ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)နှင့် သန်လျင်ခရိုင်အတွင်းရှိ ဦးစီးဌာနများမှ ဝန်ထမ်းများအား တွေ့ဆုံအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)နှင့် သန်လျင်ခရိုင်အတွင်းရှိ ဦးစီးဌာနများမှ ဝန်ထမ်းများအား တွေ့ဆုံအားပေး









နေပြည်တော်၊ မေ ၂၃

 သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း သည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သို့ သွားရောက်ပြီး တက္ကသိုလ်မှ ဝန်ထမ်းများ၊ သန်လျင်ခရိုင်အတွင်းမှ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဝန်ထမ်းများ၊ သန်လျင်ခရိုင်အတွင်းမှ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ်က တက္ကသိုလ်၏ သမိုင်းအကျဉ်းချုပ်၊ တက္ကသိုလ်မှ ပုံမှန်ဘွဲ့သင်တန်းများ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး (HRD) သင်တန်းများ ဖွင့်လှစ်နိုင်မှု၊ ဘွဲ့ပေးအပ်ချီးမြှင့်နိုင်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမှု၊ သုတေသနစာတမ်းများ ပြုစုဆောင်ရွက်နိုင်မှု၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အရည်အသွေး တိုးတက်စေရေးအတွက် နိုင်ငံတကာအလုပ်ရုံ ဆွေးနွေးပွဲများနှင့် သင်တန်းများသို့ စေလွှတ်တက်ရောက်နိုင်မှု၊ နိုင်ငံတော်သမ္မတ၏ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍနှင့် သက်ဆိုင်သည့် မိန့်ခွန်းကောက်နုတ်ချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်မည့် အခြေအနေနှင့် တိုးမြှင့်ဆောင်ရွက်သွားမည့်အ‌ခြေအနေ များ၊ လက်ရှိဝန်ထမ်းအိမ်ရာ နေရာချထားမှုနှင့် ဝန်ထမ်းအိမ်ရာ လိုအပ်မှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ တိုင်းဒေသကြီးဦးစီးမှူးများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးကို နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်အဆောင်များ ဥပဓိရုပ်ကောင်းအောင် လိုအပ် သည်များ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများမှလည်း စွမ်းရည်ရှိပြီး တက္ကသိုလ်၏ မျှော်မှန်းချက်အတိုင်း ကျောင်းသားကျောင်းသူများကို အမှန်တကယ်တတ်မြောက်ရန် သင်ကြားပေးရန်လိုအပ်ကြောင်း၊ ယဉ်ကျေးပြီး မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိသော ကျောင်းသားများ မွေးထုတ်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် များ မွေးထုတ်ပြီး လုပ်ငန်းခွင်တွင် အမှန်တကယ်လုပ်နိုင်စွမ်းရှိသော အသုံးချနိုင်သော သုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်သော သင်ကြားရေးဖြစ်ရန်လိုအပ်ကြောင်း၊ သမဝါယမစနစ်၊ လူမှုစီးပွား ဖွံ့ဖြိုးရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ကျောင်းသားကျောင်းသူ များသိရှိစေရေး သင်ကြားပေးရန်နှင့် ပြန်လည်အသုံးချနိုင်ရန်လိုအပ်ကြောင်း၊ တက္ကသိုလ်၏ အရည်အသွေးအာမခံမှုစနစ် ရရှိရေးဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သမဝါယမစနစ် အစုအဖွဲ့ပုံစံ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ စနစ်ကျသည့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ ဖြစ်စေရေးနှင့် သမဝါယမစနစ်ဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အောင်မြင်ရေး၊ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍   တန်ဖိုးမြှင့်ထုတ်ကုန် (Value Added)များ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် သမဝါယမ စနစ်ကို မဏ္ဏိုင်ပြု၍ ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ကာစေတနားထားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ဝန်းအတွင်းရှိ တက္ကသိုလ်အဝင်မုခ်ဦးနှင့် အဓိပတိလမ်း၊ တက္ကသိုလ်စာကြည့်တိုက်၊ စာသင်ဆောင်များ၊ ဝန်ထမ်းအိမ်ရာများနှင့် အားကစားရုံတို့အား လှည့်လည်ကြည့်ရှုကာ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)