မြိတ်၊ ဧပြီ ၂၂
လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည့် ကိုရင်ငယ်တစ်ပါးအား ပြင်းထန်စွာ နှိပ်စက်ညှဉ်းပမ်း ရိုက်နှက်နေသည့် ရုပ်သံမှ ဆရာတော်အား တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းများ လုပ်ဆောင်သင့်ကြောင်း ဆရာတော် ဦးသုနန္ဒ (ကျိုက်လတ်) က မိန့်ကြားသည်။
ဆရာတော် ဦးသုနန္ဒ က "ဒီဖြစ်စဉ် ရုပ်သံကို တင်တဲ့ ကိုတော်လေးနဲ့လည်း အဆက်အသွယ်ရတယ်။ သူကလည်း ကြောက်ပြီးတော့ အကောင့်ဖျက်သွားတာမျိုး ရှိတယ်။ အဲဒီဖြစ်စဉ်ကို ဓာတ်ပုံ၊ ဗွီဒီယိုရိုက်ခဲ့တဲ့ ဒကာမတွေနဲ့လည်း အဆက်အသွယ် ရတယ်။ ဒီဖြစ်စဉ်က သာမန်နှိပ်စက်ညှဉ်းပမ်းမှုမျိုး မဟုတ်ဘူး။ ဒီရုပ်သံကို ဗုဒ္ဓဘာသာဝင်တွေက ကြည့်ရ မြင်ရတာလည်း မကောင်းဘူး။ ဘာသာခြားတွေကဆိုရင် ပိုပြီးတော့ နှာခေါင်းရှုံ့ကဲ့ရဲ့ကြမယ်။ ဖြစ်စဉ်က မြိတ်မြို့၊ ကျောက်ဖြူတောင်၊ ဖားအောက်လမ်း၊ ပဋိပတ္တိတောရကျောင်းမှာ ဦးတေဇ ဆိုတဲ့ ကိုယ်တော်က ရိုက်နှက်တာပါ။ ဒါက သာသနာတော်ကို ညှိုးနွမ်းအောင် အလွန်အကြူး လုပ်ခဲ့တာ ဖြစ်တဲ့အတွက် ထိရောက်တဲ့ အရေးယူမှု လိုအပ်တယ်ပေါ့။ တာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေးတယ်ဆိုပေမယ့်လည်း အရေးယူတာမျိုး မရှိသေးဘူးလို့ ကြားသိရပါတယ်" ဟု မိန့်ကြားသည်။
ရုပ်သံမှတ်တမ်းတွင် ကိုယ်တော်ကြီး တစ်ပါးမှ ကိုရင်ငယ်တစ်ပါးကို အလွန်အမင်း ရိုက်နှက်ညှည်းပမ်းနှိပ်စက်နေသည်ကို မြင်တွေ့ရပြီး ဝေဖန်မှုများလည်း မြင့်တက်ခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ သာသနာရေးဝန်ကြီးဌာန၏ အရေးယူဆောင်ရွက်ထားရှိမှု အခြေအနေအား မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိသေးသည်ကို တွေ့ရသည်။
#MNP #News



No comments:
Post a Comment