တာဝန်ရှိသူတွေ မျက်နှာလွှဲ၍ နေစိမ့်ပါသလား - Myanmar National Post

Myanmar National Post

News Agency

Breaking

တာဝန်ရှိသူတွေ မျက်နှာလွှဲ၍ နေစိမ့်ပါသလား


တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်တဲ့နေရာမှာ တဖက်မှာ အားကောင်းပြီး တဖက်မှာ အားပျော့တာမျိုးမဖြစ်သင့်ပါဘူး။ အကြမ်းဖက်သမား အခြေပြုလှုပ်ရှားနေတဲ့ နေရာဒေသအသီးသီးမှာ အလုံးစုံရှင်းလင်းနိုင်ခြင်း မရှိလျင်တောင် အကြမ်းဖက်သမားများကို ထိန်းသိမ်း ဟန့်တားနိုင်တဲ့ အခြေအနေမျိုးဖြစ်မှ ရပါမယ်။ စစ်ဆင်ရေးကိစ္စများနဲ့ပတ်သက်လို့ မပြောဘူးဆိုတာက စစ်ဆင်ရေးကို စစ်ရေးနဲ့ သက်ဆိုင်တဲ့သူတွေက မိမိတို့ထက် တတ်သိနားလည်တယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် သူတို့တွေ အလေးထားလုပ်ဆောင်နေတယ်လို့ မှတ်ယူထားတဲ့အတွက် ဝေဖန်ပြောဆိုခြင်းမျိုး မလုပ်ပါဘူး။

သို့သော် အပြစ်မဲ့ပြည်သူများ ထိခိုက်နစ်နာမှု ကြီးမားလွန်ရင်တော့ လစ်ဟာမှုတွေ၊ ပေါ့လျော့မှုတွေကို ထောက်ပြပြောဆိုကြရမှာပဲ ဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ထဲက ပြည်သူ့စစ်ကျေးရွာများမှာ အခက်အခဲကြုံနေရတာ ကြာပါပြီ။ ဒေသခံတွေနဲ့ နီးစပ်တဲ့ပုဂ္ဂိုလ်တွေက ပြောဆိုနေတော့ လိုအပ်တဲ့ အကူအညီ ရလိမ့်မယ်လို့ပဲ ယူဆပါတယ်။ စာရေးသူထံကိုလည်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ဆက်သွယ်ပြီး အခြေအနေကို ပြောပြလို့ တာဝန်ရှိသူများထံ ပြောကြားသည့်အသံဖိုင် ပေးပို့တင်ပြခဲ့ဖူးပါတယ်။ သရက်ကန်ရွာကို PDF အကြမ်းဖက်အဖွဲ့က ဝင်စီးလို့ ပြည်သူ့စစ်တွေမှာ ရှိတဲ့လက်နက်ခဲယမ်းနဲ့ ခုခံကာကွယ်ပြီး တွင်းမပြည်သူ့စစ်ရွာအထိ တိမ်းရှောင်ထွက်ပြေးခဲ့ကြရတယ်။ ကျေးရွာထဲမှာ ရှိတဲ့ ရေတွင်းရေကန်ပါမကျန် PDF အကြမ်းဖက်သမားများက ဖျက်ဆီးသွားတယ်။ အဓိကအားဖြင့် အကူအညီ လိုအပ်တာတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးပါ။ ထိခိုက်ဒဏ်ရာရထားသူတွေ ရှိတယ်။ ဆေးဝါးကုသဖို့ လိုအပ်တယ်။ ရိက္ခာအကူအညီတောင်းခံရခြင်းကလည်း လပေါင်းများစွာ ရိက္ခာပြည့်စုံလုံလောက်မှုမရှိလို့ ဆန်ပြုတ်သောက်ခဲ့ရတဲ့ နေ့တွေရှိတယ်။ တွင်းမ ပြည်သူ့စစ်ရွာကို သွားပေါင်းနိုင်ပြီဖြစ်လို့ အင်အားအသင့်အတင့်တော့ ရှိပြီ။ လိုအပ်တာလေးတွေ ကူညီပံ့ပိုးပေးနိုင်ဖို့ ပြောပါတယ်။

သရက်ကန်ပြီးတော့ ကုက္ကိုစုရွာ အတိုက်ခံရတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေကိုပါ PDF အကြမ်းဖက်သမားများက ဖမ်းဆီးသွားတယ်ဆိုတော့ ဘယ်လောက်တောင် အသက်ခံရပြီး ဘယ်လိုအနိဋ္ဌာရုံတွေ မြင်တွေ့ရအုံးမလဲ။ မကြားဝံ့ မနာသာ ရက်စက်ယုတ်မာမှုတွေကို မြင်တွေ့ရလိမ့်အုံးမယ်။

