သူလို လူယုတ်မာကို အားပေးနေကြတုန်းပဲလား - Myanmar National Post

Myanmar National Post

News Agency

Breaking

သူလို လူယုတ်မာကို အားပေးနေကြတုန်းပဲလား


အကြမ်းဖက်လှုံ့ဆော်စာမျက်နှာတွေမှာ ပြည်ပြေး ဝရမ်းပြေး ဇော်ဝေစိုး လို ကောင်မျိုးကို အထင်ကြီးလေးစားပြီး ရေးသားဖြန့်ဝေ လော်ဘီလုပ်နေကြတာကို တွေ့ရလို့ အနည်းငယ်မျှတော့ အသိပညာပေး မျှဝေရေးသားလိုက်ပါအုံးမယ်လို့ အတွေးဖြစ်မိပါတယ်။ ဇော်ဝေစိုး လို သူယုတ်မာတွေက များစွာ ရှိပါတယ်။ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ လွင်ကိုလတ်၊ အောင်ကြည်ညွန့်၊ ရည်မွန် အစရှိတဲ့ ပြည်ပြေး ဝရမ်းပြေး သူယုတ်မာတွေ အများကြီးပါ။ ဒီအထဲကမှ သူယုတ်မာ ဇော်ဝေစိုးအကြောင်းကိုပဲ အလေးထား ပြောကြပါစို့ရဲ့။

စကားမစပ် မန္တလေးမြို့မှာ အကြမ်းဖက်အဖွဲ့ဝင်များ ဥပဒေဘောင်အတွင်း ဝင်ရောက်မယ်ဆိုလို့ ကိုကျော်စိုးဦးတို့ အဖွဲ့နဲ့အတူ ကျွန်တော် သွားခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ စဉ့်ကူးဘက်အခြေအနေကိုလည်း ခဏလောက်သွားကြည့်ရအောင်ဆိုပြီး ညနေပိုင်း စဉ့်ကူးဘက်ကို ရောက်အောင်သွားခဲ့ကြပါသေးတယ်။ ကျွန်တော်တို့ရဲ့ သတင်းတင်ပြမှုတွေကို ကြည့်ရှုအားပေးနေကြတဲ့ ပြည်သူများကတော့ သိပါလိမ့်မယ်။ စဉ့်ကူး နဲ့ ကျောက်မြောင်းကြားမှာရှိတဲ့ ဧရာဝတီမြစ်ကူးတံတား ရတနာသိင်္ခတံတားကြီးဟာ TNLA/ PDF အကြမ်းဖက်သမားတွေရဲ့ ဖောက်ခွဲဖျက်ဆီးမှုကြောင့် ဆိုးရွားစွာ ပျက်စီးခဲ့ရတဲ့ အခြေအနေကို ကျွန်တော်တို့ သွားရောက်မှတ်တမ်းတင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

တစ်လကျော်ခန့်ကြာပြီး ကျွန်တော်တို့ ထပ်မံရောက်ရှိသွားတဲ့အချိန်မှာတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့ နဲ့ MEC က တံတားကြီး ပြန်လည်ပြုပြင်ဖို့ အပျက်အစီးများကို ရှင်းလင်းနေပါပြီ။ ဒီလ (မေလ) ကုန်မှာ အပျက်အစီးများကို အပြီးသတ်ရှင်းလင်းဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၂၆ နှစ်ကုန်ပိုင်းမှာ အပြီး ပြန်လည်ပြုပြင်သွားနိုင်ဖို့ လုပ်ဆောင်နေတာကို သိရပါတယ်။ 

အဲဒီကနေမှ ကျွန်တော်တို့အဖွဲ့ စဉ့်ကူးဆေးရုံကို ရောက်ရှိတဲ့အခါ ဆေးရုံမှ ဆရာဝန်ကြီး တစ်ဦးနဲ့ သူနာပြုများသာ ရှိပါတယ်။ ဆရာဝန်ကြီးက လာသမျှလူနာတွေကို လက်ခံကုသပေးပြီး စဉ့်ကူးဆေးရုံမှာ ကုသလို့ မရနိုင်တဲ့ လူနာတွေကိုလည်း မန္တလေးဘက်ကို လွှဲပြောင်းပေးနေတာကို သိခဲ့ရပါတယ်။

