ထားဝယ် ၊ ဧပြီ ၂၆
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာအမျိုးသား လေကြောင်းအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးသွားလာမှုကဏ္ဍသစ်တစ်ရပ်ဖြင့် ဖွင့်လှစ်ပေးမည့် L410 Turbolet အမျိုးအစား XYAMX လေယာဉ်ဖြင့်လေကြောင်းခရီးစဉ်သစ်များ တိုးချဲ့ပြေးဆွဲခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ထားဝယ်လေဆိပ်၌ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့များ၏ အတီးအမှုတ်အကများဖြင့် ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာဝင်းအောင်၊ တနင်္သာရီတိုင်းဒေသခံ လူထုကိုယ်စား မြိတ်မြို့မိမြို့ဖ ဦးလှသန်းတို့က လေကြောင်းခရီးစဉ်သစ်များ တိုးချဲ့ပြေးဆွဲခြင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက တိုးချဲ့ပြေးဆွဲမည့်လေယာဉ်အား အမွှေးနံ့သာရည်ပက်ဖျန်းပေးကာ လေယာဉ်အား လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးပြီး ဖျော်ဖြေပေးသော ဘင်ခရာနှင့်ပန်းပွားအဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်သည်။
ထို့နောက် အခမ်းအနားကို ဧည့်ခံခန်းမ၌ ဆက်လက်ကျင်းပရာ ဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီးအတွင်း လေကြောင်းခရီးစဉ်သစ်များ တိုးချဲ့ပြေးဆွဲခြင်းအထိမ်းအမှတ် အခမ်းအနားကို ကျင်းပနိုင်ခြင်းအတွက် အလွန်ပင် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ အခမ်းအနားသည် လေကြောင်းဆက်သွယ်ရေးကဏ္ဍအတွက်သာမက တိုင်းဒေသကြီး၏စီးပွားရေး၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေးကိစ္စရပ်များနှင့်ဒေသဖွံ့ဖြိုးရေးအတွက် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း စသောမြို့များသည် ဒေသတွင်းသာမက နိုင်ငံတကာအထိပါ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးနိုင်သည့် အလားအလာကောင်းများရှိသော မြို့များဖြစ်ပြီး လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲနိုင်ခြင်းသည် ဒေသဖွံ့ဖြိုးရေးအတွက် အလွန်အရေးပါသော အခြေခံအဆောက်အအုံတစ်ရပ်ဖြစ်ကြောင်း၊ လေကြောင်းခရီးစဉ်များ ပိုမိုတိုးချဲ့လာခြင်းကြောင့် ခရီးသွားလာမှု ပိုမိုလွယ်ကူမြန်ဆန်လာမှာဖြစ်သလို ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များအတွက် တနင်္သာရီတိုင်းဒေသကြီးကို လာရောက်လည်ပတ်ရန် စိတ်ဝင်စားမှုလည်း ပိုမိုမြင့်တက်လာမည်ဟု ယုံကြည်ကြောင်း၊ လေကြောင်းခရီးစဉ်သစ်များတိုးချဲ့ပြေးဆွဲခြင်းသည် ခရီးသွားလာမှုအဆင်ပြေစေရုံသာမက ဒေသခံပြည်သူများ၏ဝင်ငွေတိုးတက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးမှုနှင့် စီးပွားရေးလည်ပတ်မှုများကိုပါအထောက်အကူပြုစေမှာဖြစ်ကြောင်း၊ လေကြောင်းကဏ္ဍတစ်ခုကို အောင်မြင်စွာလည်ပတ်နိုင်ရန်အတွက် လေဆိပ်အခြေခံအဆောက်အအုံများ၊လေယာဉ်ဆင်းသက်ရေးလမ်းကြောင်းများ၊ ခရီးသည်ဝန်ဆောင်မှုများ၊ လုံခြုံရေးစနစ်များနှင့်အချိန်မီပြေးဆွဲနိုင်မည့်စည်းကမ်းချက်များကို စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လေကြောင်းဆက်သွယ်မှုကောင်းမွန်လာခြင်းသည်ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုပိုမိုဖွင့်လှစ်ပေးမည့်တံခါးတစ်ချပ်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များ၊ ခရီးသွားဝင်ရောက်မှုများ၊ကုန်သွယ်ရေးဆက်သွယ်မှုများနှင့် လူမှုစီးပွားဖွံ့ဖြိုးမှုများ ပိုမိုတိုးတက်လာမည်ဟုယုံကြည်ကြောင်း၊ မြန်မာ့လေကြောင်းသမိုင်းကို ပြန်ကြည့်ပါက ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့ကတည်းကပြည်တွင်းမြန်မာ့လေကြောင်း(UBA) အမည်ဖြင့် အာရှတွင်ထိပ်တန်းက စတင်ခဲ့သောဂုဏ်ယူစရာ သမိုင်းကြောင်း ရှိခဲ့ကြောင်း၊ ထားဝယ်လေဆိပ်အနေဖြင့် ယခင်က ပြေးလမ်း