နောက်တစ်ခုက ချောင်းဦးမြို့နယ်ထဲမှာ PDF အကြမ်းဖက်သမားများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရတဲ့ ဆရာတော် ၂ပါးနဲ့ ဆရာ ဆရာမများကိစ္စ၊ ဆရာတော် ၂ပါး နဲ့ ဆရာမများ၊ အုပ်ချုပ်ရေးမှူး ပေါင်း ၇ ဦး အသက်ခံရပြီးပြီ။ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ ခေါင်းဖြတ်သတ်ခဲ့ကြတာ ဖြစ်ပါတယ်။ စာသင်ကျောင်းဖွင့်တာကို မလိုလားလို့ သံဃာတော်များနဲ့ ဆရာမများ၊ ဆရာမများရဲ့ ခင်ပွန်းများ၊ အုပ်ချုပ်ရေးမှူးတို့ကို PDF အကြမ်းဖက်သမားများက ဖမ်းဆီးသွားခြင်း ဖြစ်တယ်။

ဆရာတော် ၂ပါးနဲ့ ဆရာမများရဲ့ ခေါင်းဖြတ်သတ်ပြီး ခေါင်းပြတ်တွေကို ပြန်ပို့သွားတယ်ဆိုတော့ နောက်လူတွေကိုပါ ကျောင်းဖွင့်ရဲဖွင့်ကြည့် ခေါင်းပြတ်လိမ့်မယ်လို့ ခြိမ်းခြောက်တဲ့ အကြီးစား ခြိမ်းခြောက်မှုပါ။

PDF အကြမ်းဖက်သမားတွေကတော့ လူမဆန်တော့ဘူး။ အလွန်အမင်း ရက်စက်ယုတ်မာနေပြီ။ ဒါက အသိတရားကင်းမဲ့ပြီး ဆင်ခြင်တုံတရားမရှိတဲ့ သူယုတ်မာတွေရဲ့ လုပ်ရပ်မျိုးတွေ ဖြစ်ပါတယ်။

ဒီလို အခြေအနေမျိုးတွေ မဖြစ်ပေါ်ရလေအောင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးကို တာဝန်ယူဆောင်ရွက်နေသူတွေက ယခုလို အပြစ်မဲ့ သံဃာတော်များ၊ ဆရာမများ၊ ပြည်သူများ အကြမ်းဖက်ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရချိန်မှာ အရေးပေါ် ကူညီနိုင်ရေး၊ ကယ်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးခြင်း မရှိတာဟာ တာဝန်မဲ့ခြင်းတမျိုးပဲ ဖြစ်ပါတယ်။

PDF အကြမ်းဖက်သမားများ ဆိုးသွမ်းယုတ်မာနေတဲ့ ကာလတစ်ခု (အမှတ်မမှားဘူးဆိုရင်တော့ ၂၀၂၂ခုနှစ်ထဲမှာပါ) စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခု မြို့နဲ့မလှမ်းမကမ်း နယ်မြေရဲစခန်းတစ်ခုကို အကြမ်းဖက်သမားတွေက ဝင်စီးသတဲ့ အရေးပေါ် အကူအညီတောင်းတော့ မြို့ပေါ်က ရဲအရာရှိက မနက်မှ အလောင်းသွားကောက်လိုက်လို့ ဆိုသတဲ့။ အကြမ်းဖက်သမားတွေက အဲဒီလောက်နဲ့ မပြီးသွားဘူး။ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ မိသားစုတွေရဲ့ နေအိမ်ကို ဝင်စီးပြီး ရဲတပ်ဖွဲ့ဝင်ရဲ့ ဇနီးမိသားစုကို ဖမ်းဆီးနှိပ်စက်တယ်။ ရဲတပ်ဖွဲ့ဝင်ရဲ့ ဇနီးဖြစ်သူက နှိပ်စက်ခံနေရတဲ့ကြားက သူ့ယောက်ျားကို ဖုန်းဆက်ပြီး အကူအညီတောင်းတယ်။ မြို့မစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်က သွားရောက်ကယ်တင်ဖို့ အရာရှိကို တင်ပြတယ်။ နောက်နေ့မှ အလောင်းသွားကောက်လိုက်လို့ ပြောတယ်။ PDF အကြမ်းဖက်သမားတွေက နှိပ်စက်ကလူပြုပြီးနောက် ရဲတပ်ဖွဲ့ဝင်ရဲ့ ဇနီး၊ ကလေး၊ သက်ကြီးရွယ်အို ၂ဦး နေအိမ်ကို ဓာတ်ဆီပတ်လောင်းပြီး မီးလောင်တိုက်သွင်းခဲ့ကြတယ်။ ဒါတွေက တကယ်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေပါ။

ပေါက်မြို့နယ်အတွင်းက သရက်ကန်၊ ကုက္ကိုစုတို့မှာ ပြည်သူများက PDF အကြမ်းဖက်သမားများရဲ့ ဘေးအန္တရာယ်ကို ကြံ့ကြံ့ခံပြီး ခုခံကာကွယ်နေကြတယ်။ အကူအညီလိုအပ်တဲ့အချိန် အကူအညီမရဘူး။ အခုတော့ အားလုံးအတိဒုက္ခရောက်နေကြရပြီ။ ချောင်းဦးမြို့နယ်မှာ ဆရာတော် ၂ပါးနဲ့ ဆရာမတွေ ဖမ်းဆီးသွားတယ်။ အချိန်မီ ကယ်တင်ခြင်း မရှိဘူး။ ခေါင်းဖြတ် အသတ်ခံကြရတယ်။ အသတ်မခံရသေးဘဲ ကျန်ရှိနေသူတွေကို ကယ်တင်ပေးဖို့ လိုအပ်နေတယ်။

