ဧရာဝတီကို မြန်မာပြည်ရဲ့ မိခင်လို့တောင် တင်စားကြပါတယ်။ ဧရာဝတီမြစ်ထဲမှာ သဘာဝသယံဇာတတွေများစွာရှိတယ်။ ဧရာဝတီမြစ်ကြောင်းကို အသုံးချပြီး ပြည်သူများရဲ့ နေ့စဉ် လူမှုစီးပွားဘဝဖူလုံပြည့်စုံရေးအတွက် ကုန်စည်များ ပို့ဆောင်ရေးအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် ဧရာဝတီမြစ်ဟာ မြန်မာပြည်ရဲ့ အသက်သွေးကြောလို့ တင်စားကြပါတယ်။
မြန်မာပြည်အတွက်၊ မြန်မာနိုင်ငံသားများအတွက် အဖိုးတန်မြစ်ကြီးတစ်စင်းကို တိုင်းပြည်ဖွံ့ဖြိုးရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် စနစ်တကျ အသုံးချမယ်ဆိုရင် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ စထက်တိုးလို့ ကြီးပွားတိုးတက်ချမ်းသာလာကြမှာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးကို အမှီပြုပြီး နေထိုင်လျက်ရှိသည့်တိုင်အောင် ဧရာဝတီကို ပြုပြင်ခြင်း၊ ဧရာဝတီကို အမှီပြုပြီး တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေကိုတော့ ပြည့်ပြည့်ဝဝ လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ တိုင်းပြည်ရဲ့ သယံဇာတတွေကို ပြည်သူ့အကျိုးအတွက် စနစ်တကျ အသုံးချပြီး ဖွံ့ဖြိုးတက်အောင် လုပ်ဆောင်နိုင်မှသာ အခြေအနေကောင်းတစ်ခုကို ရောက်ရှိမှာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ သယံဇာတမရှိဘဲ လူသားအရင်းအမြစ်ကို ကောင်းစွာ အသုံးချပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့ တိုင်းပြည်တွေကိုလည်း အတုယူဖွယ် မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
မြန်မာပြည်မှာတော့ အဖိုးတန်သယံဇာတများစွာ ရှိပြီး လက်နက်ကိုင် သောင်းကျန်းသူတွေက နည်းမျိုးစုံနဲ့ ခိုးထုတ်ပြီး အာဏာနီတည်ဆောက်ဖို့ ကြိုးပမ်းနေကြတဲ့ အခြေအနေကို နှိပ်ကွပ်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ရပ်တွေကို မတားဆီးသည့်အပြင် တိုင်းပြည်ရဲ့ သယံဇာတတွေကို ခိုးထုတ်ပြီး ပြည်သူလူထုကို အနိုင်ကျင့် စော်ကားနေတဲ့ လက်နက်ကိုင်သောင်းကျန်းသူတွေကို လူရာသွင်းပြီး ဆက်ဆံနေရတဲ့ ပြဿနာလည်း ရှိနေပါတယ်။ အချို့သော အာဏာပိုင်တွေကတော့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ ရှိရာဒေသတွေမှာ သယံဇာတခိုးထုတ်ပြီး အာဏာနီတည်ဆောက်ဖို့ ကြိုးပမ်းနေသူများထံက လာဘ်လာဘယူပြီး သာယာနေတာမျိုးလည်း ရှိပါတယ်။
စာရေးသူအနေနဲ့ ဒီဆောင်းပါးကို ရေးရခြင်းက ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ ပြည်သူ့အကျိုးပြု စီမံကိန်းတွေ ဖော်ဆောင်ဖို့ ရည်ရွယ်ထားတာကို နစကအစိုးရလက်ထက်မှာကတည်းက သမ္မတကြီး ဦးမင်းအောင်လှိုင် ပြောကြားခဲ့တာတွေကို ပြန်လည်ကောက်နှုတ်ဖော်ပြလိုခြင်း ဖြစ်သလို ပြည်သူများအနေနဲ့လည်း မိမိတို့ရဲ့ နေ့စဉ်လူမှုစီးပွားဘဝ လိုအပ်ချက်များအတွက် နိုင်ငံတော်က ဖော်ဆောင်မယ့် စီမံကိန်းများအပေါ်မှာ ကောင်းမွန်မှန်ကန်စွာ သိရှိနားလည်ထားစေလိုခြင်း ဖြစ်ပါတယ်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ ဖော်ဆောင်တော့မယ်ဆိုရင် အနောက်အုပ်စုရဲ့ သြဇာခံ ပြည်ဖျက်မိစ္ဆာတွေက နည်းမျိုးစုံနဲ့ နှောက်ယှက်ဖျက်ဆီးကြပါတယ်။ မြစ်ဆုံစီမံကိန်းကြီး ရပ်ဆိုင်းခဲ့ရခြင်းကလည်း အနောက်အုပ်စုရဲ့ သြဇာခံ လက်ပါးစေတွေ က ပြည်သူလူထုကြား မမှန်ကန်တဲ့ သတင်းစကားတွေ ဖြန့်ဝေပြီး အကြောက်တရားတွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်ခဲ့ကြခြင်းကြောင့် ရပ်ဆိုင်းခဲ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး သမ္မတကြီး ဦးမင်းအောင်လှိုင် က သတ်မှတ်ကာလအတွင်း မြစ်ဆုံစီမံကိန်းကြီးသာ အကောင်အထည်ပေါ်ခဲ့မယ်ဆိုရင် ယနေ့အချိန်မှာ လျှပ်စစ်ဓာတ်အား မလုံလောက်တဲ့ ပြဿနာမျိုး ရင်ဆိုင်ရမှာ မဟုတ်တော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။
ပြည်ဖျက်မိစ္ဆာတွေဟာ ဧရာဝတီမြစ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ချင်တာလိုလို၊ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးဆုံးရှုံးမှာကို မလိုလားတာလိုလို ပြည်သူလူထုကြား မမှန်ကန်တဲ့ သတင်းစကားတွေ ဖြန့်ဝေပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။ မြစ်ဆုံအနီးဝန်းကျင်ကို လေ့လာကြည့်မယ်ဆိုရင် KIA နဲ့ အပေါင်းအပါတွေက ရွှေခိုးတူးလို့ မြစ်ကြောင်းတလျှောက် ပျက်စီးယိုယွင်းနေတာတွေနဲ့ ပတ်သက်လို့တော့ ပြည်ဖျက်မိစ္ဆာတွေ တစ်ခွန်းတစ်ပါဒမျှ မဟကြပါဘူး။ ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းတဲ့အတွက်ကြောင့် မြစ်ကမ်းပါးတွေ တဖြုတ်ဖြုတ်ကြွေ၊ ရွာတွေပျက်စီး၊ ဘုန်းတော်ကြီးကျောင်း၊ ဘုရားစေတီတွေ ပျက်စီးဆုံးရှုံးရတာတွေလည်း မနည်းပါဘူး။
တကယ်တော့ မြစ်ဆုံစီမံကိန်းကြီး ဆောင်ရွက်ဖို့ရာ ဒေသခံတွေကို မြေယာလျော်ကြေးတွေလည်း အထိုက်အလျှောက် ပေးအပ်ထားပြီး ဖြစ်ပါတယ်။ စနစ်တကျ ပြောင်းရွှေ့မှုတွေလည်း လုပ်ဆောင်ပေးထားပြီး ဖြစ်ပါတယ်။ အနောက်အုပ်စုရဲ့ သြဇာခံ အဖျက်သမားတွေရဲ့ စနက်ကြောင့် ရပ်ဆိုင်းခဲ့ရပေမယ့် ပြည်သူများ မှန်ကန်စွာ နားလည်ပြီး စီမံကိန်းကြီး အကောင်အထည်ဖော်နိုင်ဖို့ ဆက်လက်လုပ်ဆောင်လျက်ရှိတာကို ထောက်ခံကြိုဆိုကြရမှာ ဖြစ်ပါတယ်။
ဧရာဝတီ မြစ်ကြောင်းတလျှောက်မှာ မြစ်ဆုံစီမံကိန်းကြီးအပြင် အခြားသော စီမံကိန်းတွေ ရှိသေးတာကိုလည်း သိရှိထားရပါတယ်။ အဲဒါကတော့ လျှပ်စစ် နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ၏ (၁/၂၀၂၅) အစည်းအဝေး မှာ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း က လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး တွင်လည်း ရရှိသမျှ လျှပ်စစ် ဓာတ်အားနှင့် အချိန်လိုက် အုပ်စုခွဲပြီး လျှပ်စစ်ဓာတ်အား သုံးသူများကို တတ်နိုင်သလောက်အဆင်ပြေ ချောမွေ့အောင် ဖြန့်ဖြူးပေးနေပါကြောင်း၊ ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင် လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုတို့သည် အဓိကကျသည့်အတွက် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကို ဖိတ်ခေါ်ဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံသူကို ဆွဲဆောင်နိုင်ပြီး အကာအကွယ်ပေးနိုင်သည့် မူဘောင်များဖြစ်ရန် လိုအပ်ပြီး