စက်သုံးဆီသုံးစွဲမှု လျှော့ချနိုင်ရန်အတွက် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများအပ်နှံ၍ EV ကားများ ပြန်လည်တင်သွင်းသည့်စနစ်ဖြင့် ဆောင်ရွက်သွားရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

စက်သုံးဆီသုံးစွဲမှု လျှော့ချနိုင်ရန်အတွက် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများအပ်နှံ၍ EV ကားများ ပြန်လည်တင်သွင်းသည့်စနစ်ဖြင့် ဆောင်ရွက်သွားရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှာကြား


နေပြည်တော်၊ ဧပြီလ ၁

စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယခုကာလသည် ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် လေအေးပေးစက်များကို ပိုမိုအသုံးပြုလာကြကြောင်း၊ ထိုသို့အသုံးပြုရာတွင် လျှပ်စစ်ဓာတ်အားကို အသုံးပြုမှုများ များပြားလာသကဲ့သို့ မီးစက်များအသုံးပြု၍လည်း ဆောင်ရွက်ကြကြောင်း၊ လျှပ်စစ်ဓာတ်အားကို ချွေတာရန်လိုအပ်သကဲ့သို့ မီးစက်သုံး ဆီသုံးစွဲခြင်းများနှင့် မော်တော်ယာဉ်အသုံးပြုမှုများကိုလည်း လျှော့ချသွားရန်လိုကြောင်း၊ စက်သုံးဆီသုံးစွဲမှုကိုလျှော့ချနိုင်ပါက တစ်ဖက်မှလည်း နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း၊ စက်သုံးဆီများကို လျှော့ချနိုင်ရန်အတွက် EV ကား တင်သွင်းမှုများကိုဆောင်ရွက်ရာတွင် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများအပ်နှံ၍ EV ကားများ ပြန်လည်တင်သွင်းသည့်စနစ်ဖြင့် ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း။

ရထားပို့ဆောင်ရေးစနစ်သည် ကုန်စည်များ သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျစရိတ်များ သက်သာစေခြင်းကြောင့် ကုန်တင်ရထားများ တိုးချဲ့ပြေးဆွဲသွားရန်လိုကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ရထားဖြင့် ကုန်စည်များသယ်ယူပို့ဆောင်ရေးစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေး တာဝန်ရှိသူများမှ ဆောင်ရွက်သွားကြရန်လိုကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများအတွက် သွင်းအားစုများဖြစ်သည့် ရေနှင့် ဓာတ်မြေဩဇာများ လိုအပ်သကဲ့သို့ လယ်ထွန်စက်များနှင့် ရေတင်စက်များအတွက်လည်း စက်သုံးဆီများ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရေတင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ ဓာတ်မြေဩဇာဈေနှုန်းများ မြင့်တက်လာမှုကြောင့် ဓာတ်မြေဩဇာသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် သဘာဝဓာတ်မြေဩဇာများကို ပိုမိုသုံးစွဲနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မဖြစ်မနေလိုအပ်သည့် ဓာတ်မြေဩဇာများကို စိုက်ပျိုးရေးတောင်သူများလက်ဝယ်သို့ ဈေးနှုန်းသက်သာစွာဖြင့် ရောက်ရှိစေရေးအတွက် ထောက်ပံ့ပေးခြင်းနှင့် အခွန်အခကောက်ခံခြင်းများကို တတ်နိုင်သမျှလျှော့ချပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ၏ စားရေရိက္ခာဖူလုံရေးအတွက် အဓိကထားကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)