မြို့နယ်တိုင်းမှာ ဒေသဆိုင်ရာ စီမံအုပ်ချုပ်ရေး၊ ကာကွယ်ရေး တာဝန်ပေးအပ်ထားသူတွေ ရှိပါတယ်။ အထက်ဖော်ပြပါ အခြေအနေမျိုး ပြည်သူတွေကြုံတွေ့နေရပြီဆိုရင်ဖြင့် အရေးပေါ် ကူညီပေးရမယ့် ကိစ္စတွေဖြစ်သည့်အတွက် အရေးပေါ် ကူညီဆောင်ရွက်တာမျိုး၊ ကယ်တင်ပေးတာမျိုး လိုအပ်ပါတယ်။ ပြီးမှ အလောင်းသွားကောက်လိုက်လို့ မလုပ်သင့်တော့ပါဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့ခြင်းက ရဟန်းရှင်လူပြည်သူများ အတိဒုက္ခရောက်ရခြင်းသို့ ဆိုက်ရောက်တာပါပဲ။ 

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သမ္မတရာထူးတာဝန် မယူမီ တပ်ချုပ်ကြီးအနေနဲ့ တပ်နယ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အကြမ်းဖက်နှိမ်နင်းရေးအတွက် ပြောဆိုခဲ့တဲ့စကားတစ်ခွန်းကို စာရေးသူ မှတ်မှတ်သားသား ရှိပါတယ်။ ရှမ်းပြည်နယ်ဘက်ကို သွားတဲ့ခရီးစဉ်မှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ "ဒေသအလိုက် အကြမ်းဖက်လှုပ်ရှားမှု ပပျောက်အောင်၊ လက်နက်ကိုင်ပြီး အပြစ်မဲ့ပြည်သူများကို အနိုင်ကျင့်စော်ကားမှုမျိုးတွေ မရှိရလေအောင် ဆောင်ရွက်ကြရမယ်" လို့ မှာကြားခဲ့ပါတယ်။

အခုဖြစ်နေတဲ့ အခြေအနေက လက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုတွေကို လက်နက်မဲ့ ရဟန်းရှင်လူပြည်သူတွေ ခါးစီးခံနေကြရတယ်။ အရေးပေါ် ကူညီဆောင်ရွက်ပေးမှုမျိုးတောင် မရရှိတဲ့ အခြေအနေမျိုးဖြစ်နေခြင်းဟာ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်တွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေက အလေးမထားတဲ့ သဘောမျိုး ဖြစ်နေပါတယ်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းရယူပြီးချိန်မှာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ အကြမ်းဖက်နှိမ်နင်းရေး က ထိထိမိမိရှိလာပါတယ်။ ယခုဆိုရင် အကြမ်းဖက်သမား အခြေပြုလှုပ်ရှားခဲ့တဲ့ မြို့ရွာတွေမှာ အစိုးရယန္တရား ပြန်လည် လည်ပတ်နိုင်ဖို့ လုပ်ဆောင်နိုင်သည်အထိ ရလဒ်ကောင်းတွေ တွေ့မြင်ရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှာတော့ အကြမ်းဖက်နှိမ်နင်းရေးဟာ ထိရောက်ပြတ်သားမှု အားနည်းနေဆဲဖြစ်ပြီး အပြစ်မဲ့ရဟန်းရှင်လူပြည်သူများ၊ ဆရာ ဆရာမများ အတိဒုက္ခရောက်နေရခြင်းက ဒေသအာဏာပိုင်တွေရဲ့ တာဝန်ယူ၊ တာဝန်ခံမှုဟာ မေးခွန်းထုတ်စရာအခြေအနေ ဖြစ်နေဆဲပါ။ အခုလို ပေါက်မြို့နယ်မှာ ဒေသခံပြည်သူအမြောက်အများ အကြမ်းဖက်ဘေးနဲ့ ကြုံတွေ့နေရတဲ့ အခြေအနေ၊ ချောင်ဦးမြို့နယ်မှာ သံဃာတော် ၂ပါး၊ ဆရာမများ ခေါင်းဖြတ်အသတ်ခံရတဲ့အခြေအနေ ဒီလိုကိစ္စမျိုးတွေဟာ မသိကျိုးကျွန်ပြုပြီး မျက်နှာလွှဲထားလို့ရတဲ့ ကိစ္စမျိုးတွေ မဟုတ်ပါဘူး။ အစွန်းရောက် အကြမ်းဖက်ဝါဒီတွေက ရဟန်းရှင်လူပြည်သူလူထုအပေါ် အလွန်အမင်းရက်စက်ယုတ်မာလာပြီဆိုရင် တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေက အကြမ်းဖက်နှိမ်နင်းရေးကို ပိုမိုထိရောက်ပြတ်သားစွာ ဆောင်ရွက်ပေးသင့်တဲ့ အခြေအနေကို ထောက်ရှုတင်ပြခြင်းသာ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)