ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး










နေပြည်တော်၊ မေ  ၂၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဦးခင်မောင်ရီ၊ ဦးမင်းနောင်၊ ဦးထိန်လင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။


ရွှေမြို့ မွေးမြူရေးဇုန်

ဦးစွာ နိုင်ငံတော်သမ္မတသည် နေပြည်တော်ကောင်စီနယ်မြေ၊ ရွှေမြို့မွေးမြူရေး ဇုန်အတွင်းရှိ Sunlight Venture Co. Ltd ၏ ဆိတ်မွေးမြူရေးခြံသို့ ရောက်ရှိစစ် ဆေးရာ လုပ်ငန်းရှင် ဦးမြတ်မင်းလတ် က လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိမှု၊ အစာကျွေးမွေးမှုစနစ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတ က မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ စနစ်ကျနသည့် မွေးမြူရေးစနစ်ဖြစ်စေရေး ကနဦးဆောင်ရွက်သွားရန်လိုပြီး ထိုမှတဆင့် ခေတ်မီမွေးမြူရေးစနစ်သို့ သွားရမည် ဖြစ်ကြောင်း၊ အစာစနစ်၊ ရေစနစ်များကိုလည်း စတင်မွေးမြူစဉ်ကတည်းကပင် စနစ် တကျဖြစ်ရန်လိုပြီး ဇီဝလုံခြုံမှုအတွက်လည်း စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ သတ်မှတ်ထားသည့်ကောင်ရေပြည့်မီရေး၊ အသားထုတ်လုပ်မှု စနစ်တကျဖြစ်စေရေး စီမံဆောင်ရွက်သွားရန်နှင့် အသားထုတ်လုပ်မှုအပြင် ဆိတ်သားရေကိုလည်း ဈေးကွက် သို့ ဖြန့်ဖြူးသွားနိုင်ကြောင်း၊ မိမိတို့အားခွင့်ပြုပေးထားသည့် မြေဧရိယာအတွင်း ဆိတ် အစာ နေဗီယာမြက်များအပြင် ဇီးပင်များကိုလည်း ထည့်သွင်းစိုက်ပျိုး၍ ဇီးသီးခြောက် ဖတ်များကို ကျွေးမွေးနိုင်မည်ဖြစ်ကြောင်း၊ ဆိတ်အစာမြက် စိုက်ပျိုးရာ၌ စဉ်ဆက်မပြတ်သည့် စိုက်ပျိုးထုတ်လုပ်မှုစနစ်ဖြစ်စေရေးအတွက်လည်း စနစ်တကျတွက်ချက် စိုက်ပျိုးသွားရန် လိုကြောင်းနှင့် အခြား လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ရွှေမြို့မွေးမြူရေးဇုန်အတွင်းရှိ နယ်မြေခံ တပ်ရင်း၊ ဝက်မွေးမြူရေးခြံသို့ ရောက်ရှိစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက လုပ်ငန်း ဆောင်ရွက်နေမှု၊ အသားတိုးဝက်များ ဖြန့်ဖြူးရောင်းချခဲ့မှု၊ ထွက်ရှိလာသည့် ဝက်များ အား ပြင်ပဈေးနှုန်းထက်သက်သာသောနှုန်းထားဖြင့် တိုင်းစစ်ဌာနချုပ်များအသီးသီး သို့ ရိက္ခာစို၊ အသားခြောက်၊ အသင့်စား ဝက်သားဟင်းထုပ် စသည့် နည်းလမ်းများဖြင့် ဖြန့်ဖြူးပေးလျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတ က ဝက်မျိုးများအား ပြည်ပမှ တင်သွင်းမွေးမြူခြင်းထက် မိမိကိုယ်တိုင် မျိုးထုတ်၍ တိုးချဲ့မွေးမြူသွားရန်လိုကြောင်း၊ စတင်မွေးမြူသည်မှစ၍ အသားထုတ်လုပ်သည်အထိ စနစ်တကျဖြစ်ရန်လိုပြီး သတ် မှတ်ထားသည့်နှုန်းထားအတိုင်း အစာကျွေးမွေးမှုရှိရန်နှင့် သတ်မှတ်ကာလအတွင်း အသားထုတ်လုပ်သွားနိုင်ရန်လိုကြောင်း၊ အောင်မြင်ပြီးဖြစ်သည့် ဝက်မွေးမြူရေးလုပ် ငန်းများ၏ လုပ်ငန်းစနစ်များကိုလည်း လေ့လာ၍ သုတေသနပြုဆောင်ရွက်သွားကြရန် လိုကြောင်း၊ မျိုးထုတ်လုပ်မှုစနစ်၊ မွေးမြူမှုစနစ်၊ အစာကျွေးမွေးမှုစနစ်၊ အသားထုတ် လုပ်မှုစနစ်တို့ကို စနစ်တကျဖြင့် စီမံချက်ရေးဆွဲဆောင်ရွက်သွားရန်လိုပြီး စဉ်ဆက် မပြတ်သည့် မွေးမြူထုတ်လုပ်မှုစနစ်ဖြစ်စေရေး စနစ်တကျ စီမံဆောင်ရွက်သွားရန်လို ကြောင်း၊ ယခုထက်တိုးချဲ့မွေးမြူနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။


