နေပြည်တော်၊ မေ ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် ခေတ်စနစ်နှင့်လျော်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိအောင်ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ မိမိတို့၏ အမျိုးသားရေးစရိုက်လက္ခဏာများကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
နိုင်ငံတော်သမ္မတကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ စီးပွား ရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်ပြီး “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဟု ဆောင်ပုဒ်ချမှတ်ထားသည်နှင့်အညီ ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ကုန်သွယ်မှုတွင် အဓိကကျသည့် ပို့ကုန်၊ သွင်းကုန်များကို လေ့လာဆန်းစစ်ချက်များအရ မိမိတို့နိုင်ငံမှ အထည်ချုပ်လုပ်ငန်းထုတ်ကုန်များ၊ စိုက် ပျိုးမွေးမြူရေးထုတ်ကုန်များအား ပြည်ပသို့တင်ပို့လျက်ရှိပြီး ပြည်ပမှ လောင်စာဆီများ၊ စားသုံးဆီများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများကို တင်သွင်းနေရပြီး ကုန်သွယ်မှုလိုငွေရှိနေဆဲဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် ယခုထက်ပိုမို၍ ကြိုးပမ်းလုပ်ဆောင်သွားကြရန်လိုအပ်သည်ဟု အဖြေထွက်မည်ဖြစ်ကြောင်း။
မိမိတို့အစိုးရအဖွဲ့သည် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲတွင် ပြည်သူလူထုမှ ၎င်းတို့၏စိတ်သဘောဆန္ဒများအလျောက် ဆန္ဒမဲပေးရွေးချယ်ပြီး ထွက်ပေါ်လာခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များမှ ရွေးကောက် တင်မြှောက်ထားသည့် ရွေးကောက်ခံအစိုးရအဖွဲ့ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၌ ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာတွင် တက်ကြွစွာဖြင့် စည်းကမ်းတကျလာရောက်၍ မဲရုံများ၌ ဆန္ဒမဲများပေးခဲ့ကြသည်ကို တွေ့ရှိခဲ့ရကြောင်း၊ မဲပေးသူအများစုမှာ အသက် ၁၈ နှစ်နှင့် ၅၀ အကြားဖြစ်ကြကြောင်း၊ ၎င်းတို့၏ သဘောဆန္ဒအလျောက် မဲပေးခြင်းဖြစ်ကြောင်း၊ မဲပေးရာတွင် စနစ်တကျဖြင့် တန်းစီ၍မဲပေးခဲ့ကြခြင်းကို တွေ့ခဲ့ရခြင်းသည် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို ထောက်ခံအားပေးမှုကို ပြသခြင်း၊ နိုင်ငံတော်အစိုးရ၏ နိုင်ငံရေးအရဆောင်ရွက်ချက်များကို ထောက်ခံမှုပြသခြင်းပင်ဖြစ်ကြောင်း။
ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ပြီး အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒသမ ၂၃ သန်းရှိသည့်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၃ သန်းကျော်ရှိခဲ့သဖြင့် ဆန္ဒမဲပေးမှုရာခိုင်နှုန်းမှာ ၅၄ ဒဿမ ၂၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ လူငယ်ပိုင်းနှင့် လူလတ်ပိုင်းများ အများစုဖြစ်ကြကြောင်း၊ ရွေးကောက်ပွဲတွင် ပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်မှာ ၆ ပါတီရှိခဲ့ကြောင်း၊ ၃၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁ ဦး ရွေးကောက်ခံခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ဒီမိုကရေစီစနစ်နှင့်အညီ အားလုံးပါဝင်သည့် ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း။
နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများ၊ ခေတ်စနစ် အတွေ့အကြုံများအပေါ်တွင် သင်ခန်းစာယူ၍ မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးလည်မသုန်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ပြည်သူများက ရွေးချယ်ထားသည့်အစိုးရဖြစ်သဖြင့် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားတိုးတက်စေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အချို့သောနိုင်ငံများအနေဖြင့် ပြည်သူများကရွေးချယ်ထားသည့် ဒီမိုကရေစီနည်းလမ်းနှင့်အညီ တာဝန် ထမ်းဆောင်နေသည့်မိမိတို့အစိုးရအပေါ်၌ ကန့်သတ်မှုများ၊ စီးပွားရေး ပိတ်ဆို့မှုများကို ဖိအားပေး လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းတကျ မိမိဆန္ဒဖြင့် လာရောက်မဲပေးကြသူများကို ဒီမိုကရေစီနိုင်ငံများမှ တန်ဖိုးထားရန်လိုပါကြောင်း၊ မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်စေရေး ဆက်လက်ဆောင်ရွက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ဆက်လက်အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်နှင့် လျော်ညီသည့် ပြောင်းလဲမှုများကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း။
ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် ခေတ်စနစ်နှင့်လျော်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိအောင်ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ မိမိတို့၏ အမျိုးသားရေးစရိုက်လက္ခဏာများကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အမျိုး၊ ဘာသာသာသနာ၊ ထုံးတမ်း စဉ်လာများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်သွားရန် တာဝန်ရှိကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လည်း အားနည်းချက်ရှိသည်များကိုပြင်ဆင်၍ ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်သည်များကို ထိန်းသိမ်းသွားကြရန်လိုကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
#MNP #News

No comments:
Post a Comment