မေ - ၂၆ ( အင်္ဂါနေ့ )
ဂါဇာဒေသသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပို့ဆောင်ရန် ရည်ရွယ်ခဲ့တဲ့ ဂလိုဘယ်ဆမ်းမက် လှေအုပ်စု တွင် ပါဝင်ခဲ့ရာမှ အစ္စရေးစစ်တပ်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဩစတြေးလျ လူ့အခွင့်အရေး လှုပ်ရှားသူများက ၎င်းတို့အား အစ္စရေး လုံခြုံရေးတပ်ဖွဲ့များရဲ့ ဖမ်းဆီးထိန်းသိမ်းမှုအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှု နဲ့ ညှဉ်းပန်းနှိပ်စက်မှုများ အလုပ်ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
မေလလယ်ပိုင်းတွင် အစ္စရေးစစ်တပ်က ဆိုက်ပရက် ကမ်းလွန် နိုင်ငံတကာရေပိုင်နက်အတွင်းရှိ ရွက်လှေ ၅၀ ခန့်ကို ကြားဖြတ်တားဆီးခဲ့ပြီး၊ ပါလက်စတိုင်းနယ်မြေ ဂါဇာအပေါ် ချမှတ်ထားသော ရေကြောင်းပိတ်ဆို့မှု ကို ချိုးဖောက်ဖြတ်ကျော်ရန် ကြိုးပမ်းနေတဲ့ နိုင်ငံပေါင်း ၄၀ မှ စေတနာ့ဝန်ထမ်း ၄၃၀ ဦးကို ဖမ်းဆီးထိန်းသိမ်း ခဲ့ပါတယ်။ အစ္စရေးက ၎င်းတို့ကို ထိန်းသိမ်းရေးစခန်းများတွင် ရက်အနည်းငယ်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် နိုင်ငံအသီးသီးသို့ ပြန်လည်ပို့ဆောင်လိုက်ပါတယ်။
အဲ့ဒိလှေအုပ်စုအဖွဲ့တွင် ပါဝင်ခဲ့တဲ့ ဩစတြေးလျနိုင်ငံသား ၁၁ ဦးအနက် ပထမအသုတ်သည် တနင်္ဂနွေညတွင် မဲလ်ဘုန်းမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ အခြားသူများမှာ တနင်္လာနေ့တွင် ဆစ်ဒနီနှင့် ဘရစ်စဘိန်းမြို့များသို့ ရောက်ရှိလာခဲ့ကြပါတယ်။
အစ္စရေးအာဏာပိုင်များ၏ ထိန်းသိမ်းမှုအတွင်း လေးရက်ကြာ နေခဲ့ရစဉ်အတွင်း ဂျူလိယက်လာမောင့် က "လုံးဝ ငရဲကျသလို အတွေ့အကြုံမျိုး" ကို ဖြတ်သန်းခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ ကျမကို ဖမ်းဆီးတဲ့ သင်္ဘောပေါ် ကနေ အလင်းရောင်မရှိတဲ့ ကွန်တိန်နာတစ်လုံးထဲကို ဆွဲခေါ်သွားခဲ့ပါတယ်။ ကျမ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံခဲ့ရတယ်။ ရိုက်နှက်ခံခဲ့ရတယ်... ဒီစကြဝဠာထဲမှာ ဝိညာဉ်ကင်းမဲ့ဆုံး လူတွေရဲ့ မျက်လုံးတွေကို ကျွန်မ ကြည့်ခဲ့ရတယ်၊ ပြီးတော့ အဲဒီမျက်လုံးတွေထဲကနေ လူသားဆန်မှု တစ်စုံတစ်ရာကိုမှ မတွေ့ခဲ့ရဘူး" လို့ သူမက ပြန်လည်ပြောပြခဲ့ကြောင်း ရိုက်တာ သတင်းဌာန က ဖော်ပြထားပါတယ်။
ဗိုင်အိုလက် ကိုကို က ဂါးဒီးယန်သတင်းစာကို ပြောကြားရာတွင်၊ သူမသည် သေနတ်ဖြင့် ချိန်ရွယ် ထိန်းသိမ်း ခံခဲ့ရပြီး၊ အဝတ်အစားများ ချွတ်ခိုင်းခံရကာ သင်္ဘောကုန်သေတ္တာတစ်လုံးအတွင်းသို့ တွန်းပို့ခံခဲ့ရကြောင်း၊ ထိုနေရာတွင် ရိုက်နှက်ခံရခြင်း၊ ကန်ကျောက်ခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ခံခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။ ထို့အပြင် စစ်သားများက သူမရဲ့ အဝတ်မပါသော ခန္ဓာကိုယ်ကို ဓာတ်ပုံရိုက်ယူခဲ့ကြောင်းလည်း ဆိုပါတယ်။ "ကျမတို့ကို ညှဉ်းပန်းနှိပ်စက်တဲ့ နည်းလမ်းမျိုးစုံအောက်မှာ အမြဲတမ်း ထားခဲ့ကြတယ်။ နောက်တစ်ခါ ဘယ်လိုနာကျင်မှုမျိုး ရောက်လာမလဲဆိုတာကို မသိနိုင်တဲ့ အခြေအနေမှာ ရှိနေခဲ့ရတယ်" လို့ ကိုကို က စွပ်စွဲပြောဆိုခဲ့ပါတယ်။
အခြား စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆမ်ဝိုရီပါ ဝပ်ဆန် ကလည်း ၎င်းအား အစ္စရေးတပ်ဖွဲ့ဝင်များက အကြိမ်ကြိမ် ကန်ကျောက်ရိုက်နှက်ခဲ့ပြီး၊ ပါးရိုးကျိုးခြင်း၊ နံရိုးကျိုးခြင်း အပါအဝင် အခြားဒဏ်ရာများ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အစ္စရေး စစ်တပ်က အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ဖမ်းဆီးခဲ့တဲ့တပ်တွေကို လှေအုပ်စုမှာ ပါဝင်သူများကို “လေးစားမှုရှိပြီး သင့်လျော်သော နည်းလမ်းဖြင့် ဆက်ဆံရန် လုပ်ထုံးလုပ်နည်းပေးထားတယ်” လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ထို့ပြင် တပ်ဖွဲ့ဝင်များအနေနှင့် ထိုလုပ်ထုံးလုပ်နည်းမှ သွေဖည်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ခြင်း မရှိကြောင်း ဆိုပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment