ပေါင်၊ မေ ၂၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပေါင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပေါင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများ မှ “ကျောင်းအပ်ကြစို့” သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက နိုင်ငံတော်၏ စွမ်းအားစုများ ဖြစ်သည့် ကျောင်းသားလူငယ်များဟာ အခြေခံပညာမှစတင်ပြီး စနစ်တကျ သင်ယူလေ့လာကြရမှာဖြစ်၍ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းစာသင်ခန်းသို့ ရောက်ရှိနေရမှာ ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးများ၏ အနာဂတ် လှပရေးနှင့် တိုင်းပြည်အတွက် အရည်အသွေးပြည့်ဝသော လူသား အရင်းအမြစ်များပေါ်ထွန်းလာစေရန် သတ်မှတ်ရက်အတွင်း ကျောင်းအပ်နှံခြင်းဖြင့် ပူးပေါင်းပါဝင်ကာ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို ဝိုင်းဝန်းတည်ဆောက်သွားကြပါရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပေါင်မြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးက ကျောင်းအပ်နှံမှု အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေထားသော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများ၊ ကျောင်းဝတ်စုံများအားပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက အလှူရှင်များမှ အလှူငွေပေးအပ်ခဲ့ကြမှုအပါ် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး ပေါင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများမှ "ဇာတိမာန်”သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဆရာ၊ ဆရာများ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် လှည့်လည်ကြည့်ရှုအားပေး၍ ဂုဏ်ပြု ဖျော်ဖြေပေးခဲ့ကြသည့် ပေါင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပေါင်မြို့နယ်၊ မုတ္တမ-ကျွဲခြံကျေးရွာရှိ အိမ်ထောင်စု (၅ဝ) အား အိမ်ခြံဥယျာဉ်စိုက်ပျိုးနည်းစနစ် (Home Garden) ဆောင်ရွက်နိုင်ရန် သီးနှံမျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးမှ ပေါင်မြို့နယ်၏ ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် အိမ်ခြံဥယျာဉ်စိုက်ပျိုးနည်းစနစ် (Home Garden)အား Pilot Project အဖြစ် ဆောင်ရွက်မည့် အစီအစဉ်အား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၏ ရေမြေရာသီဥတုဟာ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် ကောင်းမွန်သောဒေသတစ်ခု ဖြစ်တာကြောင့် ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံများကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် လတ်ဆတ်မှုရှိခြင်းနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းခြင်းတို့ ခံစားရရှိကြမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာန / အဖွဲ့အစည်းများအနေဖြင့်လည်း တောင်သူတွေအတွက် နည်းပညာပံ့ပိုးမှုတွေ၊ လေ့ကျင့်သင်ကြား ပေးမှုတွေနဲ့ လိုအပ်သည့်ကူညီပံ့ပိုးမှုများကို ဆက်လက်ပံ့ပိုးပေးကြရန်၊ စိုက်ပျိုးရေးကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်၊ စားနပ်ရိက္ခာ ဖူလုံပြီး သာယာဝပြောသော လူမှုအသိုက်အဝန်း တစ်ရပ် ပေါ်ပေါက် လာစေရန် ဝိုင်းဝန်းလုပ်ဆောင်ပေးကြရမှာဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အိမ်ခြံဥယျာဉ် စိုက်ပျိုးမည့် အိမ်ထောင်စုများအား ဟင်းသီးဟင်းရွက် မျိုးစေ့များ ပေးအပ်၍ အိမ်ခြံဥယျာဉ်စိုက်တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်မြို့နယ်၊ မုတ္တမ(ကျွဲခြံ)အုပ်စု ကျိုက်ပွန်ကျေးရွာရှိ ဦးစိန်သန်း၏ ကြက်၊ ဝက်မွေးမြူရေးခြံသို့ ရောက်ရှိပြီး ဦးစွာ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် မွေးမြူရေးလုပ်ငန်းရှင်တို့မှ ကြက်၊ ဝက်မွေးမြူရေးခြံ ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာ သမားရိုးကျ နည်းလမ်းများဖြင့် မွေးမြူခြင်းထက် ခေတ်မီနည်းစနစ်များအသုံးပြုမွေးမြူသည့် နည်းလမ်းများကို အသုံးပြုဆောင်ရွက် ကြရန်လိုကြောင်း၊ မွေးမြူရေးခြံ သန့်ရှင်းရေးဆောင်ရွက်မှုနှင့် ရောဂါကူးစက်မှု မဖြစ်ပွားစေရေး ကြိုတင်ဆောင်ရွက်ထားရှိရန်လိုကြောင်း ပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွေးမြူးရေးခြံအတွင်းအသားတိုးကြက် အကောင်ရေ(၅၀၀၀၀)ကောင်၊ ဥစားကြက်အကောင်ရေ(၁၈၀၀၀) ကောင်နှင့် အသားတိုးဝက် အကောင်ရေ(၇၀၀)ကောင် မွေးမြူအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မွန်မလေး
#MNP #News








No comments:
Post a Comment