ချုံချင့်၊ မေ ၁၂
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့သည် မြန်မာ့စိန်တလုံးသရက်သီးကို ဈေးကွက်မြှင့်တင်ရန် ရည်ရွယ်သောအားဖြင့် မြန်မာ့စိန်တလုံးသရက်သီး မိတ်ဆက်ပွဲကို ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်တွင် ချုံချင့်မြို့၊ World Financial Center ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ချုံချင့်မြူနီစီပယ်အစိုးရ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Zhu Mao၊ ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာနမှ Second Level Inspector Ms. Fan Qing တို့က အထူးဧည့်သည်တော်များအဖြစ် တက်ရောက်ခဲ့ကြပြီး၊ အစိုးရ ဌာနများမှ တာဝန်ရှိသူများ၊ ချုံချင့်နှင့် ချန်ဒူးမြို့ရှိ ဘယ်လာရုစ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် အခြား ကောင်စစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခြားသော ဖိတ် ကြားထားသည့် ဧည့်သည်များ အပါအဝင် လူဦးရေ ၆၀ ကျော် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားခဲ့ပြီး၊ ဧည့်သည်တော်များအား မြန်မာ့စိန်တလုံးသရက်သီး မြှင့်တင်ရေး ဆိုင်ရာ ဗီဒီယိုမှတ်တမ်းတစ်ခုကို တင်ဆက်ပြသခဲ့သည်။ ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာနမှ Second Level Inspector Ms. Fan Qing က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများအား မြန်မာ့စိန်တလုံးသရက်သီးများ၊ စိန်တလုံးသရက်သီး ဖြင့် ပြုလုပ်ထားသည့် မုန့်များ၊ ဖျော်ရည်များနှင့် မြန်မာ့လက်ဖက်ရည်တို့ဖြင့် တည်ခင်းဧည့်ခံ ခဲ့သည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့အနေဖြင့် မြန်မာ့စိန်တလုံးသရက်သီး မိတ်ဆက်ပွဲတွင် မြန်မာ့စိန်တလုံး သရက်သီးများ၊ မြန်မာ့ကော်ဖီ၊ မြန်မာ့လက်ဖက်ရည်၊ မြန်မာဘီယာနှင့် ယမကာတို့အား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
#MNP #News



No comments:
Post a Comment