အရှက်သိက္ခာကင်းမဲ့လွန်းသော အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

အရှက်သိက္ခာကင်းမဲ့လွန်းသော အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ


ကျွန်တော်တို့ အရပ်ဒေသက ကျေးရွာအုပ်စုတစ်ခုမှာ အုပ်ချုပ်ရေးမှူး ရွေးပွဲ လုပ်သတဲ့။ အုပ်ချုပ်ရွေးမှူး အရွေးခံကြသူများထဲမှာ ရပ်ကျိုးရွာကျိုး တကယ်လုပ်တဲ့သူ ၂ဦး ပါတယ်။ ဖဲသမားတစ်ဦး ပါတယ်။

အဲဒီဖဲသမားက နယ်နယ်ရရ ဖယ်သမားမဟုတ်ပါဘူး။ တောရောမြို့ပါမကျန် သိကြတဲ့ ဖဲသမားပါ။ အဲဒီဖဲသမားက ယခင်ကလည်း အုပ်ချုပ်ရေးမှူးလုပ်ခဲ့ဖူးတယ်။ နစကအစိုးရလက်ထက် အုပ်ချုပ်ရေးမှူးတွေ ပြောင်းတော့ မြို့နယ်မှာ သူက သဘေားထားမှတ်ချက်ပေးပြီး သူ့တပည့်အရက်သမားကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ခန့်သွားခဲ့သေးတယ်။ သူ့တပည့် အရက်သမားကလည်း အုပ်ချုပ်ရေးမှူး ဖြစ်စတုန်းကတော့ ပုံစံတစ်မျိုးပေါ့ဗျာ။ နည်းနည်းလေး ကြာလာပြီး အပါးဝလို့ ရမှန်းသိတဲ့အခါကြတော့ မူးလာတိုင်း ဧည့်စာရင်းစစ်၊ ရွာသူရွာသားတွေအပေါ်က မတန်တဆ ဒဏ်တွေရိုက်ပြီး ကိုယ်ကျိုးရှာတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေပေါ်ပေါက်လာတဲ့အခါကြတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး တစ်အိမ်ထောင်ဘယ်လောက် ဆိုပြီး ကောက်လိုက်တဲ့ငွေဟာ လစဉ် ရာနဲ့ချီပြီး ကောက်ခံရယူသွားတယ်။

ဟော အခု အုပ်ချုပ်ရေးမှူးရွေးမယ်ဆိုတော့ အရက်သမားအုပ်ချုပ်ရေးမှူးရဲ့ ဆရာဖြစ်တဲ့ ဖဲသမား ပြန်ပါလာတယ်။ အခြားသူ ၂ဦးကတော့ အုပ်ချုပ်ရေးမှူး ဖြစ်ချင်လွန်းလို့ရယ် မဟုတ်ပါဘူး။ ကိုယ့်ရပ်ကိုယ့်ရွာမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတာဖြစ်တဲ့အတွက် သူတို့စွမ်းနိုင်သလောက် လုပ်ဆောင်ပေးဖို့ ရည်ရွယ်ချက်နဲ့ အုပ်ချုပ်ရေးမှူး အရွေးခံကြခြင်းဖြစ်ပါတယ်။ ဖဲသမား နဲ့ ပြိုင်ကြရတာပေါ့ဗျာ။ ဖဲသမား အုပ်ချုပ်ရေးမှူး ဖြစ်တဲ့ကာလ ရွာ (၅)ရွာ ရှိရာမှာ ဘယ်ရွာမှ ဘာမှ တိုးတက်မှု မရှိဘူး။ ဒါကိုလည်း ရွာသူရွာသားတွေ အသိပါ။

အခု အုပ်ချုပ်ရေးမှူး ရွေးကြတော့ဗျာ မဲပေးကြတဲ့သူတွေက ဖဲသမားကိုပဲ မဲပေးကြတယ်။ ဖဲသမား အုပ်ချုပ်ရေးမှူး ပြန်ဖြစ်တယ်။ ဖဲသမားကလည်း အရှက်သိက္ခာမရှိသလို ဖဲသမားကို မဲပေးတဲ့သူတွေရဲ့ အတွေးကို ဘယ်လိုမှ စဉ်းစားလို့ မရဘူး။ ရပ်ရွာဒေသ တိုးတက်ရေး၊ ဖွံ့ဖြိုးရေးဆိုတာကို သူတို့ခေါင်းထဲမှာ ရှိပုံမပေါ်ဘူး။ ဖဲသမား အုပ်ချုပ်ရေးမှူးဖြစ်၊ ဖဲဝိုင်းတွေ လွတ်လပ်စွာ လုပ်ခွင့်ရ၊ နေချင်သလိုနေ၊ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ အတွေးနဲ့ ဖဲသမားကိုပဲ ပုံအောလိုက်ကြပုံ ရပါတယ်။ ဖဲသမား အုပ်ချုပ်ရေးမှူး ပြန်ဖြစ်သွားပြန်ပါပြီ။

ရပ်ကျေးအုပ်ချုပ်ရေးဥပဒေမှာ -

ပုဒ်မ ၁၃။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် အောက်ပါလုပ်ငန်းတာဝန်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်-

(က) လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး၊

(ခ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူများ၏ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတာဝန်များဆောင်ရွက်ခြင်း၊

(ဂ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူများ၏ အခွင့်အရေးကို ကာကွယ်စောင့် ရှောက်ခြင်း၊

(ဃ) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပံ့ပိုးကူညီခြင်း၊

(င) မှုခင်းများနှင့်ဒုစရိုက်မှုများ ဖော်ထုတ်ခြင်း၊ သတင်းပေးတိုင်ကြားခြင်း၊ ဖမ်းဆီးအရေးယူခြင်းများ နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများအား သတင်းပို့ခြင်းနှင့်ကူညီခြင်း၊

(စ) ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၊ နေပြည်တော်ကောင်စီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့ကဖြစ်စေ၊ ယင်းတို့၏တာဝန်ပေးချက်အရ အစိုးရဌာန၊ အဖွဲ့အစည်းကဖြစ်စေ ဦးစီးကျင်းပသည့် အခမ်းအနားများနှင့် ပွဲများမှအပ အခြားအခမ်းအနားများ၊ အများပြည်သူသို့ ဖျော်ဖြေသည့် ပွဲများ၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ရိုးရာဓလေ့အရပွဲများ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးထံ အသိပေးတင်ပြပြီး တာဝန်ယူ၊ တာဝန်ခံ ကျင်းပစေခြင်း၊

(ဆ) ပယ်ဖျက်

(ဇ) ရပ်ကွက် သို့မဟုတ် ကျေးရွာအတွင်း နေထိုင်သူ မဟုတ်သော မသင်္ကာဖွယ်သူစိမ်းတွေ့ရှိပါက သက် ဆိုင်ရာသို့ သတင်းပို့ခြင်းနှင့်ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တစ်ပြေးညီ အစီရင်ခံခြင်း၊

(ဈ) အသံချဲ့စက် ဖွင့်ခွင့်တောင်းခံခြင်းကို စည်းကမ်းချက်သတ်မှတ်၍ ခွင့်ပြုခြင်း၊ ခွင့်ပြုချက်မရှိဘဲ အသံချဲ့ စက်ဖွင့်သူ သို့မဟုတ် စည်းကမ်းဖောက်ဖျက်သူအား အရေးယူခြင်း၊ အရေးယူရန် အကြောင်း ကြားခြင်း၊

(ည) အများပြည်သူနှင့် သက်ဆိုင်သည့် ဖျော်ဖြေမှု၊ အပန်းဖြေအနားယူမှုလုပ်ငန်းများ တည်ထောင်ခွင့် တောင်းခံလာပါက သဘောထားမှတ်ချက်ဖြင့် သက်ဆိုင်ရာသို့ တင်ပြခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်လျှင်ဖြစ်စေ၊ စည်းကမ်းချက် မလိုက်နာလျှင်ဖြစ်စေ အရေးယူခြင်း၊ အရေးယူရန် အကြောင်းကြားခြင်း၊

(ဋ) အများပြည်သူဆိုင်ရာ နေရာတွင်လောင်းကစားခြင်းကို ဖမ်းဆီးခြင်း၊ အရေးယူနိုင်ရန် အကြောင်း ကြားခြင်း၊

(ဌ) လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေခြင်း သို့မဟုတ် ရှာဖွေရန် ဝရမ်းထုတ်ပေးခြင်း အစရှိသော ပြဋ္ဌာန်းချက်များ ပါဝင်ပါတယ်။


ဖဲသမား အုပ်ချုပ်ရေးမှူး လုပ်ခဲ့တဲ့ကာလတလျှောက် ပြည်သူ့အကျိုးပြုလုပ်ငန်း ဘာတွေဆောင်ရွက်ခဲ့သလဲ။ ဘာမှ ပြစရာမရှိပါဘူး။ လောင်းကစားမှုတွေနဲ့ ပတ်သက်လို့တော့ မပြောပါနဲ့တော့။ အုပ်ချုပ်ရေးမှူး လုပ်တဲ့သူက ဖဲသမားပါဆိုမှတော့ ဖဲသမား အုပ်ချုပ်ရေးမှူးကို အရင်ဖမ်းမှပဲ အခြားသော လောင်းကစားမှုတွေကိုလည်း နှိမ်နင်းနိုင်ပါလိမ့်မယ်။

အုပ်ချုပ်ရေးမှူး ရွေးချယ်ပဲ ရလာဒ်ကို ကြည့်လိုက်တဲ့အခါ ဖဲသမားကို လူကြိုက်များနေတယ်။ စာရေးသူအနေနဲ့တော့ ဒီအချင်းအရာကို ကြည့်ပြီး သီတဂူဆရာတော်ကြီးရဲ့ သြဝါဒကို အမှတ်ရမိတယ်။ လူတွေက အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်သွားကြရင် ဘယ်လိုပုဂ္ဂိုလ်ကမှ ဖျောင်းဖျဆုံးမလို့ မရတော့ဘူးတဲ့။ ဖဲသမားကို ပုံအောမဲပေးကြတဲ့ အခြေအနေကလည်း ဒီရွာသူ ရွာသားတွေဟာ ကိုယ့်ကျေးရွာအုပ်စုတွင်းမှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ ဖဲသမားလည်း လုပ်ချင်ရာလုပ် ငါတို့လည်း လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ အတွေးတွေ လွှမ်းမိုးနေပြီလို့ ဆိုရတော့မှာပဲ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)