မေ - ၂၆ ( အင်္ဂါနေ့ )
ဟော်မုဇ် ရေလက်ကြားကို ပိတ်ထားမှုကြောင့် ပင်လယ်ကွေ့ဒေသရှိ သင်္ဘော ၂,၀၀၀ ခန့်ပေါ်တွင် ပိတ်မိနေကြတဲ့ သင်္ဘောသား ၂ သောင်းကျော်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း က ပိုမိုနက်ရှိုင်းစွာ ခံစားနေရပါတယ်။
သင်္ဘောဝန်ထမ်းအများအပြားသည် ၎င်းတို့ရဲ့ သင်္ဘောများမှ ထွက်ခွာနိုင်ခြင်း မရှိကြသလို၊ အချို့မှာ စားနပ်ရိက္ခာနှင့် ရေချို မလုံလောက်မှုများကို ရင်ဆိုင်နေရပါတယ်။ အခြားသူများမှာလည်း ဒုံးကျည်များ နဲ့ ဒရုန်းတိုက်ခိုက်မှုများ ဖြစ်နိုင်ခြေကြောင့် အနာဂတ်မရေရာမှုအပေါ် စိုးရိမ်ပူပန်မှု ပိုမိုကြီးထွားလာနေတဲ့ အခြေအနေထဲမှာ ရှိနေကြပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ သင်္ဘောဝန်ထမ်းများကလည်း အခြေအနေများ ပိုမိုဆိုးရွားလာခြင်း၊ အထီးကျန်မှုနှင့် ကြောက်ရွံ့မှုများ တိုးလာခြင်းကို ဖော်ပြခဲ့ကြပါတယ်။ ထို့အပြင် နိုင်ငံတကာရေကြောင်းလုပ်သားများဖက်ဒရေးရှင်း ကလည်း သင်္ဘောဝန်ထမ်းအများအပြား ရဲ့အခြေအနေများသည် ပိုမိုပြင်းထန်ဆိုးရွားလာနေကြောင်း သတိပေးခဲ့ပါတယ်။
“ဒီမှာ ကျွန်တော်တို့ လုပ်နေရတာဆိုတာ ညဘက်ကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာပါပဲ၊ တိုက်ခိုက်မှုဖြစ်လာရင် မထိခိုက်ပါစေနဲ့လို့ ဘုရားကိုပဲ ဆုတောင်းနေရတာပါပဲ” လို့ အိန္ဒိယသင်္ဘောသား ဆယ်လ်မန် ဆစ်ဒီကီ က ပိတ်မိနေတဲ့ သင်္ဘောပေါ်မှ ဖုန်းဖြင့် ပြောကြားခဲ့ပါတယ်။
ရိုက်တာ သတင်းသမားက ဆော်ဒီအာရေဗျကမ်းခြေအနီးတွင် ကျောက်ချထားသော သင်္ဘောများထံသို့ အစားအသောက် နဲ့ လိုအပ်သည့်ပစ္စည်းများ ပို့ဆောင်တဲ့ သင်္ဘောတစ်စင်းပေါ်တွင် လိုက်ပါခဲ့ရာ ထိုနေရာတွင် ရေနံတင်သင်္ဘောတွေပေါ်ရှိ ဝန်ထမ်းများက လက်ရန်းအနီးတွင် စုဝေးကာ လက်ပြနှုတ်ဆက်ခဲ့ကြတာကို တွေ့ခဲ့ရပြီး သူတို့က အပြင်လောကနှင့် ဆက်သွယ်ပြတ်တောက်နေရာက ပြန်ရတဲ့ ရှားပါးသော အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။
သုံးလခန့်အတွင်း ပင်လယ်ကွေ့ဒေသတွင် ပိတ်မိနေတဲ့ သင်္ဘောသားအများအပြားသည် အပြင်လောကနှင့် ချိတ်ဆက်မှုနည်းပါးသည့် အထီးကျန်အခြေအနေတွင် နေထိုင်ခဲ့ကြရပြီး၊ သင်္ဘောပေါ်တွင် အလုပ်ဖော်အုပ်စုငယ်များနှင့်သာ အကန့်အသတ်နဲ့ နေထိုင်ခဲ့ကြရပါတယ်။ ၎င်းတို့ရဲ့ နေ့စဉ်ဘဝက အကျဉ်းကျနေသလို သေးငယ်ကျပ်တည်းသော အခန်းများ၊ အများသုံးစားသောက်ခန်းများနဲ့ ပူလောင်နေသော ကုန်းပတ်များအကြား သွားလာနေထိုင်ခြင်းဖြင့်သာ ကုန်ဆုံးနေရပါတယ်။
အချို့အခြေအနေများတွင် သင်္ဘောပိုင်ရှင်များက သင်္ဘောသားများကို မိခင်နိုင်ငံသို့ ပြန်ပို့ပေးရန် ငြင်းဆိုထားကြောင်း သို့မဟုတ် မပေးရသေးသော လစာများကို စွန့်လွှတ်ပေးမှသာ ပြန်ပို့ပေးမည်လို့ ဆိုကြောင်း ပြောဆိုပါတယ်။
အချို့သင်္ဘောသားများကတော့ ၎င်းတို့အား တစ်နေ့လျှင် အစားအစာတစ်ကြိမ်သာ ရရှိနေပြီး၊ အများအားဖြင့် ဆန် သို့မဟုတ် ပဲအမျိုးအစားများသာ ဖြစ်ကြောင်း ပြောကြပါတယ်။ အခြားသူများကလည်း ၎င်းတို့သည် အင်တာနက်ကို အချိန်တိုအတွင်းသာ အသုံးပြုနိုင်သဖြင့် မိသားစုများနှင့် ဆက်သွယ်ရန် သို့မဟုတ် ပြင်ပအကူအညီ ရယူရန် မလုံလောက်ကြောင်း ဆိုကြပါတယ်။
Ref - The Nation
#MNP #News

No comments:
Post a Comment