ဗာတီကန်မှ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က သီတဂူဆရာတော်ဘုရားကြီးထံ သဝဏ်လွှာဆက်ကပ် ဆုတောင်းပေးပို့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗာတီကန်မှ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က သီတဂူဆရာတော်ဘုရားကြီးထံ သဝဏ်လွှာဆက်ကပ် ဆုတောင်းပေးပို့




အီတလီနိုင်ငံ၊ ရောမမြို့၊ ဗာတီကန်နန်းတော်မှ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် (၂၅၇၀) ပြည့်မြောက်သော ဝိသာခါပူဇာ (ကဆုန်လပြည့် ဗုဒ္ဓနေ့) အခါသမယတွင် သီတဂူအဓိပတိ ဆရာတော်ဘုရားကြီးထံတော်သို့ မင်္ဂလာသဝဏ်လွှာ ဆက်ကပ်ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ သဝဏ်လွှာတွင် -

အီတလီနိုင်ငံ၊ ရောမမြို့ ဗာတီကန်နန်းတော်မှ ပုတ်ရဟန်းမင်းကြီး လီယို (၁၄) က သီတဂူအဓိပတိဆရာတော်ဘုရားကြီးထံတော်သို့ ဆက်ကပ်ပေးပို့သော

(၂၅၇၀) နှစ်ပြည့် ဝိသာခါပူဇာ (ကဆုန်လပြည့် ဗုဒ္ဓနေ့) သဝဏ်လွှာ


သီတဂူအဓိပတိဆရာတော်ဘုရားကြီးနှင့် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့။

ယခင်နှစ်များနည်းတူ ယခုနှစ်တွင်လည်း မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ‘ဝိသာခါပူဇာ” (ကဆုန်လပြည့် ဗုဒ္ဓနေ့) အခါသမယ ဖြစ်ပါစေကြောင်း လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်းတောင်းအပ်ပါသည်ဘုရား။

ဤထူးမြတ်လှသော ဗုဒ္ဓနေ့ပွဲတော်သည် ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဖွားမြင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းဟူသော (သံဝေဂဉာဏ်ပွားများဖွယ်) နေ့ထူးနေ့မြတ်များကို အောက်မေ့ပူဇော်ကာ ဆင်ယင်ကျင်းပခြင်းဖြစ်ကြောင်း ကောင်းစွာ သိရှိနားလည်ရပါသည်ဘုရား၊ တစ်နည်းအားဖြင့်ဆိုသော် ဤဗုဒ္ဓနေ့အခမ်းအနားသည် လောကလူသားတို့အား ပညာ၊ ကရုဏာနှင့် ငြိမ်းချမ်းရေး လမ်းစဉ်ကို အသစ်တဖန် ပြန်လည်လျှောက်လှမ်းကြရန် နှိုးဆော်တိုက်တွန်း နေခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ ကောင်းစွာ ခံစားနားလည်မိပါသည်ဘုရား။

ငြိမ်းချမ်းရေး (သန္တိ) ဟူသည် စစ်မက်ကင်းစင်ရုံမျှသာမဟုတ်ဘဲ လူသားတို့၏ စိတ်နှလုံးအတွင်း၌ ကိန်းအောင်းတည်ရှိနေရမည့် လက်ဆောင်မွန်တစ်ခု ဖြစ်ပါသည်၊ ၎င်းသည် လူသားတို့၏ အသိဉာဏ်ကို လင်းလက်စေပြီး၊ တိတ်ဆိတ်ငြိမ်သက်သည့် သဘောရှိသော်လည်း အစွမ်းထက်မြက်ကာ အရာရာကို ပြောင်းလဲနိုင်စွမ်းသတ္တိရှိသည့် အင်အားတစ်ရပ် ဖြစ်ပါသည်ဘုရား၊ ပုပ်ရဟန်းမင်းကြီး

လီယို (၁၄) ကလည်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ထုတ် (၅၉) ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ သဝဏ်လွှာတွင် ဤသို့ မှတ်ချက်ပြုခဲ့ဖူးပါသည်-

