကျော်စွာ၀င်းခိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကြသည်။
ဆက်လက်၍ ညောင်ဝန်းသုံးထပ်ကျောင်းတိုက်ဆရာတော်မှ ဘုရားပင့်ဂါထာဖြင့်လည်းကောင်း၊ ရွှေလှေဂန္ဓာရုံပရဟိတကျောင်းတိုက်ဆရာတော်မှ ဘုရားရှိခိုးဂါထာတော်ဖြင့်လည်းကောင်း ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး တောင်ကိုင်းအောင်သပြေသာကျောင်းတိုက် ဆရာတော်မှ အဘိဓမ္မာတရားတော်နာကြားရန်အတွက် နတ်ဗြဟ္မာများအား ပင့်ဖိတ်ခဲ့ကာ စဉ့်ကူးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ရွာတော်လေးချမ့်မြေ့သာစည်ကျောင်းတိုက်ဆရာတော် ဦးဝရသာမိထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး သြဝါဒတရားတော်များနာယူခဲ့ကြသည်။ ထို့နောက် စံကျောင်းဆရာတော်မှ အဘိဓမ္မာဒေသနာတော် ရွတ်ဖတ်ပူဇော်နိုင်ရန် တိုက်တွန်းနှိုးဆော်လွှာဂါထာကိုရွတ်ဖတ်ပူဇော်၍ ဆရာတော် သံဃာတော်များ၊ လူပရိသတ်များက ပဌာန်းပစ္စယုဒ္ဒေသကို (၃)ကြိမ်တိုင်တိုင် သံပြိုင်ရွတ်ဆိုခဲ့ကြကာ အလှည့်ကျဆရာတော်မှစ၍ ပဋ္ဌာန်းဒေသနာတော်ကို စတင်ရွတ်ဖတ်ပူဇော်ခဲ့သည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်စွာ၀င်းခိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့သည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဧပြီလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်ဇာလွင်
#MNP #News




No comments:
Post a Comment