ပဲခူး၊ မေ ၁၂
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေ ၁၂ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရက်(၁၀၀) စီမံချက်ဖြင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးပေးအပ်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုအစိုးအရအဖွဲ့၏ ရက်ပေါင်း ၁၀၀ စီမံကိန်း ကာလအတွင်း လယ်ယာကဏ္ဍအတွက် ရလဒ်ကောင်း Quick Win ရရှိစေမည့် အစီစဉ်အအဖြစ် ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေနှင့် လယ်ယာ သုံးစက်ကိရိယာချေးငွေများအား တိုးမြှင့်ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများအပြင် လက်မှုလယ်ယာမှ စက်မှု လယ်ယာသို့ ကူးပြောင်းနိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာ ချေးငွေများကို စဉ်ဆက်မပြတ် ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း၊ တောင်သူများနေဖြင့် တိုးမြှင့်ထုတ်ချေးပေးသည့် ချေးငွေများအား လယ်ယာကုန်ထုတ်လုပ်ငန်းတွင် အကျိုးရှိရှိ ထိရောက်စွာအသုံးချပြီး စိုက်ပျိုး သီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေး၊ ထွက်ရှိသည့်သီးနှံများ အရည်အသွေးပြည့်ဝကောင်းမွန်စွာဖြင့် ပြည်တွင်းစားသုံးမှု အတွက်သာမက ပြည်ပသို့တိုးချဲ့တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား သက်ဆိုင်ရာတောင်သူများထံ အသီးသီး ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးပေးရခြင်းနှင့်ပတ်သက်၍ သိသင့်သိထိုက် သည်များအား ပဲခူးတိုင်းဒေသကြီးမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးအေးသိန်းကလည်း ကောင်း၊ ရာသီဥတုအညွှန်းကိန်းအခြေပြု သီးနှံအာမခံနှင့်ပတ်သက်၍ မြန်မာ့အာမခံလုပ်ငန်း တိုင်းဒေသကြီး တာဝန်ခံ ဒေါ်ညိုညိုမင်းကလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။
ယင်းနောက် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခဲ့မှုအပေါ် တောင်သူများကိုယ်စား ပဲခူး မြို့နယ်၊ အုတ်ဖိုကျေးရွာအုပ်စုမှ တောင်သူဒေါ်ဌေးမာစိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို တောင်သူ ပေါင်း(၁၇၁၇၁၄)ဦး၊ စိုက်ဧက(၁၀၇၉၅၄၉)ဧက၊ ချေးငွေကျပ်(၃၂၃.၅၃၅)လီလီယံ ထုတ်ချေးရန်လျာထား သည့်အနက် ရက်(၁၀၀)စီမံချက်အနေဖြင့် တောင်သူပေါင်း(၇၈၉၃၅)ဦး၊ စိုက်ဧက(၅၅၈၈၉၆)ဧကအတွက် ချေးငွေကျပ်(၁၆၇.၆၆၈) ဘီလီယံအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
#MNP #News






No comments:
Post a Comment