"ငြိမ်းချမ်းမှု မေတ္တာတရားသည် အမှန်တကယ် တည်ရှိပြီး ကျွန်ုပ်တို့၏ စိတ်အစဉ်၌ ကိန်းဝပ်ပါသည်၊ ၎င်းသည် ကျွန်ုပ်တို့၏ အသိအမြင်ကို လင်းထိန်စေပါသည်၊ သိမ်မွေ့သည့် အစွမ်းသတ္တိရှိပြီး အကြမ်းဖက်မှုများကို တွန်းလှန်နိုင်စွမ်း ရှိပါသည်၊ ငြိမ်းချမ်းမှုသည် ထာဝရတရား၏ လေပြေလေညင်းဖြစ်ရာ ကျွန်ုပ်တို့သည် မကောင်းမှုဒုစရိုက်များကို တော်လောက်ပြီဟု အော်ဟစ်တားမြစ်ကြသော်လည်း၊ ငြိမ်းချမ်းမှုကိုမူ 'ထာဝရတည်ပါစေ' ဟု တိုးတိုးလေး ဆုတောင်းတတ်ကြပါသည်"။

ငြိမ်းချမ်းမှု မေတ္တာတရားသည် အမုန်းတရားနှင့် ကြောက်ရွံ့ခြင်းတည်းဟူသော မုန်တိုင်းများကြောင့် လွင့်ပါးလုနီးပါးဖြစ်နေသည့် မီးတောက်ငယ်လေးကဲ့သို့ နုနယ်လှပါသည်၊ ၎င်းကို ကျွန်ုပ်တို့ ကာကွယ်စောင့်ရှောက်ပြီး ပျိုးထောင်ပေးရမည် ဖြစ်ပါသည်၊ ဤသည်မှာ ကျွန်ုပ်တို့ ဖော်ဆောင်ရမည့် ငြိမ်းချမ်းရေးဖြစ်ပြီး မိမိကိုယ်တိုင် လက်နက်စွဲကိုင်မှုမရှိဘဲ သူတစ်ပါးကိုလည်း လက်နက်စွန့်စေတတ်သည့် ငြိမ်းချမ်းရေးဖြစ်ပါသည်၊ ၎င်းသည် အင်အားအပေါ်တွင် အခြေမခံဘဲ သစ္စာတရား၊ ကရုဏာတရားနှင့် အပြန်အလှန် ယုံကြည်မှုတို့မှ စီးဆင်းလာခြင်း ဖြစ်ပါသည်ဘုရား။

သို့သော်လည်း ယခုခေတ်ကာလတွင် ကမ္ဘာမြေအပေါ် လွှမ်းမိုးနေသော အမှောင်ရိပ်များကို ကျွန်ုပ်တို့ မျက်ကွယ်ပြု၍ မရနိုင်ပါ၊ စစ်ပွဲများ၊ အကြမ်းဖက်မှုများ၊ မြင့်တက်လာသော လူမျိုးရေး-ဘာသာရေး အစွန်းရောက်အမျိုးသားဝါဒများနှင့် ဘာသာရေးကို ခုတုံးလုပ် အမြတ်ထုတ်မှုများသည် ကျွန်ုပ်တို့ လူသားအားလုံး၏ စိတ်ဓာတ်ကို ဆက်လက် ဒဏ်ရာရစေလျက် ရှိပါသည်၊ ကမ္ဘာကြီးသည် တဖြည်းဖြည်း ပျက်သုဉ်းလွယ်ခြင်းသဘောဖက် ယိမ်းယိုင်လျက်ရှိပြီး တခါတရံ စိုးရိမ်ဖွယ်ရာ နောက်ကြောင်းပြန်ဆုတ်မှုများ ရှိနေသည့်အတွက် ငြိမ်းချမ်းရေးကို တောင်းဆိုသံသည် ယခင်ကထက် ပိုမို အရေးတကြီး လိုအပ်လာနေပါသည်။