အရှည်ပေ ၄,၅၀၀ခန့်သာရှိခဲ့ရာမှ ၁၉၈၇ ခုနှစ်တွင် ပေ ၅,၂၀၀၊ ၂၀၀၄ ခုနှစ်တွင် အလျားပေ ၁၂,၀၀၀၊ အကျယ် ပေ ၁၀၀ ရှိသောကွန်ကရစ်ပြေးလမ်းကြီးအထိ ခေတ်အဆက်ဆက် အဆင့်မြှင့်တင်တိုးချဲ့ခဲ့ပြီး Embra အဆင့်ထိလေယာဉ်များ ဆင်းသက်နိုင်ခဲ့ကြောင်း၊ ယခုအခါ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ လက်ရှိ Embra လေယာဉ်အဆင့်အထိ ဆင်းသက်နေသည့် ထားဝယ်လေယာဉ်ကွင်းလေယာဉ်ပြေးလမ်းကိုAirbusA 319 လေယာဉ်များအထိ ဆင်း/တက် အသုံးပြုနိုင်အောင် ဘေးနှစ်ဖက် သို့ ၂၅ ပေစီ တိုးချဲ့ပြီး နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ၄ လက်မထု ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည့်အပြင်လေဆိပ် Terminal ကိုလည်း ၁ နှစ်လျှင် ခရီးသည် ၁ သန်းခွဲ အထိ ဝင်ထွက်အသုံးပြုနိုင်သော လေဆိပ် ၂ ထပ် အဆောက်အအုံလုပ်ငန်းအပြင် လေယာဉ်ရပ်နားရန်နေရာ တိုးချဲ့ခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ထို့အပြင် ယခင် Embra လေယာဉ်အဆင့်အထိ ဆင်းသက်နေသည့် မြိတ်လေယာဉ်ကွင်း (အလျား ပေ ၉,၀၀၀ ၊ အကျယ်၂၀၀ ပေ)ကိုလည်းAirbus A 319လေယာဉ်များဆင်းသက်နိုင်သည် အထိ နိုင်လွန်ကတ္တရာ ထပ်ပိုး လွှာ ၄ လက်မ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ လေဆိပ် Terminal ကိုလည်း ၁ နှစ်လျှင် ခရီးသည် ၁ သန်းခွဲ အထိ ဝင်ထွက်အသုံးပြုနိုင်သည့် လေဆိပ် ၂ ထပ် အဆောက်အအုံလုပ်ငန်းအပြင် လေယာဉ် ရပ်နားရန် နေရာတိုးချဲ့ခြင်းလုပ်ငန်းများကိုလည်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကော့သောင်း လေဆိပ်ကိုလည်း လက်ရှိလေယာဉ်ပြေးလမ်း (အရှည် ပေ၆,၀၀၀ ၊ အကျယ်ပေ ၁၅၀ မှအရှည်ပေ ၈,၀၀၀ အထိ တိုးချဲ့ပြီး နိုင်လွန် ကတ္တရာခင်းခြင်းလုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အစိုးရသစ်၏ ရက်ပေါင်း၁၀၀ စီမံချက် အစိတ်အပိုင်းတစ်ခုအနေဖြင့် ဒေသခံပြည်သူများ၏ လိုလားချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင်ပြည်သူများသက်သက်သာသာဖြင့်သွားလာနိုင်အောင် ဈေးနှုန်းချိုသာစွာ ပြေးဆွဲပေးမှာဖြစ်သည့်အတွက်ကြောင့် တနင်္သာရီတိုင်းဒေသကြီးရဲ့ လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာ သမိုင်းမှတ်တိုင်သစ်တစ်ခုကို အောင်မြင်စွာ စိုက်ထူနိုင်ခြင်းပဲဖြစ်တယ်လို့ဂုဏ်ယူစွာပြောကြားလိုကြောင်း၊တိုင်းဒေသကြီးအတွင်းမှာရှိသော ပြည်သူများသွားလာမှု အဆင်ပြေချော့မွေစေရေးအတွက် ယခုလိုမျိုးလေယာဉ်ခရီးစဉ်များ ထပ်တိုးပြေးဆွဲပေးနိုင်အောင် စေတနာရှေ့ထားပြီးဆောင်ရွက်ပေးခဲ့သော နိုင်ငံတော်သမ္မတကြီးနှင့်တကွပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူအဆင့်ဆင့်တို့အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ ဒေသခံပြည်သူလူထုကိုယ်စား မှတ်တမ်းတင်အပ်ကြောင်း၊ ယခုလိုအောင်မြင်မှုရရှိအောင် ပူးပေါင်းဆောင်ရွက်ပေးကြသည့် မြန်မာအမျိုးသားလေကြောင်း (MNA)၊အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း(MAI)၊ Air Thanlwin၊ Air KBZ၊ Mann Yadanarpon (MYP) နဲ့ Mingalar Aviation (MGL) စသည့် လေကြောင်းလိုင်းများ၊ ပူးပေါင်းပါဝင်ကြသည့်သက်ဆိုင်ရာဌာနများ၊ ဒေသခံပြည်သူများအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယနေ့ဖွင့်လှစ်သည့် ဒေသတွင်းပထမဆုံးပြေးဆွဲသည့် လေကြောင်းခရီးစဉ်အား မောင်းနှင်လာသည့် လေယာဉ်မှူးကြီး Captain အောင်ဇော်လင်းနှင့်တွဲဖက်လေယာဉ်မှူး Captain အောင်သင်းတို့ က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ အမှတ်တရလက်ဆောင်ပေးအပ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အမှတ်တရပစ္စည်းများ အပြန်အလှန် ပေးအပ်လဲလှယ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment