(၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (23rd ACDFM) မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဘာပြောခဲ့သလဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (23rd ACDFM) မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဘာပြောခဲ့သလဲ



(၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (23rd ASEAN Chiefs of Defence Forces Meeting - 23rd ACDFM) ကို ၂၁-၅-၂၀၂၆ ရက်နေ့က Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က လက်ရှိအချိန်တွင် အင်အားကြီးနိုင်ငံများအနေဖြင့် နိုင်ငံတစ်နိုင်ငံအား စစ်ရေးနည်းလမ်းဖြင့်ကျူးကျော်ခြင်းထက် အဆိုပါနိုင်ငံအားလွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ထောက်ပံ့ကူညီပေးမှုများမှတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေး၊ သံတမန်ရေး စသည့်အသွင်မျိုးစုံဖြင့် ချဉ်းကပ်ဆောင်ရွက်လျက်ရှိကြောင်းကို တွေ့ရှိရကြောင်း ထည့်သွင်း ပြောကြားသွားပါတယ်။

အဆိုပါ အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ကြပြီး ဘရူနိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Major General Dato Paduka Seri Haji Muhammed Haszaimi bin Bol Hassan နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Vong Pisen နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ အင်ဒိုနီးရှားအမျိုးသားတပ်မတော်စစ်ဦးစီးအရာရှိချုပ် General Agus Subiyanto နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ လာအိုပြည်သူ့တပ်မတော် ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Saichay Kommasith နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Dato Seri Haji Malek Razak bin Sulai Man နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဖိလစ်ပိုင်တပ်မတော်မှ စစ်ဦးစီးချုပ် General Romeo Saturnino Brawner Jr နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Vice Admiral AaronBeng Yao Cheng နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukirs Boontanondha နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ တီမောလက်စ်တေတပ်မတော်စစ်ဦးစီး အရာရှိချုပ် Lieutenant General Domingos Raul နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဗီယက်နမ်ပြည်သူ့တပ်မတော် ဒုတိယဝန်ကြီးနှင့်စစ်ဦးစီးအရာရှိချုပ် General Nguyen TanCuong နှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြပါတယ်။

အဲဒီအစည်းအဝေးမှာ မြန်မာ့တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဆွေးနွေးရာတွင် မိမိတို့အာဆီယံအဖွဲ့ကြီးသည် စတင်ဖွဲ့စည်းတည်ထောင်ချိန်မှစ၍ ခိုင်မာသည့်အခြေခံစည်းမျဉ်းများနှင့် ကောင်းမွန်သည့်ရည်ရွယ်ချက်များဖြင့် စည်းလုံးညီညွတ်စွာ ဖွဲ့စည်းထားသည့်အဖွဲ့တစ်ခုဖြစ်ပြီး မိမိတို့ အာဆီယံတပ်မတော်များသည်လည်း ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်လုံခြုံရေးတို့အတွက် စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်တိုးတက်စေရန် အဓိကထားလုပ်ဆောင်လျက်ရှိကြောင်း၊ ယခုနှစ်‌အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သည့် “မိမိတို့၏ အနာဂတ်လုံခြုံစိတ်ချရစေဖို့ အတူလက်တွဲဆောင်ရွက်ကြပါစို့ (Securing Our Future, Together)” သည် မိမိတို့ အာဆီယံ တပ်မတော်များ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများနှင့် လွန်စွာကိုက်ညီမှုရှိသည့်အပြင် မဟာဗျူဟာမြောက် လိုအပ်ချက်တစ်ခုလည်းဖြစ်သည်ကိုတွေ့ရှိရပြီး အာဆီယံ၏အဓိကရည်မှန်းချက်နှင့် လုပ်ဆောင်ချက်များကို တွန်းအားပေး မီးမောင်းထိုးပြလျက်ရှိကြောင်း။

လက်ရှိအချိန်တွင် အင်အားကြီးနိုင်ငံများအနေဖြင့် နိုင်ငံတစ်နိုင်ငံအား စစ်ရေးနည်းလမ်းဖြင့်ကျူးကျော်ခြင်းထက် အဆိုပါနိုင်ငံအားလွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ထောက်ပံ့ကူညီပေးမှုများမှတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေး၊ သံတမန်ရေး စသည့်အသွင်မျိုးစုံဖြင့် ချဉ်းကပ်ဆောင်ရွက်လျက်ရှိကြောင်းကို တွေ့ရှိရကြောင်း၊ အထူးသဖြင့် အင်အားကြီးနိုင်ငံအချို့သည် အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံငယ်များအား ၎င်းတို့၏လွှမ်းမိုးမှုအောက်သို့ရောက်ရှိစေရန် နိုင်ငံရေး၊ စီးပွားရေးအရ လွှမ်းမိုးမှုမှသည် စစ်ရေးအရ လွှမ်းမိုးနိုင်ရေးအတွက် မဟာမိတ်အုပ်စုများဖွဲ့စည်းပြီး စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လာသည်အထိ အပြိုင်ကြိုးပမ်းလုပ်ဆောင်လာလျက်ရှိကြကြောင်း။

မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် တရားမျှတပြီး သိက္ခာရှိသည့်ရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်သူ့ကိုယ်စားလှယ်‌များ ပါဝင်သော လွှတ်တော်များနှင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရတစ်ရပ် ပေါ်ထွက်လာပြီဖြစ်ကြောင်း၊ ထို့အတူ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးခရီးလမ်းခိုင်မာစေရန် နိုင်ငံတော်နှင့်ကိုက်ညီသည့် ဒေသအခြေခံဖက်ဒရယ်စနစ်ကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပြီး အမျိုးသားအကျိုးစီးပွား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်မှုယန္တရား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ကို အသိပေးပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံတော်အစိုးရသစ်အနေဖြင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေကာ ဒေသတွင်းအကျိုးစီးပွားများကို ဟန်ချက်ညီညီ ဆက်လက်ဖော်ဆောင်သွားမည်ကို ထပ်လောင်းပြောကြားလိုကြောင်း။

ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်လုံခြုံရေးတို့အတွက် အခြေခံအုတ်မြစ်သည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီ၏ လုံခြုံမှုပတ်ဝန်းကျင်အပေါ် မူတည်လျက်ရှိသဖြင့် အနာဂတ်တွင် ဒေသတွင်းတည်ငြိမ်မှုခိုင်မာအားကောင်းလာစေရန်နှင့် နက်နဲရှုပ်ထွေးသောစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အဖွဲ့ဝင်နိုင်ငံအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့်သာ အတူလက်တွဲကျော်လွှားတုံ့ပြန်နိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သော “မိမိတို့၏ အနာဂတ်လုံခြုံစိတ်ချရစေဖို့ အတူလက်တွဲ ဆောင်ရွက်ကြပါစို့ (Securing Our Future, Together)” နှင့်အညီ အနာဂတ်ကာလတွင် မိမိတို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများရှိ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေးတို့အတွက် မိမိတို့မြန်မာ့တပ်မတော်အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အတူလက်တွဲ၍ တက်ကြွစွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အခိုင်အမာပြောကြားလိုကြောင်း။

ထို့အတူ အာဆီယံဒေသအတွင်းရှိ ပြည်သူများ၏ သမိုင်းအစဉ်အလာကြီးမားခဲ့သည့် ရင်းနှီးချစ်ကြည်မှုများကိုအခြေခံကာ တည်ငြိမ်အေးချမ်း၍ လုံခြုံမှုရှိသည့် အသိုက်အဝန်းတစ်ခုဖြစ်ပေါ်လာစေရန် မိမိတို့အာဆီယံအဖွဲ့ကြီးနှင့် အာဆီယံတပ်မတော်များအနေဖြင့် စည်းလုံးညီညွတ်စွာ အတူလက်တွဲဆောင်ရွက် သွားနိုင်ပါစေကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါတယ်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)