ဤနေရာတွင် ကျွန်ုပ်တို့၏ ဘာသာတရား အဆုံးအမများက အရေးပါသော လမ်းညွှန်ချက်များနှင့် လိုက်နာကျင့်သုံးစရာများကို ပေးစွမ်းနိုင်ပါသည်၊ ကောင်းမြတ်သော ဘာသာတရားအဆုံးအမများသည် အမှန်တကယ်ပင် လက်နက်ကို စွန့်လွှတ်စေနိုင်စွမ်းရှိပြီး သံသယသံသရာကို ဖြတ်တောက်ပစ်နိုင်ပါသည်၊ မဖြစ်နိုင်ဘူးဟု ထင်ရသော လမ်းစကောင်းများကို ပွင့်စေပါသည်၊ ကျွန်ုပ်တို့ ဘာသာတရားများ၏ အနှစ်သာရကောင်းများသည် မိမိတို့၏ စိတ်နှလုံးမှ ရန်လိုမုန်းတီးမှုများကို စင်ကြယ်စေနိုင်ပါသည်၊ အတားအဆီး အကန့်အသတ်များကို ကျော်လွှားနိုင်ပြီး၊ တစ်ဦးကိုတစ်ဦး လူသားအားလုံး၏ တစ်ခုတည်းသော ဘုံမိသားစုဝင်များအဖြစ် အသိအမှတ်ပြုရန် ဖိတ်ခေါ်နေပါသည်ဘုရား။ 

ဤနေရာ၌ ဘုံမျှော်မှန်းချက် ပန်းတိုင်ကိုရောက်ရှိရန် လမ်းစဉ်ကို လမ်းညွှန်ပြသနေသည့် လိုက်နာကျင့်သုံးစရာ မြတ်စွာဘုရားရှင်၏ လေးနက်သော ဒေသနာကို တွေ့ရှိရပါသည်ဘုရား၊ မြတ်စွာဘုရားရှင်က ဓမ္မပဒ (ဂါထာ ၅) တွင် ဤသို့ ဟောကြားတော်မူခဲ့ပါသည်-

"ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်ငြိမ်းရိုးမရှိ၊ ရန်မတုံ့မူခြင်းဖြင့်သာ ရန်ငြိမ်းနိုင်၏။ ဤသည်မှာ အစဉ်အမြဲ တည်ရှိသော ထာဝရတရား (သန္တနဓမ္မ) ဖြစ်သည်"။ (န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ၊ အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော)။

ထို့ပြင် မေတ္တသုတ် (သုတ္တနိပါတ် ၁.၈) တွင်လည်း ဤသို့ ဆုံးမတော်မူခဲ့ပါသည်-

"တစ်ဦးနှင့်တစ်ဦး လှည့်ပတ်ခြင်း မပြုကြပါစေနှင့်၊ မည်သည့်နေရာ၌မဆို မည်သူ့ကိုမျှ အဝ အထင်သေးမနိမ့်ချကြပါစေနှင့်၊ အမျက်ဒေါသ သို့မဟုတ် ရန်ငြိုးစိတ်ဖြင့် ဖြင့် တစ်ဦးပေါ်တစ်ဦး ဆင်းရဲဒုက္ခ မလိုလားကြပါစေနှင့်"။ (န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ၊ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ)။

ခရစ်ယာန်ဘာသာဝင်များအတွက်မူ သခင်ယေရှုက သူ၏တပည့်သာဝကများအား "သင်တို့၏ ရန်သူများကို ချစ်ကြလော့၊ သင်တို့ကို ညှဉ်းဆဲနှိပ်စက်သောသူတို့အဖို့ ဆုတောင်းပေးကြလော့" (မဿဲ ၅:၄၄) ဟု မိန့်ကြားတော်မူခဲ့ပြီး၊ "ငြိမ်းချမ်းရေးကို ဖော်ဆောင်သောသူတို့သည် မင်္ဂလာရှိကြ၏" (မဿဲ ၅:၉) ဟု ကောင်းချီးပေး ကြေညာခဲ့ပါသည်။

ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတရားနှစ်ခုလုံး၏ လမ်းစဉ်သည် လက်ထဲမှလက်နက်ကို မချရသေးမီ စိတ်နှလုံးထဲမှ လက်နက်ကို အရင်စွန့်လွှတ် စေသည့် လက်တွေ့ကျင့်သုံးရမည့် ငြိမ်းချမ်းရေးဆီသို့ ဦးတည်ချက် တူညီနေကြသည်ဟု ဆိုနိုင်ပါသည်ဘုရား၊ ဤလမ်းစဉ်ကို စကားလုံးများဖြင့် ပြောဆိုရုံမျှဖြင့် မရရှိနိုင်ဘဲ၊ စိတ်နေသဘောထားများကို ပြောင်းလဲခြင်းနှင့် လက်တွေ့ကျကျ လိုက်နာကျင့်သုံး ဆောင်ရွက်ခြင်းတို့ဖြင့်သာ ရရှိနိုင်သည်ဟု နားလည်ရပါသည်ဘုရား။

ဘာသာရေးခေါင်းဆောင်များသည် ဆွေးနွေးညှိနှိုင်းမှုတွင် စစ်မှန်သော မိတ်ဖက်များဖြစ်ကြရန်နှင့် ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ပေးမည့် စစ်မှန်သော ကိုယ်စားလှယ်များ ဖြစ်လာကြရန် တိုက်တွန်းနှိုးဆော်ခြင်း ခံထားရပါသည်၊ ဘာသာဝင်အားလုံးနှင့်အတူ ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးဗိသုကာများ ဖြစ်လာကြရန် ဖိတ်ခေါ်ခံရပြီး၊ ဘေးကထိုင်ကြည့်နေသူများ မဟုတ်ဘဲ ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ပေးနိုင်သူ၊ ဒဏ်ရာများကို ကုစားပေးနိုင်သူနှင့် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပေးနိုင်သူ ရဲရင့်သော သက်သေများဖြစ်လာကြရန် ဖိတ်ခေါ်ခြင်း ခံရပါသည်။

နိုင်ငံသားများအဖြစ်လည်းကောင်း၊ ဘာသာဝင်များအဖြစ်လည်းကောင်း ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးကို မြှင့်တင်ရန်၊ မတရားမှုများကို စိန်ခေါ်ရန်နှင့် အာဏာပိုင်များအနေဖြင့် ကွဲပြားမှုကို ပိုမိုမီးမွှေးခြင်းမပြုဘဲ ထိပ်တိုက်ရင်ဆိုင်မှုများထက် ဆွေးနွေးညှိနှိုင်းမှုကို ဦးစားပေးလုပ်ဆောင်ရန် တိုက်တွန်းနှိုးဆော်ရမည့် တာဝန်ကို အတူတကွ ပိုင်ဆိုင်ထားကြပါသည်၊ ထို့ပြင် ကြောက်ရွံ့ခြင်း သို့မဟုတ် နှုတ်ဆိတ်နေခြင်းတို့ဖြင့် မိမိတို့ကိုယ်တိုင် မတရားမှုများတွင် ကြံရာပါမဖြစ်မိစေရန် သတိပြုကြရမည်ဖြစ်ပါသည်၊ ထို့ကြောင့် လူမှုအဖွဲ့အစည်းတိုင်းသည် ထိတွေ့ဆက်ဆံမှုဖြင့် ရန်လိုမုန်းတီးမှုများကို ကျော်လွှားနိုင်ရာ၊ တရားမျှတမှုကို ကျင့်သုံးရာနှင့် ခွင့်လွှတ်ခြင်းကို တန်ဖိုးထားရာ နေရာများအဖြစ် ကြီးထွားလာရန် အရေးကြီးလှပါသည်။

