အမျိုးသားရေး ဦးဆောင်ဆရာတော် ၁ပါး က ချောင်းဦးမြို့နယ်မှာ ဆရာတော် ၂ ပါး ဖမ်းဆီး သတ်ဖြတ်ခံရတဲ့ သတင်းကို လှမ်းပြောတယ်။ သို့သော် အချက်အလက်တွေ ပို့လိုက်မယ်ဆိုပြီး ရောက်မလာခဲ့ပါဘူး။ ဒီနေ့ ဦးလှဆွေပြောမှ သိလိုက်ရတာက ဆရာတော် ၂ပါး တည်းဖမ်းဆီး သတ်ဖြတ်ခံရခြင်းမဟုတ်ဘဲ ဆရာ ဆရာမများနဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် ၁၅ ဦး ဖမ်းဆီးခံရပြီး ၇ဦး ကိုတော့ ရက်စက်စွာ သတ်ဖြတ်လိုက်ကြပြီလို့ သိရပါတယ်။
PDF အကြမ်းဖက်အဖွဲ့က သူတို့ သတ်လိုက်ပြီးတော့ ခေါင်းပြတ်တွေကို ရွာထဲ ပြန်လာပို့သွားတယ်လို့ သိရပါတယ်။ ခေါင်းဖြတ်သတ်ခြင်းခံရတဲ့အထဲမှာ ကျောင်းထိုင်ဆရာတော် ဦးပညာ၊ ခန်းနေဆရာတော်၊ ဒေါ်ပပဦး၊ ဒေါ်ခင်စန်းဌေး၊ ဒေါ်သီတာမြင့်၊ ဦးကျော်ကျော်နိုင်၊ အုပ်ချုပ်ရေးမှူး ဦးစိုးတင့် တို့ကို ခေါင်းဖြတ်သတ်ပြီး ခေါင်းပြတ်တွေကို လာပြန်ပို့သွားတယ်ဆိုတော့ PDF အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုဟာ လွန်ကဲတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
ဒီလို အခြေအနေတွေကို ထောက်ရှုပြီး နစကအစိုးရလက်ထက်ကတည်း က ကျောင်းတွေ ပြန်ဖွင့်တဲ့နေရာမှာ အကြမ်းသမား ခြိမ်းခြောက်မှုရှိနေတဲ့ နေရာတွေကို ဇွတ်အတင်း ကျောင်းဖွင့်ခိုင်းခြင်းမျိုး ဖိအားပေးခိုင်းစေခြင်းမျိုး မလုပ်သင့်ကြောင်းကို အကြိမ်ကြိမ် ဆွေးနွေး တင်ပြခဲ့ဖူးပါတယ်။ အဲဒီလို ဆွေးနွေးတင်ပြနေရင်းကြားမှာပဲ ကျောင်းဖွင့်နေစဉ် အကြမ်းဖက်သမားများက ကျောင်းထဲဝင်လာပြီး ဆရာများကို ဖမ်းဆီးသွားတာ၊ လမ်းမှာ သတ်ခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့တာတွေ အဆိုးဆုံးအခြေအနေအထိ ဖြစ်ခဲ့ပါတယ်။
ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းအဖွဲ့များရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေမှာ ဆင်ခြင်တုံတရားကင်းမဲ့လွန်းပြီး အစွန်းရောက်တာမှ ကမ်းကုန်လွန်းမက ကမ်းကုန်အောင်ကို ရက်စက်ယုတ်မာရိုင်းစိုင်းကြတာ ဖြစ်ပါတယ်။
ဦးလှဆွေလည်း ဒီအကြောင်းကို စိတ်မကောင်းစွာနဲ့ပဲ ပြောသွားတယ်လို့ ထင်ရပါတယ်။ အသတ်မခံရသေးတဲ့ ဆရာမတွေကို ကယ်ထုတ်နိုင်ဖို့လည်း တိုက်တွန်းပြောဆိုသွားပါတယ်။
