ထားဝယ်၊ မေ ၉
တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်အနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ ကာလအတွင်းပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇) အရ တရားရုံးအသုံးပြုသူပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရန် တရားရုံးဝန်ဆောင်မှုများကိုအများပြည်သူလက်လှမ်းမီစေရန်နှင့် တရားရုံး စစ်ဆေးဆဲမှုခင်းများ၏ စစ်ဆေးစီရင်မှုနှင့်စပ်လျဉ်း၍သတင်းအချက်အလက်ရယူလိုသော သတင်းမီဒီယာသမားများနှင့် ဆက်ဆံရေးကောင်းမွန်စေရန်ဆောင်ရွက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး တရား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး က ၂၀-၄-၂၀၂၆ရက်နေ့၌ ကျင်းပခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ အဖွင့်မိန့်ခွန်းပါ လမ်းညွှန်ချက်နှင့်အညီနိုင်ငံတော်အစိုးရ၏ ရက် ၁ဝဝ ကာလအတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂ဝ၂၇)အရ တိုင်းဒေသကြီးတရားလွှတ်တော်နှင့်တရားရုံးအဆင့်ဆင့်ရှိ တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် တရားရုံးဝန်ထမ်းများသည် တရားရုံးသို့ ဦးတိုက်မှုဖြင့် လာရောက်တိုင်ကြားလိုသူများ ရာဇဝတ်မှု၊ တရားမမှုများစွဲဆိုလိုသူများသည်အမှုများစွဲဆိုတင်ပို့ရာတွင် လိုအပ်သည့်အချက်အလက်များကို မေးမြန်းလာပါက တရားစွဲဆိုရာတွင်လိုအပ်ချက်များကို အများပြည်သူသိရှိနိုင်ရန်အတွက် တရားရုံးများတွင် ကြော်ငြာစာများထားရှိပြီးဖြစ်ပါကြောင်း၊ အမှုသည်များအနေဖြင့်လည်းအမှုစစ်ဆေးနေစဉ် အမှုတွဲဆောင်ရွက်ချက်များအပေါ် မိတ္တူကူးရယူလျှောက်ထားလိုခြင်းတို့လည်းရှိနိုင်ပါကြောင်း၊ အဆိုပါကိစ္စရပ်များကိုဆောင်ရွက်နိုင်ရန်အတွက် တရားရုံးများတွင် သတင်းအချက်အလက် ကောင်တာများ၊အမှုလက်ခံကောင်တာ၊ ဘိလစ်ကောင်တာများထားရှိဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ သတင်းအချက်အလက် ကောင်တာများ၊ အမှုလက်ခံကောင်တာ၊ ဘိလစ်ကောင်တာများတွင် တာဝန်ပေးအပ်ထားသော တရားရေးအရာရှိများ(သို့မဟုတ်)တရားရုံးဝန်ထမ်းများသည်အမှုသည်များ၊ ပြည်သူများကလိုအပ်သည့် အချက်အလက်များကို မေးမြန်းလာသည့်အခါ ယဉ်ကျေးပျူငှာစွာဖြေကြားဆက်ဆံကြရန် လိုအပ်ကြောင်း မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)၏ နယ်ပယ် ၅ ဖြစ်သော ထိရောက်သောမှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးကဆောင်ရွက်သည့်အထူးမှုခင်းကိစ္စရပ်တို့ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်နှင့် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်တို့ကိုတိုင်းဒေသကြီးအတွင်းရှိ တရားရုံးအဆင့်ဆင့်တွင် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိတရားရုံးများအနေဖြင့် အများပြည်သူစိတ်ဝင်စားသော မှုခင်းများ၏ သတင်းအချက်အလက်များနှင့် ပတ်သက်၍ သတင်းမီဒီယာများ သိရှိလိုသော အကြောင်းအရာများကိုဖြေကြားပေးနိုင်ရန်တရားရုံး အဆင့်ဆင့်တွင် တရားရုံးသတင်း ပြန်ကြားရေးအရာရှိများ ခန့်အပ်ထားပြီး သတင်းပြန်ကြားရေးအရာရှိများအနေဖြင့် တိကျသေချာသောသတင်းအချက်အလက်များကို သတင်းမီဒီယာဥပဒေ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန် သောတရားရုံးသတင်းမီဒီယာလက်စွဲများနှင့်အညီ ဖြေကြားပေးကြရန်ဖြစ်ကြောင်း၊ ထို့အပြင်တရားလွှတ်တော်၏ Website တွင် မှုခင်းများကြားနာမည့်နေ့ရက်၊ အမိန့်ချမှတ်မည့်နေ့ရက်များနှင့် လုပ်ငန်းစီမံချက်များကို အချိန်နှင့်တပြေးညီ ဖော်ပြဆောင်ရွက်ခြင်းဖြင့် တရားရုံးအဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်ချက်များကို တရားရုံး အသုံးပြုသူများနှင့် ပြည်သူတစ်ရပ်လုံးကသိရှိနိုင်ရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ ကာလအတွင်းသာ ဆောင်ရွက်ပေးကြရန်မဟုတ်ဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မဟာဗျူဟာစီမံကိန်းလျာထားချက်ပါအတိုင်း ပြည့်မီအောင်ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးအတွင်းရှိ တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင် နေသောတရားသူကြီးများ၊ တရားရေးအရာရှိများ၊တရားရုံးဝန်ထမ်းများက တရားရုံးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အများပြည်သူလက်လှမ်းမီနိုင်ရေးနှင့် အမှုစစ်ဆေးစီရင်မှုကို သတင်းမီဒီယာများ မေးမြန်းလာသည့်အချက်အလက်များအပေါ် သတင်းပြန်ကြားပေးခြင်းဖြင့် ပြည်သူများကတရားဥပဒေကိုလေးစားလိုက်နာမှု ဖြစ်ပေါ်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြကြသည်။
ထို့သို့ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
#MNP #News



No comments:
Post a Comment