သက်ဆိုင်ရာ ဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည် လေ့လာသုံးသပ်ရန် လိုအပ်မည် ဖြစ်ပါကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မကွေးတိုင်းဒေသကြီး ခရီးစဉ်အတွင်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်နှင့် ဧရာဝတီ မြစ်ရေကိုထိန်း၍ ရသည့်နေရာများ၌ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အနိမ့်တမံများ တည်ဆောက်နိုင်ရေး စီမံဆောင် ရွက်သွားရန် မှာကြားခဲ့ပါကြောင်း၊ ဧရာဝတီမြစ်အတွင်း အနိမ့်တမံများ တည်ဆောက်၍ လျှပ်စစ်ထုတ်ယူနိုင်သည့် နေရာ ၁၆ ခုရှိပြီး ဦးစားပေး လေးနေရာ အနက်မှ အသင့်လျော်ဆုံး တစ်နေရာအား အကျိုးအပြစ်များနှင့် အတူ ပြန်လည်တင်ပြရန် လမ်းညွှန်မှု ပြုထား၍ အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း" ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့က ပြည်သူတွေရဲ့နေ့စဉ်လူမှုဘဝ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အစီအစဉ်တွေ ရှိနေပါတယ်။ ဆောင်းပါးရှင် မြမျိုး က "မြစ်ဧရာထာဝစဉ်ရှင်သန်ဖို့ အနိမ့်တမံ ရေအားလျှပ်စစ်စီမံကိန်းများဖြင့် ထိန်းသိမ်းစို့" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဖော်ပြသွားတာကိုလည်း မှတ်သားမိပါတယ်။ အဲဒီ ဆောင်းပါးမှာ ဆောင်းပါးရှင် မြမျိုး ရေးသားပြဆိုထားတာက "ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ လူမှုရေးနှင့်စီးပွားရေးတို့အတွက် အရေးပါသော ပင်မမြစ်ကြီးတစ်စင်းဖြစ်သဖြင့် ဧရာဝတီ၏ ဝဲယာမြစ်ရိုးတစ်လျှောက် မြေနိမ့်လွင်ပြင်များ၌ မြို့နှင့် ကျေးရွာများ ပျံ့နှံ့တည်ရှိလျက်ရှိပါကြောင်း၊ ဧရာဝတီမြစ်၏ ဝဲယာကမ်းပါးများကို လုံလောက်စွာ ကာကွယ်ထားမှုမရှိခြင်းကြောင့် နှစ်စဉ်ကမ်းပြိုမှု ဖြစ်ပွားခြင်း၊ ရေဝေရေလဲဒေသ၌ သစ်တောဖုံးလွှမ်းမှု လျော့နည်းလာခြင်း၊ မြေအသုံးချမှုပြောင်းလဲခြင်း၊ ကျောက်မျက်နှင့် ဓာတ်သတ္တုတူးဖော်ခြင်း၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း၊ ဖွံ့ဖြိုးမှုစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း စသည်တို့ကြောင့် မြစ်လက်တက်များနှင့် ပင်မမြစ်အတွင်းသို့ စီးဝင်လာသောရေ၌ သဲနုန်းပါဝင်မှု နှစ်စဉ်မြင့်မားလျက်ရှိပါကြောင်း၊ ဧရာဝတီမြစ်၏ လက်တက်အချို့အပေါ်၌ ရေအားလျှပ်စစ်နှင့် စိုက်ပျိုးရေပေးဝေရေးအတွက် ရေလှောင်တမံများတည်ဆောက်ထားခြင်းကြောင့် အဆိုပါမြစ်လက်တက်များမှ ဧရာဝတီမြစ်အတွင်းသို့ သဲနုန်းအနည်ကျပို့ချမှုအထိုက်အလျောက် သက်သာသွားသော်လည်း သဘာဝအလျောက်စီးဆင်းနေသည့် လက်တက်များမှ ဧရာဝတီမြစ်အတွင်းသို့ နှစ်စဉ်သဲနုန်းပို့ချမှု မြင့်မားနေဆဲ ဖြစ်ကြောင်း" ပြဆိုထားတာကို ထောက်ရှုဆင်ခြင် မိပါတယ်။
ဆောင်းပါးရှင် မြမျိုး က အနိမ့်တမံရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ခြင်း၏ အကျိုးကျေးဇူးများ အပိုင်းမှာ "ဧရာဝတီမြစ်ဝှမ်းအတွင်း ဆင့်ကဲထပ်ဆင့်အနိမ့်တမံနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်းအားဖြင့် အောက်ဖော်ပြပါအကျိုးကျေးဇူးများကို ရရှိစေနိုင်သည်ကို လေ့လာတွေ့ရှိရပါသည်-
