ပေကျင်း၊ မေ ၂၃
တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ် ချန်ကျစ်မြို့ ချင့်ယွမ်ခရိုင် ဆန်းရှီး ထုန်းကျိုးအုပ်စု လျိုရှန်ယွိ ကျောက်မီးသွေးကုမ္ပဏီလီမိတက်၏ ကျောက်မီးသွေးတွင်းအောက်တွင် မေ ၂၂ ရက် ည ၇ နာရီ ၂၉ မိနစ်က ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်။
အချင်းဖြစ်ပွားပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အထူးအလေးထားကာ အရေးကြီးလမ်းညွှန်ချက်များ ချမှတ်ပေးခဲ့သည်။
ဆန်းရှီးပြည်နယ် ချန်ကျစ်မြို့ ချင့်ယွမ်ခရိုင် ကျောက်မီးသွေးတွင်းအောက်တွင် ဓာတ်ငွေ့မတော်တဆပေါက်ကွဲမှုကြောင့် လူသေဆုံးဒဏ်ရာရမှု အများအပြား ဖြစ်ပွားခဲ့ကြောင်း၊ ဒဏ်ရာရသူများအား အစွမ်းကုန် ကယ်ဆယ်ကုသရန်၊ ရှာဖွေကယ်ဆယ်မှုများကို သိပ္ပံနည်းကျ စုစည်းစီမံလုပ်ဆောင်ရန်၊ နောက်ဆက်တွဲလုပ်ငန်းများကို သင့်လျော်ကောင်းမွန်စွာ ဆောင်ရွက်ရန်၊ မတော်တဆဖြစ်ပွားရသည့် အကြောင်းရင်းကို စစ်ဆေးဖော်ထုတ်၍ တရားဥပဒေနှင့်အညီ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန် ၎င်းက ညွှန်ကြားခဲ့သည်။
ဒေသအသီးသီးရှိ ဌာနအသီးသီးအနေဖြင့် မတော်တဆမှုဖြစ်ပွားခြင်းကို သင်ခန်းစာယူရမည် ဖြစ်ပြီး ဘေးကင်းလုံခြုံစွာ ထုတ်လုပ်ရေးအသိကို အချိန်နှင့်အမျှ သတိထားရမည်ဖြစ်ကြောင်း၊ အန္တရာယ် ဖြစ်ပွားနိုင်သည့် အလားအလာများကို ထဲထဲဝင်ဝင် လိုက်လံစစ်ဆေး ပြုပြင်သွားရန်နှင့် ကြီးမားဆိုးရွားသော မတော်တဆမှုကြီးများ ထပ်မံမဖြစ်ပွားစေရန် ပြတ်ပြတ်သားသား ကာကွယ်တားဆီးကြရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်သည် ရေကြီးရေလျှံမှု ဖြစ်ပွားသည့်ရာသီကာလဖြစ်သဖြင့် အရေးပေါ် တာဝန်ချထားမှုများကို တိုးမြှင့်ရန်၊ ရေဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ခိုင်ခိုင်မာမာစွာ ဆောင်ရွက်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို လက်တွေ့ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က ညွှန်ကြားချက်ထုတ်ပြန်ခဲ့ရာ ပိတ်မိနေသူများအား အစွမ်းကုန် ရှာဖွယ်ကယ်ဆယ်ရန်နှင့် ဒဏ်ရာရသူများ ကယ်ဆယ်ကုသရန်၊ နောက်ဆက်တွဲလုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်ထားရန်၊ သတင်းအချက်အလက်များအား တိကျမှန်ကန်စွာ အချိန်မီထုတ်ပြန်ရန်၊ မတော်တဆဖြစ်ပွားသည့် အကြောင်းရင်းကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်၍ တရားဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
နိုင်ငံတော်ကောင်စီ ဘေးအန္တရာယ်ကင်းရှင်းရေး ကော်မရှင်ရုံးအနေဖြင့် ဒေသအသီးသီးရှိ သက်ဆိုင်ကဏ္ဍအသီးသီးတွင် ထုတ်လုပ်ရေးလုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးတာဝန်ဝတ္တရားများ အကောင်အထည်ဖော်ဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ရန်အတွက် တစ်ဆင့်တိုး ကြီးကြပ်လမ်းညွှန်တိုက်တွန်းရန်၊ အဓိကလုပ်ငန်းကဏ္ဍများ၏ အန္တရာယ်ဖြစ်နိုင်ခြေများကို စစ်ဆေးဖော်ထုတ်၍ ပြုပြင်စီမံမှုများကို ခိုင်ခိုင်မာမာ ကောင်းမွန်စွာ ဆောင်ရွက်ကာ ဆိုးရွား၍ ကြီးမားသော မတော်တဆမှုဖြစ်ပွားခြင်းကို ပြတ်ပြတ်သားသား ကာကွယ်ရန် ၎င်းက ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်၏ အရေးကြီးလမ်းညွှန်ချက်နှင့် လီချန်၏ ညွှန်ကြားချက်များအရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် ကျန်းကော်ချင်းသည် သက်ဆိုင်ရာဌာန တာဝန်ခံရဲဘော်များအား ဦးဆောင်၍ အချင်းဖြစ်နေရာသို့ သွားရောက်ကာ ကူညီကယ်ဆယ်ရေးနှင့် ကိုင်တွယ်စီမံရေးလုပ်ငန်းများကို လမ်းညွှန်ပေးလျက်ရှိသည်။ ဆန်းရှီးပြည်နယ်ကော်မတီ၊ ပြည်နယ်နယ်အစိုးရ၏ အဓိက တာဝန်ခံရဲဘော်များကလည်း အချင်းဖြစ်နေရာတွင် ရောက်ရှိနေပြီး အရေးပေါ် စီမံကိုင်တွယ်ရေးလုပ်ငန်းများကို ညွှန်ကြားမှုပြုနေသလို ဆန်းရှီးပြည်နယ်၊ ချန်ကျစ်မြို့အနေဖြင့်လည်း ဒဏ်ရာရသူများအား အစွမ်းကုန် ကယ်ဆယ်ကုသခြင်း၊ အချင်းဖြစ်နေရာတွင် ကူညီကယ်ဆယ်ခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။ လက်ရှိတွင် သက်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Ref - Xinhua
#MNP #News

No comments:
Post a Comment