မျိုးဆက်သစ်တွေရဲ့ ပညာရေးဟာ အရေးကြီးပါတယ်။ တဖက်မှာ ဆင်ခြင်တုံတရားကင်းမဲ့လွန်းတဲ့ သူယုတ်မာတွေကလည်း ရရင်ရသလို ရက်စက်ယုတ်မာနေတယ်ဆိုရင် ကျောင်းတွေဖွင့်တဲ့နေရာမှာ လုံခြုံရေးအားကောင်းရဲ့လား၊ အကြမ်းဖက်သမားများက တစ်စုံတစ်ရာ ဒုက္ခပေးလာခဲ့သည် ရှိသော် အချိန်နဲ့တပြေးညီ ကာကွယ်မှုပေးနိုင်သလား ဆိုတာကိုလည်း ကြည့်ရမှာ ဖြစ်ပါတယ်။ အကြမ်းဖက်သမား လှုပ်ရှားမှု ရှိနေတဲ့ ဒေသတွေမှာဆိုရင် ဆရာ ဆရာမတွေ လုံခြုံစွာနေထိုင်နိုင်ဖို့ကိုပါ စီမံပေးပါမှ မျိုးဆက်သစ်တွေရဲ့ ပညာရေးအတွက် လုပ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ အခုတော့ ဆရာမတွေ ဖမ်းဆီး သတ်ဖြတ်ခြင်းခံလိုက်ရပြီ။ သူတို့ဆီက ပညာအမွေလက်ဆင့်ကမ်းယူမယ် ကျောင်းသားလူငယ်များစွာအတွက် နစ်နာဆုံးရှုံးလိုက်ရပြီ။ ဒီလိုအခြေအနေမျိုးတွေ မဖြစ်အောင် သက်ဆိုင်ရာမြို့နယ် အာဏာပိုင်များက မိမိတို့ မြို့နယ်ဒေသရဲ့ အခြေအနေမှန်ကို မလိမ်မညာ တင်ပြကြဖို့ ကောင်းပါရဲ့။
ကျောင်းဖွင့်လှစ်ဖို့ရာ မလွယ်ကူသေးတဲ့ နေရာတွေမှာဆိုရင်လည်း ဖွင့်လို့ မရသေးတဲ့အကြောင်း၊ ဆရာ ဆရာမများအတွက် အန္တရာယ်ရှိကြောင်း မှန်မှန်ကန်ကန် တင်ပြကြမယ်ဆိုရင် ဖိအားပေးခိုင်းစေတတ်တဲ့ တာဝန်ရှိသူများလည်း ကိုယ်ချင်းစာတရားနဲ့ တနည်းတဖုံ ပြောင်းလဲစီမံလို့ ရတန်ကောင်းပါရဲ့။
အခုတော့ နစ်နာဆုံးရှုံးလိုက်ရတဲ့ အခြေအနေက ရင့်နင့်ဖွယ်ရာဖြစ်ရပ်တွေပါ။ အခုဆိုရင် လွှတ်တော် ပေါ်လာလို့ သက်ဆိုင်ရာ မြို့နယ်အလိုက် ကိုယ်စားလှယ်ကြီးတွေလည်း ရှိနေပါတယ်။ အာဏာပိုင်များက ဒေသရဲ့ အခြေအနေမှန်ကို ဖုံးကွယ်ထားတယ်ဆိုရင်တောင် လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနဲ့က ပြည်သူလူထုက ယုံကြည်အားကိုးလို့ ရွေးချယ်ထားသူတွေ ဖြစ်တဲ့အတွက် မဖြစ်သင့်တာတွေ မဖြစ်အောင် ဒေသခအခြေအနေမှန်များကို မိမိတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာများကသော်လည်းကောင်း၊ မီဒီယာများနဲ့ ချိတ်ဆက်ပြောဆိုထားခြင်းအားဖြင့် မဖြစ်သင့်တဲ့ ဘေးဒုက္ခတွေ မဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ကိုလည်း တောင်းဆိုလိုပါတယ်။