အဖြေကို အဲဒီမှာ တွေ့ရပါလိမ့်မယ်။ ဆေးရုံတွေမှာ ဆရာဝန် အလုံအလောက် ဘာကြောင့်မရှိတာလဲ။ ဇော်ဝေစိုး တို့လို သူယုတ်မာတွေရဲ့ လှုံ့ဆော်မှုတွေကြောင့် ဆရာဝန်တွေ CDM လုပ်ခဲ့ကြတယ်။ ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်နေတဲ့ ပြည်သူတွေဟာ ဆေးဝါးကုသခွင့်မရဘဲ အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ 

ဇော်ဝေစိုး ဆိုတဲ့ သူယုတ်မာဟာ ဆရာဝန်တစ်ဦးဖြစ်လို့ ပညာတတ်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ပညာတတ်တစ်ယောက်က သူယုတ်မာဖြစ်သွားတဲ့အခါ အသံတိတ် လူသတ်သမား ဖြစ်သွားပါတယ်။ ပညာတတ် သူယုတ်မာတွေ များလာတဲ့အခါကြတော့ ပြည်သူတွေရဲ့ အသက်ထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ သူယုတ်မာတွေဟာ နိုင်ငံရေးအစွန်းရောက်စိတ်နဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု မပေးတဲ့အတွက် တပ်မတော်သား ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ အစားထိုးပြီး ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ရပါတယ်။

စဉ့်ကူးဆေးရုံကြီး ပြန်မဖွင့်နိုင်ခင်က လက်ပံလှမှာ အထိုင်ချနေတဲ့ တပ်မှာရှိတဲ့ ဆေးအဖွဲ့ကပဲ ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ရတာ ဖြစ်ပါတယ်။ ယခုအခါမှာ ဆရာဝန်ကြီးက သူတစ်ယောက်ပဲ ရှိလည်း ဖွင့်မယ်လို့ ဆုံးဖြတ်ပြီး သူနာပြုအကူများနဲ့ ဆေးရုံကို ရအောင် ပြန်လည်ဖွင့်လှစ်ထားခြင်းကြောင့် ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ရနေခြင်း ဖြစ်ပါတယ်။

တပ်မတော်ဆေးတပ်ဖွဲ့က ဆေးကုမှုပေးနေစဉ်က ဒေသခံတွေပြောတဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ စကားလေးတစ်ခွန်း ပြောပြအုံးမယ်။ ဆေးတပ်ဖွဲ့တွေက ဆေးကုသပြီး သောက်ဆေးပေးတဲ့အခါမှာ အဖွားအို တစ်ယောက် က "ဒီလို ဆေးလုံးလေးတွေ မမြင်ရတာ တော်တော်ကြာနေပြီ" လို့ ပြောပါသတဲ့။ 