ဧရာဝတီမြစ်အတွင်းရှိ ရေချိုအရင်းအမြစ်များ ပင်လယ်အတွင်းသို့ စီးဝင်ခြင်းဖြင့် ဆုံးရှုံးလျက်ရှိသော ရေချိုများကို ထိန်းသိမ်းထားနိုင်ခြင်း၊
နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဧရာဝတီမြစ်ရေကို အရင်းအမြစ်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူ၍ ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ခြင်း၊
ရေကြောင်းသွားလာရေးအတွက် လုံလောက်သော ရေအနက် ရရှိနိုင်ခြင်း၊
အနိမ့်တမံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်း (Low Head Hydropower) နှင့် ရေစုပ်တင် သိုလှောင်၍ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်း (Pumped-storage Hydropower) တို့ဖြင့် ရေအားလျှပ်စစ်ထုတ်ယူနိုင်ခြင်း၊
စိုက်ပျိုးရေ၊ စက်မှုလုပ်ငန်းသုံးရေနှင့် မြို့ပြရေလိုအပ်ချက်များကို လုံလောက်စွာ ထောက်ပံ့နိုင်ခြင်း၊
ရေစီးအားကိုထိန်းထားနိုင်သဖြင့် မြစ်တစ်လျှောက်ရှိ ခြောက်သွေ့သောဒေသများအတွက် စိမ်းလန်းစိုပြည်လာနိုင် ပြီး ရာသီဥတုမျှတလာနိုင်ခြင်း၊
မြစ်ဝကျွန်းပေါ်ဒေသများတွင် နှစ်စဉ် ရေကြီး/ရေလျှံခြင်းနှင့် ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ခြင်း၊
ရေကြောင်းအသုံးပြု ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊
မြစ်ကြောင်းထိန်းသိမ်းမှုလုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာနိုင်ခြင်း၊
ရေကြောင်းပို့ဆောင်ရေး၊ ကုန်စည်ဖလှယ်ရေးလုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊
လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊
မြစ်ဝှမ်းအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊
အစရှိတဲ့ အကျိုးကျေးဇူးများကို တင်ပြထားပါတယ်။
ကောင်းကျိုးရှိသလို ဆိုးပြစ်အနေနဲ့ ဖြစ်ပေါ်လာနိုင်သည်များကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ကို "အနိမ့်တမံများ တည်ဆောက်မည်ဆိုပါက ရေကြီး/ရေလျှံမှုဖြစ်သည့်အချိန်တွင် အနိမ့်တမံများတည်ဆောက်ခြင်းမရှိသည့်အချိန်က ရေကြီး/ ရေလျှံမှုထက် ပိုမိုဆိုးရွားမှုများမရှိစေရန် အဓိကလေ့လာဆန်းစစ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မြှင့်တင်သိုလှောင်မည့် ရေမျက်နှာပြင် အမြင့်များလေလေ ထိခိုက်မှုများလေလေဖြစ်ပြီး ထိခိုက်မှုလျော့နည်း သက်သာစေရေးဆောင်ရွက်ပေးရမည့် ကုန်ကျစရိတ်လည်း များလာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေပေးဝေမှု၊ ရေလမ်းကြောင်းသွားလာမှုနှင့် ရေအားလျှပ်စစ်ထုတ်လုပ်မှုတို့မှ ရရှိလာမည့် အကျိုးအပြစ်များနှင့် အရှုံးအမြတ်များကို ဘက်ပေါင်းစုံမှ ချင့်ချိန်၍ အနိမ့်တမံ၏ ထားရှိသင့်သည့်အမြင့်ကို စဉ်းစားသတ်မှတ်ရမည် ဖြစ်ကြောင်း၊ ဧရာဝတီမြစ်သည် သုံးနှစ်မှ ငါးနှစ်လျှင် တစ်ကြိမ်ခန့်ရေကြီး/ရေလျှံမှုများ ဖြစ်ပေါ်တတ်ပြီး မြစ်ရိုးတစ်လျှောက် မြေနိမ့်ပိုင်းများတွင် နေထိုင်ကြသော မြစ်ကမ်းခြေကျေးရွာများသည် ရေကြီး/ရေလျှံမှုနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရလေ့ရှိကြောင်း၊ အနိမ့်တမံများ ဆောင်ရွက်မည့် နေရာအလိုက် တမံအမြင့်နှင့် အမြင့်ဆုံးရောက်ရှိနိုင်မည့် ရေမျက်နှာပြင် နိမ့်/မြင့်မှတ် တို့ကိုသတ်မှတ်ရာ၌ ၎င်းတမံတည်ဆောက်မည့်နေရာတွင် နှစ်စဉ်မိုးရာသီအတွင်း မြင့်တက်လေ့ရှိသော ပုံမှန်အမြင့်ဆုံးရေမျက်နှာပြင် နိမ့်/မြင့်မှတ်ထက် ကျော်လွန်ခြင်းမရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူပွင့်လင်းရာသီတွင်လည်း ထားရှိလိုသည့် ရေမျက်နှာပြင် နိမ့်/မြင့်မှတ်အောက် မရောက်ရှိစေရေးနှင့် မိုးရာသီကာလတွင် သတ်မှတ်ရေမျက်နှာပြင် နိမ့်/မြင့်မှတ်ထက် ကျော်လွန်မှုမရှိစေရေး ထိန်းညှိပေးနိုင်မည့်အစီအမံများကို ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ အနိမ့်တမံနှင့်တွဲဖက်၍ လိုအပ်သည့်နေရာများတွင် လူနေဧရိယာနှင့် စိုက်ပျိုးမြေများကို ရေကြီး/ရေလျှံမှုမဖြစ်စေရေးအတွက် တာပေါင်များ ထည့်သွင်းတည်ဆောက်ပေးရမည်ဖြစ်ကြောင်း၊ တာပေါင်များ တည်ဆောက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး ရေရှည်တွင် ပြုပြင်ထိန်းသိမ်းရသည့် ကုန်ကျစရိတ်သက်သာစေမည့် နည်းလမ်းကို လေ့လာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဧရာဝတီမြစ်၌ အနိမ့်တမံ စီမံကိန်းများဆောင်ရွက်ရာတွင် စီးပွားရေးအရ တွက်ခြေကိုက်မှုရှိ မရှိကိုလည်း ထည့်သွင်းလေ့လာဆန်းစစ်ရန် လိုအပ်ကြောင်း" ပြည့်စုံစွာ တင်ပြထားပါတယ်။
ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ ပြည်သူ့အကျိုးပြု စီမံကိန်းများဆောင်ရွက်တဲ့အခါ ကောင်းကျိုးရလဒ်တွေ ရှိသလို ဖြစ်နိုင်ခြေဆိုးပြစ်များကိုလည်း ကြိုတင်ကာကွယ်သောနည်းလမ်းဖြင့် တွက်ချက်ဆောင်ရွက်သွားမည်ဆိုပါက ဘေးအန္တရာယ်ကျရောက်မှုလည်း နည်းပါးသွားမှာ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝမှာ လိုအပ်ချက်ဖြစ်နေတဲ့ လျှပ်စစ်ဓာတ်အား အလုံအလောက် ရရှိရေးကို ရှေးရှုပြီး စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ပြည်ဖျက်မိစ္ဆာတွေရဲ့ မဟုတ်မမှန် လုပ်ကြံဖန်တီး ပြောဆိုပြီး အနှောက်အယှက် ပေးနေသူတွေကို ထိရောက်စွာ ကာကွယ်ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အမည်ခံပြီး တယံဇာတတွေခိုးထုတ်၊ အာဏာနီတည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော တာဝန်နဲ့ လုပ်ပိုင်ခွင့်များကို အသုံးချပြီး နှိမ်နင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ လုပ်ဆောင်နေခြင်း ဖြစ်သည့်အလျှောက် ပြည်သူများ နားလည်လက်ခံအောင် မှန်ကန်တဲ့ သတင်းအချက်အလက်များ အချိန်နဲ့တပြေးညီ ဖြန့်ဖြူးခြင်း အပိုင်းကိုလည်း မလစ်ဟင်းစေဘဲ စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘဝမှ တိုးတက်မြင့်မားလာအောင်၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး စီမံကိန်းလုပ်ငန်းများ အလျှင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း -
နောင်တော်လေး (ဘိုကလေး)
#MNP #News

No comments:
Post a Comment