မနီလာ၊ မေ ၂၁
ပဉ္စမအကြိမ်မြောက် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက် နံနက်ပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ လီယို အမ် ဟာရီရာ လင်းမ် တို့ ဦးဆောင်၍ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပိုမိုခိုင်မာလာစေရေး၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံရေးတို့တွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။
မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များ အပါအဝင် မြန်မာနိုင်ငံ၏နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် လက်ရှိဖြစ်ပွားနေသည့် အရှေ့ အလယ်ပိုင်းပဋိပက္ခနှင့် ဒေသတွင်းသက်ရောက်မှုများကဲ့သို့သော ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပြင် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် အခြားကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။
အစည်းအဝေးအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ လီယို အမ် ဟာရီရာ လင်းမ် က တည်ခင်းဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။
၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ မြန်မာသံရုံး၌ သံရုံးဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
#MNP #News


No comments:
Post a Comment