လုပ်ငန်းတာဝန်များကို ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှု၊ လုံ့လဝီရိယ၊ မလျှော့သောဇွဲတို့ဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဟုယုံကြည် - Myanmar National Post

Myanmar National Post

News Agency

Breaking

လုပ်ငန်းတာဝန်များကို ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှု၊ လုံ့လဝီရိယ၊ မလျှော့သောဇွဲတို့ဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဟုယုံကြည်


နေပြည်တော်၊ ဧပြီ ၂၂

သာသနာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယမန်နေ့က သာသနာရေးဝန်ကြီးဌာန ရုံးအမှတ် ၃၁ စုပေါင်းအစည်းအဝေးခန်းမမြေညီထပ်၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးလင်းအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ဦးစီးဌာနများနှင့် တက္ကသိုလ်တို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှသည် ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းရောက်ရှိ လာပြီဖြစ်သောကြောင့် နှစ်ဟောင်းတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြသကဲ့သို့ ယခုနှစ်သစ်တွင်လည်း မိမိတို့ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များကို စည်းလုံးညီညွတ်မှု၊ လုံ့လဝီရိယ၊ မလျှော့သောဇွဲတို့ဖြင့် အောင်မြင်စွာကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ခြေချပြီး ပိုမိုကောင်းမွန်သည့် အနာဂတ်ဆီသို့ ဦးတည်လျှောက်လှမ်းနေပြီဖြစ်သည့်အတွက် ပါတီစုံဒီမိုကရေစီစနစ် ပိုမိုခိုင်မာအောင် ကြိုးပမ်းတည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့၏ ရည်မှန်းချက်၊ မူဝါဒများနှင့် သဘောထားများကို ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် မိဘပြည်သူများကို တင်ပြပြီး နိုင်ငံနှင့် ပြည်သူအကျိုးကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ဧပြီ ၃၀ ရက်မှ မေ ၂ ရက်အထိ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ကြီး တွင် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ကျင်းပရန်ရှိပြီး နေပြည်တော်တွင်လည်း ဧပြီ ၃၀ ရက်တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများ ကျင်းပရန်ရှိသည့်အတွက် ဌာနအလိုက်လုပ်ငန်းများ ဆောင်ရွက်ရန်ရှိသည်များကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် အခက်အခဲများရှိပါက အဆင့်ဆင့်တင်ပြဆောင်ရွက်ကြရန်လိုပါကြောင်း။

မိမိတို့ သာသနာရေးဝန်ကြီးဌာနအနေဖြင့် သင်္ဂါယနာလုပ်ငန်း၏ ပဓာနဖြစ်သည့် ပိဋကကျမ်းစာများကို ခဲစာလုံးမူမှ ကွန်ပျူတာမူအဖြစ်သို့ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာအားလုံးတို့ကို အစုံလိုက်အတွဲလိုက် ပြန်လည်ရိုက်နှိပ်နိုင်ရေးဆောင်ရွက်ခဲ့ရာ ယခုအခါ အဋ္ဌကထာ ၅၁ အုပ်ကို အစုံလိုက် ရိုက်နှိပ်ပြီးဖြစ်၍ ပရိယတ္တိဝန်ဆောင်ဆရာတော် အရှင်မြတ်များနှင့် ပရိယတ္တိစာသင်တိုက်ကြီးများကို လှူဒါန်းလျက်ရှိပါကြောင်း၊ ဆက်လက်၍ ဋီကာ ၂၆ အုပ်ကို ကွန်ပျူတာစာမူအဖြစ် ရိုက်နှိပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနား မကြာမီကျင်းပတော့မည်ဖြစ်သည့်အတွက် ယခုအခမ်းအနားနှင့် ဆက်စပ်ပြီး ဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဆောင်ရွက်မှုများသည် တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းမှတ်တမ်းတစ်ခုအဖြစ် ကျန်ရှိနေမည်ဖြစ်သည့်အပြင် ကုသိုလ်များလည်း ပွားများနိုင်မည်ဖြစ်ပါကြောင်း။

“ပြည်သူလူထုအပေါ်တွင် တာဝန်ထမ်းဆောင်ရင်းဖြင့် ကုသိုလ်ပြုပါ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ မိမိတို့ဆောင်ရွက်မှုတိုင်းကိုလည်း တာဝန်ရှိသူအဆင့်ဆင့်ကို ပြန်လည်သတင်းပို့ရန် လိုအပ်သည်ဖြစ်သည့်အတွက် “ပြန်လည်သတင်းပို့ပါ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)