ယခုရက်ပိုင်းအတွင်း သတင်းစာတွေမှာ "တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများအတွက် ကျောင်းသားသစ်များ ခေါ်ယူခြင်း" ဆိုတာကို တွေ့ရလို့ စိတ်ဝင်စားသင့် လူငယ်များ ချိတ်ဆက်နိုင်ဖို့ သတင်းအဖြစ် ပြန်လည် ဖော်ပြပေးထားပါတယ်။
ဒီအစီအစဉ်က ဒီနှစ်မှ စတင်တာ ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပြောင်းအလဲဖြစ်ပြီး နောက်ပိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က လူငယ်ပညာရေးသင်တန်းကျောင်း အစီအစဉ်ကို မိတ်ဆက်ပြောဆိုသွားပြီးနောက်မှာ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အစီအစဉ် ဖြစ်ပါတယ်။
တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း အတွက် -
၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အခြေခံပညာအထက်တန်းဆင့် Grade-10၊ Grade-11 နှင့် Grade-12 အတန်းပညာများကို သင်ကြားလေ့ကျင့်ပေးမည့် အမှတ်(၁)တပ်မတော် လူငယ်ပညာရေး သင်တန်းကျောင်း(ရဲမွန်)၊ အမှတ်(၂)တပ်မတော် လူငယ်ပညာရေး သင်တန်းကျောင်း(နေပြည်တော်)တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသားသစ်များအဖြစ် လျှောက်ထားသူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-
(က) Grade-10 သင်တန်းအတွက် Grade-9 အောင်မြင်ပြီး အသက် ၁၇ နှစ်ထက်မကြီးသူ၊ Grade-11 သင်တန်းအတွက် Grade-10 အောင်မြင်ပြီး အသက် ၁၈ နှစ်ထက်မကြီးသူ၊ Grade-12 သင်တန်းအတွက် Grade-11 အောင်မြင်ပြီး အသက် ၁၉ နှစ်ထက်မကြီးသူ ဖြစ်ရမည်။
( ခ ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူအမျိုးသား(လူပျို)ဖြစ်ရမည်။
( ဂ ) တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူ၊ သို့မဟုတ် ပြစ်ဒဏ်စီရင်ခြင်းခံရဖူးသူ မဖြစ်စေရ။
(ဃ) စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းအောင်မြင်ရမည်။
အစရှိသော အချက်အလက်တွေ ပါဝင်ပါတယ်။
ဒီအစီအစဉ်ကို စာရေးသူရဲ့ အမြင်ကတော့ ကောင်းမွန်တဲ့ အစီအစဉ်လို့ ဆိုချင်ပါတယ်။ စာရေးသူတို့ ငယ်စဉ်ဘဝ အခြေအနေနဲ့ တွက်ဆကြည့်ရင် မူလတန်းပြီးလို့ အလယ်တန်းတက်ခွင့်ရဖို့ရာ တော်တော်ခက်ခဲပါတယ်။ အလယ်တန်း ပြီးပြန်တော့လည်း အထက်တန်း တက်ခွင့်ရဖို့ မလွယ်ပါဘူး။ အဓိက ကတော့ မပြည့်စုံမှု အခက်အခဲဖြစ်ပါတယ်။ တပ်မတော်က အဲဒီကွက်လပ်ကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ပြီး ဆောင်ရွက်တဲ့ အစီအစဉ်လို့တောင် ထင်မှတ်မိပါတယ်။
ပညာလိုလားတဲ့ လူငယ်များအနေနဲ့ မိသားစုမှာ မိမိပညာရေးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေမယ်၊ ပညာရေးအတွက် ထောက်ပံ့ပေးဖို့ရာ အခက်အခဲ ရှိနေတယ်ဆိုရင် ဒီအစဉ်မှာ ချိတ်ဆက်ပြီး မိမိပညာရေးလည်း အဆက်မပြတ်ရဘူး။ နိုင်ငံတာဝန်ကိုပါ ထမ်းဆောင်ပြီးသား ဖြစ်သွားမှာပါ။
တပ်မတော်၏ လူငယ်ပညာရေးသင်တန်းကျောင်း တက်ရောက်လိုသည့် လူငယ်များအနေဖြင့် -
လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ အောက်ပါ စာရွက်စာတမ်းများနှင့်အတူ ၁၄-၅-၂၀၂၆ ရက်နေ့မှ ၂၀-၅-၂၀၂၆ ရက်နေ့အတွင်း လျှောက်ထားသူ ကာယကံရှင်ကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များသို့ လျှောက်ထားရမည်-
(က) တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ ၃ ပုံ။
( ခ ) နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)။
( ဂ ) မိဘ/အုပ်ထိန်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)။
(ဃ) အိမ်ထောင်စုဝင်လူဦးရေစာရင်း(ပုံစံ-၆၆/၆)(မိတ္တူ)။
( င ) ကျောင်းထွက်လက်မှတ်(မိတ္တူ)။
( စ ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ သို့မဟုတ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးရုံး၏ ထောက်ခံစာမူရင်း။
(ဆ) မိဘ/အုပ်ထိန်းသူ၏သဘောတူညီကြောင်း ထောက်ခံချက်။
ပါရှိရမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါနဲ့အတူ ကျောင်းသားမိဘများကိုလည်း စာရေးသူအနေနဲ့ တပါတည်း တိုက်တွန်းချင်ပါတယ်။ မိမိတို့ရဲ့ မျိုးဆက်သစ် ရင်သွေးရတနာများကို မူလတန်းပြီးကျောင်းထုတ်၊ အလယ်တန်းပြီးကျောင်းထုတ် အလုပ်ခိုင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ထက် လူငယ်များက ပညာကို လိုလားရင် လိုလားသည့်အလျှောက် မိမိတို့ မတတ်နိုင်ရင်တောင် ပညာရေးအဆက်မပြတ်အောင် ဆောင်ရွက်ပေးရမယ့် တာဝန်ရှိပါတယ်။ တပ်မတော်ဆိုတာက စည်းမဲ့ကမ်းမဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး။ စည်းကမ်းတကျ ပြုစုပျိုးထောင်တာ ဖြစ်တဲ့အတွက် မိမိတို့ ရင်သွေးရတနာများအတွက် အနာဂတ်မှာ ပညာနဲ့ဘဝကို ရပ်တည်နိုင်တဲ့ မျိုးဆက်သစ်တွေ ဖြစ်လာပါ။
နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် က မြန်မာပြည်ရဲ့ ပညာရေးစစ်တမ်းကို အခြေခံပြီး ပညာတတ်နည်းပါးသည့် အခြေအနေကို တွက်ဆပြီး ပညာရေးကဏ္ဍကို မြှင့်တင်ဖို့ အလေးထား လုပ်ဆောင်နေပါတယ်။ အလားတူစွာ တပ်မတော်အနေနဲ့လည်း နိုင်ငံတော်အကြီးအကဲရဲ့ ပညာရေးရည်မှန်းချက်ကို လိုက်ပါအကောင်အထည်ဖော်ဆောင်ခြင်း ဖြစ်ပါတယ်။
ပညာလိုလား လူငယ်များ၊ ပညာရေးခရီးဆက်ရန် အခက်အခဲရှိနေသည့် လူငယ်များကို အထူးအားဖြင့် တိုက်တွန်းချင်ပါတယ်။ ပညာဖြင့် ရပ်တည်ခြင်းကသာ လူ့လောကအလယ်မှာ တင့်တယ်စွာ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ပညာဉာဏ်ကြီးရင် ကြီးသည့်အလျှောက် လူ့လောကအလယ်မှာ တင့်တယ်ပါတယ်။ ပညာနည်းရင် နည်းသည့်အလျှောက် လောကဒဏ်ကို ရင်ဆိုင်အံတုရတာက ပင်ပန်းဆင်းရဲလွန်းလှပါတယ်။ မိမိတို့ရဲ့ မျက်စိရှေ့မှာ မြင်နေတွေ့နေရတဲ့ ဘဝသင်ခန်းစာတွေကို ကြည့်မယ်ဆိုရင်ပဲ မှန်ကန်စွာ သိမြင်နိုင်ပါတယ်။ ပညာသင်ကြားရမယ့်အရွယ်မှာ ပညာရအောင် ယူထားခြင်းကသာ မိမိတို့ရဲ့ အနာဂတ်ကို အကောင်းဆုံး ပုံဖော်နိုင်မှာဖြစ်လို့ တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများသည် ပညာလိုလား လူငယ်များအတွက် အားထားရာ ဖြစ်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကျိုင်းတုံတပ်နယ်၊ မိုင်းခတ်နှင့် မိုင်းယန်းတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီတွေ့ဆုံအမှာစကားပြောကြားစဉ်မှာ -
တပ်မတော်အနေဖြင့် တပ်မတော်သားမိသားစုဝင်များ၏ သားသမီးများသာမက တပ်မတော်သားများ၏ ပညာရည်မြင့်မားစေရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပြီး ပညာရည်မြင့်မားစေရေးအတွက် လိုအပ်သည်များ စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မိဘများအနေဖြင့်လည်း စစ်သည်များ၊ ကလေးငယ်များ၏ ပညာရည်မြင့်မားရေးကို အလေးပေးဆောင်ရွက်ကြရန်၊ တပ်မတော်သားများ၏ သား/သမီးအားလုံးကို KG+9 အဆင့်အထိ အနည်းဆုံးတတ်မြောက်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ KG+9 တက်ရောက်အောင်မြင်ပြီးသူများအနေဖြင့်လည်း Vocational ကျောင်းများဖြစ်သည့် စက်မှုကျောင်းများ၊ စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံကျောင်းများသို့ ဆက်လက် တက်ရောက်နိုင်မည်ဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် အခွင့်အလမ်းများရရှိအောင် စီမံဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသွားတာကို ကြည့်ခြင်းအားဖြင့် တိုင်းပြည်ကို ပညာတတ်လူငယ်များနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ယူရမှာ ဖြစ်သည့်အတွက် မိသားစုက မိမိပညာရေးအတွက် အခက်အခဲရှိနေသည့် လူငယ်များ တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း ကနေ ပညာရေးခရီးဆက်ကြဖို့ တိုက်တွန်းလိုက်ရခြင်း ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
#MNP #News


No comments:
Post a Comment