တပ်မတော်သား ဆရာဝန်၊ သူနာပြုတွေ ရှိနေခြင်း၊ ဆရာဝန်ကျင့်ဝတ်နဲ့အညီ ပြည်သူများအပေါ် ကျန်းမာရေးစောင့်ရှောက်မှု ပေးလိုတဲ့ ဆရာဝန်၊ သူနာပြုများ ရှိနေခြင်းကြောင့်သာ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အထိုက်အလျှောက် ရနေတာဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး ဇော်ဝေစိုး တို့လို သူယုတ်မာ ဆရာဝန်တွေချည်းသာဆိုရင် ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝ ကျန်းမာရေးစောင့်ရှောက်မှု ဘယ်မှာ ရနိုင်ပါတော့မလဲ။ သူယုတ်မာတွေ က အစိုးရယန္တရားကြီး တစ်ခုလုံး ပျက်ပြားအောင် လုပ်ဆောင်မယ်ဆိုတဲ့ အကြံဆိုးနဲ့ အားလုံးကို သူတို့ရဲ့ လှုံ့ဆော်မှုနောက် လိုက်ပါဖို့ ခေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူယုတ်မာ အများစုက ပြည်ဖျက်မိစ္ဆာတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကို နားယောင်ပြီး CDM နောက်ကို ပါသွားခဲ့ကြပါတယ်။ စဉ်းစားဆင်ခြင်ဉာဏ်ရှိပြီး ပြည်သူလူထုအပေါ် သစ္စာထားတဲ့ ဆရာဝန်၊ သူနာပြုများသာ ကျန်ခဲ့တာ ဖြစ်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး သူယုတ်မာတွေက နိုင်ငံဝန်ထမ်းများကို CDM လုပ်ကြဖို့ လှုံ့ဆော်တယ်။ သူယုတ်မာတွေရဲ့ စကားကို ယုံစားပြီး CDM လုပ်ခဲ့ကြတဲ့ နိုင်ငံဝန်ထမ်းတွေကို ပြည်ပြေး ဝရမ်းပြေးတွေက ဘယ်လို တာဝန်ယူပေးသလဲ။ ဘာတွေ တာဝန်ယူသလဲ။ CDM လုပ်ပြီး လမ်းဘေးရောက်၊ ဘဝပျက်သွားတဲ့ ဝန်ထမ်းတွေရဲ့ ဖြစ်ရပ်တွေက တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းကို ပြဆိုနေတဲ့ သက်သေတွေပါပဲ။

ဇော်ဝေးစိုး အပါအဝင် လှုံ့ဆော်သူတွေရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ကို ပြန်ဆန်းစစ်ကြည့်ရင် ပြည်ပကို ဦးအောင် ထွက်ပြေးတယ်။ ဒါမှ ခိုလှုံခွင့်ရမှာ ဖြစ်တယ်။ သူတို့တွေ ပြည်ပမှာ အထိုင်ကျပြီဆိုမှ ပြည်တွင်းမှာ ဆူပူအကြမ်းဖက်မှုတွေ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေအောင် လှုံ့ဆော်ကြခြင်း ဖြစ်ပါတယ်။

ဇော်ဝေစိုး ကို အဆိပ်ဘုရင်လို့တောင် တင်စားကြတယ်။ သူတို့ ဖြန့်ဝေတဲ့ အစားအသောက်တွေထဲမှာ အဆိပ်ထည့်ထားတယ်လို့ ရုပ်သံနဲ့ ပြောခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ချက်က အထုပ်သေးသေးတွေဆိုပြီး သွားမကိုင်နဲ့၊ ထပြီး ပေါက်ကွဲလိမ့်မယ် ဆိုတာကိုလည်း ဇော်ဝေစိုးက ပြောခဲ့ပါတယ်။ ဆိုလိုရင်းကတော့ ပြည်သူလူထုကြားမှာ ဖောက်ခွဲရေးပစ္စည်းတွေ နည်းမျိုးစုံနဲ့ ဖြန့်ဝေထားတယ်။ ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်ခဲ့တာကို သူကိုယ်တိုင် ဝန်ခံခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီလို သူယုတ်မာတွေကို လူမှုကွန်ရက်စာမျက်နှာတွေမှာ ယနေ့တိုင်အောင် သူရဲကောင်းကြီးတွေသဖွယ်၊ တော်လှန်ရေးခေါင်းဆောင်ကြီးတွေသဖွယ် ရေးသားဖြန့်ဝေနေကြတာကို တွေ့ရတော့ အဲဒီကောင်တွေရဲ့ တော်လှန်ရေးဆိုတာ ဘယ်သူကို တော်လှန်တာလဲ။ ပြည်သူတွေကို နည်းမျိုးစုံနဲ့ သေတွင်းထဲ တွန်းပို့တာ တော်လှန်ရေးလား။ မှန်ကန်စွာ စဉ်းစားကြဖို့ - - -


နောင်တော်လေး (ဘိုကလေး)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)