ကိုယ်တိုင်လည်း လက်နက်စွန့်၊ သူတစ်ပါးကိုလည်း လက်နက်ချစေမည့် စစ်မှန်သော ငြိမ်းချမ်းရေးကို ပျိုးထောင်ခြင်းဆိုသည်မှာ မိမိ၏ အတွင်းစိတ်သန္တာန်ကို ပြောင်းလဲမြှင့်တင်ခြင်း၊ ဆုတောင်းမေတ္တာပွားခြင်းနှင့် အားထုတ်ခြင်း တည်းဟူသော စိတ်ပိုင်းဆိုင်ရာ ကမ္မဋ္ဌာန်ဘာဝနာများ အခြေခံကောင်းများ ားကို တည်ဆောက်ခြင်းပင် ဖြစ်ပါသည်၊ ၎င်းသည် နေ့စဉ်လူမှုဘဝ၌ မေတ္တာကရုဏာထားခြင်း သည်းခံခွင့်လွှတ်ခြင်းတို့ဖြင့် နေထိုင်ကာ၊ အမုန်းတရားနှင့် ကလဲ့စားချေလိုစိတ်များ ပြတ်ပြတ်သားသား ငြင်းပယ်လျက်၊ အနာဂတ်၌ မျှော်လင့်ခြင်း၊ ရဲရင့်ခြင်းတို့ဖြင့် ဖြတ်သန်းနေထိုင်ရသော ငြိမ်းချမ်းရေးမျိုး ဖြစ်ပါသည်။

အကြောင်းမူကား ငြိမ်းချမ်းရေးဆိုသည်မှာ လက်လှမ်းမမီနိုင်သော စိတ်ကူးယဉ် အိမ်မက်တစ်ခု မဟုတ်ဘဲ၊ ကျွန်ုပ်တို့အားလုံး ကိုယ်တိုင် လက်လှမ်းမီ ဖော်ဆောင်နိုင်ကာ၊ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံလျက် အတူတကွ မျှဝေခံစားရမည့် လက်တွေ့ကျသော အမှန်တရားတစ်ခု ဖြစ်သောကြောင့် ဖြစ်ပါသည်ဘုရား။"

ဗုဒ္ဓဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များသည် ဤငြိမ်းချမ်းရေးစိတ်ဓာတ်ကို လက်ကိုင်ထားပြီး၊ မိမိတို့အကြား ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် 'လက်နက်စွန့် ငြိမ်းချမ်းရေး'ကို လက်တွေ့ပြသသူများ ဖြစ်လာကြလိမ့်မည်ဟု ကျွန်ုပ်တို့ အလေးအနက် မျှော်လင့်ပါသည်၊ ထိုသို့ လက်တွေ့ပြသခြင်းဖြင့် လူမှုအဖွဲ့အစည်းကြားက စိတ်ဒဏ်ရာများကို ကုစားပေးနိုင်မည်၊ ပျက်စီးသွားသော ဆက်ဆံရေးများကို ပြန်လည်တည်ဆောက်နိုင်မည်၊ လူသားမျိုးနွယ်တစ်ခုလုံးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်လမ်းစများကို ဖွင့်လှစ်ပေးနိုင်မည် ဖြစ်ပါသည်ဘုရား၊ ထို့ကြောင့် ကျွန်ုပ်တို့အားလုံး ဤငြိမ်းချမ်းရေးမျှော်လင့်ချက်ဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် အသစ်တဖန် နှိုးဆော်တိုက်တွန်းအပ်ပါသည် ဘုရား။

ဆရာတော်ဘုရားကြီးနှင့်တကွ ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ ဝိသာခါပူဇာပွဲတော် အခါသမယ၌ အေးချမ်းသာယာခြင်း၊ ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်စုံပါစေကြောင်းနှင့် မွန်မြတ်သော မြတ်ဗုဒ္ဓလမ်းစဉ်ပေါ်တွင် ကျွန်ုပ်တို့အားလုံး အတူတကွ လျှောက်လှမ်းနိုင်ရန် ခွန်အားများ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါသည်ဘုရား။

မင်္ဂလာအပေါင်းနှင့်ပြည့်စုံ၍ အကျိုးကျေးဇူးများလှသော ဝိသာခါပူဇာဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

ဗာတီကန်စီးတီးမှ ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့

ကာဒီနယ် ဂျော့ခ်ျ ဂျေကော့ဗ် ကူဗာကတ် (George Jacob Card. Koovakad) ဥက္ကဋ္ဌ (Prefect)

မွန်စင်ညော် အင်ဒူနီလ် ဂျာနကရုတ်တန ကံကနမာလဂေ (Msgr. Indunil Janakaratne Kodithuwakku Kankanamalage) အတွင်းရေးမှူး (Secretary)


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)