အမှတ် (၁)ကံကြီးမွေးမြူရေးဇုန်

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တပ်ကုန်းမြို့နယ်၊ အမှတ် (၁) ကံကြီးမွေးမြူရေးဇုန်အတွင်းရှိ ဦးတွမ်ခင်ဝင်း ၏ ဖန်ဟွ နို့စားနွားမွေးမြူရေးခြံသို့ ရောက်ရှိကြရာ လုပ်ငန်းရှင်ဦးတွမ်ခင်ဝင်းက နို့စားနွားနှင့် နွားသားပေါက် မွေးမြူ ထားရှိမှု၊ ဒေသထွက်ကုန်ကြမ်းများအသုံးပြု၍ တိရစ္ဆာန်အစာထုတ်လုပ် ကျွေးမွေးမှု၊ နို့ချက်စက်ရုံနှင့် ဒိန်ချဉ်စက်ရုံ လည်ပတ်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက နို့စားနွားမွေးမြူခြင်းပုံစံနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများမှ မွေးမြူခြင်းပုံစံများကိုလည်း လေ့လာသွားကြရန်လိုပြီး အစာကျွေးမွေးမှုစနစ်၊ အညစ်အကြေးသိမ်းဆည်းမှုစနစ်များကိုလည်း လေ့လာ ဆောင်ရွက်သွားရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အညစ် အကြေးများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် လျှပ်စစ်ဓာတ်အားခ သက်သာစေရေးအတွက် အညစ်အကြေးအား ပြန်လည်သိုလှောင်၍ ဇီဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီးထုတ်လုပ်သုံးစွဲမှုစနစ် (Biogas Generator System)ကိုလည်း ဆောင်ရွက် ၍ရနိုင်ကြောင်း၊ အစာထုတ်လုပ်မှုနှင့်ပတ်သက်၍လည်း နေဗီယာမြက်များ၊ ဒေသတွင်း မှ ထွက်ရှိသည့် ပြောင်းများကို ရောစပ်အစာပြုလုပ်ခြင်း၊ ချဉ်ဖတ်လုပ်၍ ကျွေးမွေးခြင်း တို့ကို ဆောင်ရွက်နိုင်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

၎င်းနောက် နိုင်ငံတော်သမ္မတသည် ဦးမြတ်စံ ၏ကြက်မွေးမြူရေးခြံသို့ ရောက်ရှိကြပြီး အသားတိုးကြက်နှင့် ဥစားကြက်မွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကိုကြည့်ရှုစစ်ဆေးရာ လုပ်ငန်းရှင် ဦးမြတ်စံက လိုက်လံရှင်းလင်းတင်ပြ သည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတ က လုပ်ငန်းဆောင်ရွက်မှုများ အား အဆင့်ဆင့် အဆင့်မြှင့်တင်သွားရန်လိုပြီး အလိုအလျောက်အစာကျွေး၊ ရေတိုက်၊ ဥသိမ်းဆည်းခြင်းစနစ်တို့ကို ဆောင်ရွက်သွားနိုင်ကြောင်း၊ ဥစားကြက်မွေးမြူခြင်းသည် စားရေရိက္ခာပေါများစေခြင်းနှင့် ဈေးနှုန်းသက်သာစွာဖြင့် အာဟာရပြည့်မီစွာစားသုံးနိုင် စေခြင်းတို့ကို အထောက်အကူဖြစ်စေကြောင်း၊ ကြက်ဥတစ်လုံးစားသုံးခြင်း၏ အစာ အာဟာရရရှိမှုသည် ကြက်သား ၅ ကျပ်သားစားသုံးခြင်း၏ အာဟာရနှင့်ညီမျှသည် ဖြစ်ပြီး ကုန်ကျစရိတ်အနေဖြင့်လည်း သုံးပုံတစ်ပုံခန့်သက်သာစေကြောင်း၊ ထို့ကြောင့် လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်အောင်ဆောင်ရွက်သွားရန်နှင့်တိုးချဲ့ ဆောင် ရွက်သွားရန် တိုက်တွန်းလိုကြောင်း၊ ကြက်ခြံများအပူရှိန်သက်သာစေရေးအတွက် အမိုးနေရာတွင် အုတ်ကြွပ်များကိုလည်းပြောင်းလဲ အသုံးပြုနိုင်ကြောင်းနှင့် အခြား လိုအပ်သည်များကို အကြံပြုတိုက်တွန်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဦးတင်မြိုင် ၏ အသားတိုးဝက်ခြံသို့ ရောက် ရှိပြီး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက လိုက်လံရှင်းလင်းတင်ပြပြီး နိုင်ငံတော်သမ္မတက သိရှိလိုသည်များနှင့် လိုအပ်သည်များ ပြန်လည်အကြံပြုမှာကြားသည်။

ထို့နောက်ရှင်းလင်းဆောင်ခန်းမတွင်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း က နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ကံကြီးမွေးမြူရေးဇုန်၊ ရွှေမြို့မွေးမြူရေး ဇုန်၊ ပြောင်ခေါင်းကြီး မွေးမြူရေးဇုန် တို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိမှု၊ ဇုန်အလိုက်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ သတ်မှတ်ကောင်ရေ ပြည့်မီအောင်မွေးမြူနိုင်ရေး၊ ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရေး ကြီးကြပ်ဆောင်ရွက် လျက်ရှိမှု၊ မေထုန်မဲ့နည်းဖြင့် မျိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ဆက်လက်ဆောင် ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် မွေးမြူရေးဇုန်များအကောင်အထည်ဖော်ဆောင်ရွက်စေခြင်းသည် အသား၊ ငါးများ နှင့် ဥအမျိုးမျိုးတို့အား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ စားရေရိက္ခာ ဖူလုံပေါများစေရန် ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက် ရန် မြေနေရာရယူထားကြသည့်လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းများအောင် မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သိပ္ပံနည်းကျခေတ်မီမွေးမြူရေးစနစ်သို့ မလျှောက်လှမ်းနိုင်မီ စနစ်ကျနသည့် မွေးမြူရေးစနစ်ကို ဦးစွာကျင့်သုံးဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ယခုမွေးမြူရေးလုပ်ငန်းများသည် တိရစ္ဆာန်များအား ခြံများအတွင်း လှောင်၍ မွေးမြူကြသည်ဖြစ်သဖြင့် သန့်ရှင်းသပ်ရပ်သည့် အစာကျွေးမွေးမှုစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တို့ကို ဦးစွာ အကောင်အထည်ဖော်ဆောင်ကြရန် လိုကြောင်း။

မွေးမြူရေးစနစ်များတွင် လွှတ်ခြင်း၊ လှန်ခြင်း၊ လှောင်ခြင်းဟူ၍ရှိကြောင်း၊ စား ကျက်များအတွင်း လွှတ်၍မွေးမြူခြင်းဖြင့် စားရိတ်သက်သာကြောင်း၊ ကြိုးဖြင့်ချည်၍ လှန်ကျောင်းသည့်စနစ်ဖြင့် မွေးမြူခြင်းသည်လည်း အထိုက်အလျောက်အားဖြင့် စရိတ် သက်သာမှုရှိကြောင်း၊ လှောင်၍မွေးမြူခြင်းမှာ စရိတ်ကုန်ကျမှုရှိသော်လည်း စနစ် တကျမွေးမြူမည်ဆိုပါက အောင်မြင်သည့်မွေးမြူရေးလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ယခုကံကြီးမွေးမြူရေးဇုန်၊ ရွှေမြို့မွေးမြူရေး ဇုန်၊ ပြောင်ခေါင်းကြီး မွေးမြူရေးဇုန် မြေနေရာများသည် တိရိစ္ဆာန်အစာများပေါများစွာ ရရှိနိုင်သည်ဖြစ်

သဖြင့်မွေးမြူရေးဇုန်များ သတ်မှတ်မွေးမြူစေခြင်းဖြစ်ပြီး လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ကြရာတွင် အစာရရှိနိုင်မှု၊ ဈေးကွက်ရရှိနိုင်မှုတို့ကို ထည့်သွင်း တွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေး ကုန်ကြမ်းများဖြင့်တိရစ္ဆာန်အစာများကို ထုတ်လုပ်ကျွေးမွေးခြင်းနှင့် စားသုံးမှုဖူလုံ အောင် မွေးမြူထုတ်လုပ်ပေးနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျော့ကျစေနိုင် မည်ဖြစ်ကြောင်း။

နို့စားနွားမွေးမြူခြင်းနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် နို့နှင့်နို့ထွက်ပစ္စည်း များကို နှစ်စဉ်ပြည်ပမှပမာဏများစွာတင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာကုန်ကျ သုံးစွဲနေကြရကြောင်း၊ မိမိတို့နိုင်ငံအတွင်း လုံလောက်မှုရှိအောင် ထုတ်လုပ်နိုင်မည် ဆိုပါက တင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ဒိန်ချဉ်ကိုသာ ထုတ်လုပ်နေကြသည်ကို တွေ့မြင်ရပြီး အများစုသုံးစွဲကြသည့် နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်တို့ကို အလုံအလောက်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အာဟာရပြည့်မီစွာနှင့် ဈေးနှုန်းသက်သာ စွာ စားသုံးနိုင်ရေးအတွက် နို့နှင့် ကြက်ဥတို့ကို အပြည့်အဝရရှိအောင် ဆောင်ရွက်ပေး သွားရန်လိုကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေနှင့် နိုင်ငံတော်အတွက် အထောက် အကူဖြစ်စေသည့်လုပ်ငန်းရပ်များဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားကြ စေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သည် ဖြစ်စေ၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သည်ဖြစ်စေ မျိုး၊ မြေ၊ ရေ၊ နည်း တည်းဟူ သော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်း၊ မွေးမြူခြင်း၊ မြေကို စနစ်တကျပြုပြင် စိုက်ပျိုးသကဲ့သို့ စနစ်ကျသည့် မွေးမြူရေးစနစ်ဖြစ်အောင်ဆောင်ရွက်ခြင်း၊ ရေအပြည့် အဝရရှိအောင် ဆောင်ရွက်ပေး ခြင်း၊ စိုက်နည်းစနစ်၊ မွေးနည်းစနစ်များ ကောင်းမွန်စေခြင်းတို့ဖြင့် လုပ်ငန်းများ အောင်မြင်စေမည်ဖြစ်ကြောင်း၊ မွေးမြူရေးဇုန်များအတွင်း ကုန်ထုတ်လမ်းများ ကောင်း မွန်မှုရှိစေရေး စီစဉ်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ မွေးမြူရေးဇုန်များအလိုက် လုပ်ငန်းရပ်များအလိုက် ခြံစည်းရိုး စနစ်တကျကာရံခြင်း၊ ခြုံနွယ်များရှင်းလင်းခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းများကိုလည်း စနစ်တကျဆောင်ရွက်သွား ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)