အများပြည်သူ ကြားဖူးကြလိမ့်မယ်။ ပညာရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ မာလာလာဆိုတဲ့ မိန်းခလေးတစ်ယောက် အကြောင်း ဖြစ်ပါတယ်။ မာလာလာသည် ပါကစ္စတန် အနောက်မြောက်ပိုင်း ခီဘာ ပတ်တွန်ခဝါပြည်နယ်၊ ဆွပ်ဒေသအတွင်းရှိ မင်ဂိုရာမြို့ငယ်လေး က ဖြစ်ပါတယ်။ အစ္စလာမ်းမစ်အစွန်းရောက် တာလီဘန်တွေရဲ့ လက်အောက်မှာ အမျိုးသမီးများ ပညာသင်ကြားခွင့် မရတဲ့အခြေအနေကို ကမ္ဘာ့မီဒီယာကြီးတွေကို ပေးပို့ပြီး ဖော်ထုတ်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီ လုပ်ရပ်ကြောင့်ပဲ မာလာလာ ဟာ နိုဘယ်ဆုချီးမြှင့်ခံရသည်အထိ ထင်ရှားလာခဲ့ပါတယ်။ အခြားသော အစ္စလာမ်းမစ်အစွန်းရောက်အဖွဲ့များ ရှိရာတိုင်းပြည်များမှာလည်း အလားတူ ပြဿနာမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒါက ဘာသာရေးအစွန်းရောက်မှုနဲ့ အမျိုးသမီးများ ပညာသင်ကြားခွင့် ဆုံးရှုံးရတဲ့ အခြေအနေဖြစ်ပါတယ်။
အစ္စလာမ်းမစ်အစွန်းရောက်တွေက မိန်းခလေးတွေကိုသာ ပညာသင်ကြားခွင့်မပေးတာ။ ကျွန်တော်တို့ မြန်မာပြည်ထဲက PDF တွေကတော့ ဘယ်သူ့ကိုမှ ပညာသင်ကြား သင်ယူခွင့် မပေးချင်တဲ့ အခြေအနေအထိ ဖြစ်နေပြီ။ အစ္စလာမ်းမစ်တွေက အစွန်းရောက်တယ်ဆိုရင် နီပိန်း PDF အကြမ်းဖက်သမားတွေက ဆယ်ဆသာတယ်လို့တောင် ပြောရမှာ ဖြစ်ပါတယ်။ PDF တွေက ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များမဟုတ်ပါဘူး။ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များဖြစ်ပါတယ်။ ဘာသာ သာသနာကိုပါ ဖျက်ဆီးနေတဲ့ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များ ဖြစ်ပါတယ်။
ချောင်းဦးမြို့နယ်အတွင်းမှာ ဖြစ်သွားတဲ့ ဖြစ်စဉ်ဖြစ်ရပ်မျိုးတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်အကြီးအကဲများ၊ ပညာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများအနေနဲ့က ခေါင်းအေးလွန်းတာမျိုး မဖြစ်သင့်ပါဘူး။ အထူးအားဖြင့် အခုလို ဖြစ်ရပ်တွေဟာလည်း စစ်ကိုင်းတိုင်းဒေသကြီးထဲမှာပဲ အဖြစ်များပါတယ်။ ပညာရေးနယ်ပယ်မှာက တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး ပညာပြ၊ ဒုက္ခပေးတဲ့ လုပ်ရပ်တွေ လုပ်ချင်သူတွေကလည်း ရှိနေသေးတယ်။ ဒါကတော့ ဆရာတော် ဦးဝီရသူ တင်ပြသွားသလို စစ်ကိုင်းတိုင်းပညာရေးမှူး၊ စစ်ကိုင်းမြို့က ပညာရေးမှူးတွေရဲ့ လုပ်ရပ်မျိုး အခက်အခဲကြားက ကြိုးစားပြီး ပညာသင်ကြား သင်ယူလာတဲ့ ကလေးတွေကို နစ်နာအောင် လုပ်တဲ့ လုပ်ရပ်မျိုးတွေကလည်း အလေးထား စိစစ်ထိန်းကျောင်းသင့်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။
ဒီလိုဖြစ်စဉ်ဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်ရအောင် လက်ရှိ အကြမ်းဖက်သမားလှုပ်ရှားမှုရှိနေတဲ့ ဒေသတွေမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေကိုလည်း ယာယီပိတ်ထားတာမျိုး၊ ဆရာ ဆရာမများနဲ့ ကျောင်းသား ကျောင်းသူများ ဘေးကင်းရာမှာ အေးချမ်းစွာ ပညာသင်ကြားနိုင်ဖို့ အခြားသော အစီအမံများ ဆောင်ရွက်ပေးတာမျိုး ဖြစ်သင့်ပါတယ်။
ဆရာ ဆရာမတစ်ယောက် ဆုံးရှုံးလိုက်ရရင် မျိုးဆက်သစ် ကျောင်းသားလူငယ် (၁၀၀)အတွက် နစ်နာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်စဉ်ဖြစ်ရပ်တွေကြောင့် ဆရာ ဆရာမတွေ အသက်ဆုံးရှုံးရပြီဆိုရင် သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များ၊ ပညာရေးဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ ငါတို့တာဝန်မကင်းဘူးလို့ မှတ်ယူပါ။ သက်ဆိုင်ရာ နယ်မြေဒေသအလိုက် လုံခြုံရေးတာဝန် ဆောင်ရွက်နေသူများကလည်း အကြမ်းဖက်နှိမ်နင်းရေးကို ဟန်ပြမလုပ်ဘဲ စံပြအနေနဲ့ ထိရောက်ပြတ်သားစွာ လုပ်ဆောင်ကြဖို့နဲ့ အကြမ်းဖက်လှုပ်ရှားမှု အမြစ်ပြတ်အောင်အထိ လုပ်ဆောင်ရန် တာဝန်ရှိတာကို လေးလေးနက်နက် လုပ်ဆောင်ပေးကြဖို့ တောင်းဆိုလိုပါတယ်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အိန္ဒိယနိုင်ငံက သတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာ "ပထမဦးဆုံး PDF တွေကို ငြိမ်းချမ်းရေးရော၊ လုံခြုံရေးပိုင်းရော ဦးစားပေးပြီးရှင်းမှာပါ" လို့ ပြောဆိုထားတာကို တွေ့ရပါတယ်။ အခု PDF အကြမ်းဖက်အဖွဲ့တွေ ရှိနေသေးတယ်။ လက်နက်မဲ့ ပြည်သူလူထုအပေါ်အမှာ အလွန်အမင်း ယုတ်မာရိုင်းစိုင်းကြတယ်။ ချောင်းဦးမြို့နယ်မှာ ဆရာတော် ၂ပါးနဲ့ ဆရာမများ အသတ်ခံလိုက်ရတဲ့ ဖြစ်ရပ်က ဆိုးသွမ်းရက်စက် ယုတ်မာရိုင်းစိုင်းလွန်းလှပါတယ်။ နိုင်ငံတော်သမ္မတရဲ့ စကားကို အလေးထားပြီး PDF အကြမ်းဖက်နှိမ်နင်းရေးကို ပြတ်သားစွာ လုပ်ဆောင်ပေးကြဖို့နဲ့ PDF အကြမ်းဖက်သမားများရဲ့ လက်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ဆရာ ဆရာမများကိုလည်း ဘေးကင်းအောင် ကယ်တင်ပေးကြဖို့ အလေးအနက် တိုက်တွန်းတောင်းဆိုလိုပါတယ်။
နောင်တော်လေး (ဘိုကလေး)
#MNP #News

No comments:
Post a Comment