ဝန်ထမ်းယူနီဖောင်းများနှင့် လူမှုကွန်ရက်ပေါ်မှ အန္တရာယ်များ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝန်ထမ်းယူနီဖောင်းများနှင့် လူမှုကွန်ရက်ပေါ်မှ အန္တရာယ်များ


ယနေ့ခေတ်တွင် Social Media ခေါ် လူမှုကွန်ရက်စာမျက်နှာများသည် လူတိုင်း၏နေ့စဉ် ဘဝတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ အထူးသဖြင့် Facebook နှင့် TikTok ကဲ့သို့သော ပလက်ဖောင်းများသည် ဖန်တီးမှုများ၊ ဖျော်ဖြေမှုများနှင့် မိမိ၏နေ့စဉ် လှုပ်ရှား သွားလာ မှုများကို ဖော်ပြရန်အတွက် လူကြိုက်များသည့် လူမှုကွန်ရက်စာမျက်နှာများဖြစ်ပါသည်။ သို့ရာတွင် ဝန်ထမ်းယူနီဖောင်း ဝတ်ဆင်ထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများအား လူမှုကွန်ရက် ပေါ်တွင် တင်ခြင်းသည် မမြင်နိုင်သော အန္တရာယ်များနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ မိမိအနေဖြင့် သတိမပြုမိဘဲ ပေါ့ပေါ့ဆဆ ပြုလုပ်လိုက်သော လုပ်ရပ် တစ်ခုသည် မသမာသူများ၏ အလွဲသုံးစားပြုလုပ်ခြင်းကို ခံရနိုင်သည့်အပြင် မိမိကိုယ်တိုင်သာမက မိမိတို့၏ အဖွဲ့အစည်းကိုပါ ထိခိုက်စေနိုင်မည်ဖြစ်ပါသည်။

          

ဝန်ထမ်းယူနီဖောင်းများသည် သက်ဆိုင်ရာအဖွဲ့အစည်း၏ လိုဂို (Logo)အမှတ်တံဆိပ်နှင့် ရာထူးကဲ့သို့သော အရေးကြီးသည့် အချက်အလက်များကို ဖော်ပြနေတတ်ပါသည်။ လူမှုကွန်ရက်တွင် ယူနီဖောင်းဖြင့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုများ ရိုက်ကူးတင်နေခြင်းသည် မသမာသူများအတွက် အဖိုးတန်အချက်အလက်များကို စုဆောင်းနိုင်ရန် လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်နေပါသည်။ ဥပမာအားဖြင့်၊ ယူနီဖောင်းပေါ်ရှိ အချက်အလက်များကို အသုံးပြု၍ အဖွဲ့အစည်း၏ နာမည်ဂုဏ်သတင်းကို ထိခိုက်စေမည့် အွန်လိုင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်း သို့မဟုတ် လုပ်ငန်း၏ လုံခြုံရေးဆိုင်ရာ အားနည်းချက်များကို ရှာဖွေဖော်ထုတ်ခြင်းများ ပြုလုပ် စေနိုင်ပါသည်။

          

လူမှုကွန်ရက်တွင် ဗီဒီယို သို့မဟုတ် ဓာတ်ပုံတစ်ခုကို Upload ပြုလုပ်လိုက်သည်နှင့် အဆိုပါ ဗီဒီယို/ဓာတ်ပုံအား အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပါ။ မသမာသူများသည် အဆိုပါ ဓာတ်ပုံ၊ ဗီဒီယိုများကို  Download ပြုလုပ်၍ မသင့်လျော်သော ဗီဒီယိုများ၊ ဓာတ်ပုံများဖြင့် ဖြတ်ညှပ်ကပ် (Editing) ပြုလုပ်ပြီး အွန်လိုင်းပေါ်တွင် ဖြန့်ဝေနိုင်ပါသည်။ ထိုကဲ့သို့သော လုပ်ရပ်များသည် ဝန်ထမ်း၏ ဂုဏ်သိက္ခာကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့်အပြင် ယူနီဖောင်းကို အသုံးပြု၍ လိမ်လည်မှုများ ပြုလုပ်ခြင်း၊ အခြားသူများကို လှည့်ဖြားခြင်းနှင့် ငွေကြေးဆိုင်ရာ လိမ်လည်မှုများ ပြုလုပ်ခြင်းတို့တွင် အသုံးချသွားနိုင်ပါသည်။

          

ဝန်ထမ်းတစ်ဦး၏ အပြုအမူသည် ဝန်ကြီးဌာန၏ ပုံရိပ်ကို တိုက်ရိုက်ရောင်ပြန်ဟပ်စေပါ သည်။ ယူနီဖောင်းဝတ်ထားသည့် ဝန်ထမ်းတစ်ဦးသည် လူမှုကွန်ရက်ပေါ်တွင် မသင့်လျော်သည့် အပြုအမူများ၊ အမူအရာများဖြင့် ဗီဒီယို ရိုက်ကူးခြင်း သို့မဟုတ် Upload တင်ခြင်းသည် ဝန်ကြီးဌာန၏ နာမည်ဂုဏ်သတင်းကို ထိခိုက်စေပါသည့်အပြင် အများပြည်သူ၏ ယုံကြည်မှုနှင့် လေးစားမှုကို လျော့ကျစေမည်ဖြစ်ပါသည်။

          

ထို့အပြင် လူမှုကွန်ရက်ပေါ်တွင် ယူနီဖောင်းဓာတ်ပုံများ၊ ဗီဒီယိုများတင်ခြင်းသည် မိမိ၏ အလုပ်တည်နေရာ၊ အချိန်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ဖော်ထုတ်ပေးသကဲ့သို့ ဖြစ်နေပါသည်။ အချို့သော မသမာသူများသည် ထိုအချက်အလက်များကို အသုံးပြု၍ ဝန်ထမ်းအား စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခြင်း၊ ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ ပြုလုပ်နိုင် ပါသည်။ ထို့ကြောင့် အွန်လိုင်းပေါ်တွင် မိမိ၏ အချက်အလက်များကို အလွန်အကျွံဖော်ပြခြင်းသည် လက်တွေ့ဘဝတွင် အန္တရာယ်များကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေပါသည်။

          

သို့ဖြစ်ပါ၍ မိမိတို့ ဝတ်ဆင်ထားသည့် ဝန်ထမ်းယူနီဖောင်းသည် မိမိတို့ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာ ဖြစ်သည့်အပြင်၊ မိမိ၏ လူမှုကွန်ရက်ပေါ်မှ မဆင်ခြင်သော လုပ်ရပ်တစ်ခုသည် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိခိုက်နိုင်စေကြောင်းနှင့် လုံခြုံရေးကိုပါ ခြိမ်းခြောက်လာ နိုင်ကြောင်း အသိပညာပေးအပ်ပါသည်။


ပြည်သူ့အကျိုးရွက်သယ်ပိုး ပံ့ပိုးကူညီ e-ID

(e-ID ဌာန မှ အသိပညာပေး ရေးသားထားသည်ကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။)

#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)