နေပြည်တော်၊ ဇွန် ၅
၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရေဆင်းသစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆုရရှိကြသူများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် ယနေ့သည် ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်သည်နှင့်အညီ ယခုနှစ် ၂၀၂၆ ခုနှစ်အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကိုယ်စား အိမ်ရှင်နိုင်ငံအဖြစ် အဇာဘိုင်ဂျန်နိုင်ငံက တာဝန်ယူပြီး မြို့ တော် ဘာကူမြို့၌ အခမ်းအနားကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံအသီးသီးတွင်လည်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်အခမ်းအနားများကို ကျင်းပလျက်ရှိကြကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေ ဖြင့်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အထိမ်းအမှတ်အခမ်းအနားများကို တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိကြောင်း။
ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် တစ်ကမ္ဘာလုံးက သတိထားပြီး အလေးထားကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းထားသည့် ဆောင်ပုဒ်အနေဖြင့် “ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်စို့ (A Global Call for Climate Action)" ဖြစ်ကြောင်း၊ ရည်ရွယ်ချက်အနေဖြင့် ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် သဘာဝဘေးအန္တရာယ်များကို မိမိတို့ လူသားများက ပြန်လည်တုံ့ပြန်နိုင်ရန် အထူးသဖြင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို အလျင်အမြန် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရန်နှင့် ပူးပေါင်းဆောင်ရွက် မှု တိုးမြှင့်ရန် လိုအပ်နေပြီဖြစ်သည့်အကြောင်း သတိပေးတိုက်တွန်း လှုံ့ဆော်ပေးနေခြင်းဖြစ်ကြောင်း။
ကမ္ဘာပေါ်တွင် စက်မှုစတင်ထွန်းကားလာသည့် ကာလမတိုင်မီ နှစ်များစွာက သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့အကြား ဆက်နွှယ်မှုသည် ဟန်ချက်ညီညီ မျှမျှ တတ ရှိခဲ့ကြောင်း၊ သို့သော်လည်း စက်မှုလုပ်ငန်းများ တိုးတက်လာပြီး ရုပ်ကြွင်း လောင်စာအခြေခံ စွမ်းအင်အသုံးပြုမှု တိုးမြင့်လာခြင်းကြောင့် ကာဗွန်ဒိုင် အောက်ဆိုဒ် နှင့် မီသိန်းတို့ကဲ့သို့ လေထုအပူချိန် ပိုမိုမြင့်မားစေနိုင်သည့် မှန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှု ပိုမိုမြင့်မားလာကြောင်း၊ ထို့ကြောင့်လည်း စက်မှုစတင်ထွန်းကားလာ သည့် ကာလကရှိခဲ့သည့် ပျမ်းမျှအပူချိန်ကို ကျော်လွန်လာနေပြီဆိုသည်ကို ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (IPCC)နှင့် ကမ္ဘာ့ မိုးလေဝသအဖွဲ့ (WMO) တို့၏ လေ့လာမှုများအရ သိရှိရကြောင်း၊ ၂၀၂၄ ခုနှစ် သည် ကမ္ဘာမြေ၏ စံချိန်တင်အပူဆုံးနှစ်ဖြစ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၏ အပူချိန်သည် ၁၈၅၀ ပြည့်နှစ်မှ ၁၉၀၀ ပြည့်နှစ်အတွင်းရှိ ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၄၃ ဒီဂရီဆဲလ်ဆီး ယပ်ခန့် ပိုမိုပူပြင်းခဲ့ကြောင်း၊ ယင်းအချက်အလက်များသည် ကမ္ဘာ့အပူချိန် နှစ်စဉ် မြင့် တက်နေသည့်အကြောင်း ဖော်ညွှန်းနေပြီး ယင်းအခြေအနေကို မထိန်းချုပ်နိုင်ပါက ယခုရာစုနှစ်အကုန်တွင် ကမ္ဘာ့အပူချိန်သည် စက်မှု စတင်ထွန်းကားလာသည့် ကာလ မတိုင်မီ အပူချိန်ထက် ၂ ဒသမ ၁ မှ ၃ ဒသမ ၅ ဒီဂရီဆဲလ်ဆီးယပ်ခန့် ပိုမိုပူပြင်းလာ နိုင်ကြောင်းကို ခန့်မှန်းထားကြကြောင်း၊ အပူရှိန်မြင့်တက်လာမှုနှင့်အတူ နောက် ဆက်တွဲ သဘာဝဘေးအန္တရာယ်များသည်လည်း ပိုမိုဆိုးဝါး ပြင်းထန်လာမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် သဘာဝဘေးအန္တရာယ်များကို နှစ် စဉ် ရင်ဆိုင်ကြုံတွေ့နေရပြီး သိသာထင်ရှားသည့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဆုံး ရှုံးမှုများ ဖြစ်ပေါ်နေကြောင်း၊ နိုင်ငံတကာရာသီဥတု စောင့်ကြည့်လေ့လာမှုအဖွဲ့အချို့၏ ၂၀၂၆ ခုနှစ် ရာသီဥတုဘေးဖြစ်နိုင်ခြေညွှန်ကိန်းအရ မြန်မာနိုင်ငံသည် ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်မှုအများဆုံး ခံစားနေရသည့် ကမ္ဘာ့ (၁၀) နိုင်ငံထဲတွင် ပါဝင်နေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ နံပါတ်(၁) အပူချိန်၊ နံပါတ်(၂) လေဒဏ်၊ မိုးဒဏ်၊ မုန်တိုင်းဒဏ် ခံစားရနိုင်ခြေ များလိမ့်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း မြေ လတ်ဒေသသည် ကမ္ဘာ့အပူချိန် အမြင့်မားဆုံး စာရင်းဝင်နေသည့်ဒေသဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်က ချောက်မြို့သည် ၄၅.၃ ဒီဂရီဆဲလ်ဆီးယပ်စ်၊ ယခုနှစ်တွင် ၄၄.၉ ဒီဂရီ ဆဲလ်ဆီးယပ်စ်ရှိကြောင်း၊ အလားတူ မြေလတ်ဒေသမြို့ကြီး ၁၂ မြို့သည် ၄၁ ဒီဂရီ ဆဲလ်ဆီးယပ်စ်နှင့်အထက် ရှိကြောင်း၊ ကမ္ဘာကြီး ပူနွေးလာမှုကြောင့်ဟု ဆိုနိုင်ကြသော် လည်း ယင်းဒေသတွင် သစ်တောသစ်ပင် ကျဲပါးမှုရှိနေသည်မှာအမှန်ပင်ဖြစ်ကြောင်း၊ လေ့လာချက်များအရ ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်းမြန်မာနိုင်ငံ၌ သစ်ပင်မျိုးစုံ ၂၆၉ သန်း ၈ သိန်း ကျော် စိုက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အကြမ်းဖျင်းအားဖြင့် ဧက ၁ သန်းခန့်နှင့်ညီမျှကြောင်း၊ လူတို့၏လိုအပ်ချက်အရ အကြောင်းအမျိုးမျိုးဖြင့် သစ် အသုံး ချမှုရှိသော်လည်း စိုက်ပျိုးသည့်သစ်ပင်များ တစ်ပင်စိုက် တစ်ပင်ရှင်စိုက်ခဲ့ပါက သစ်တောသစ်ပင်ဆုံးရှုံးမှုကို အပြည့်အဝကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးကို နိုင်ငံတော်အနေဖြင့် ကဏ္ဍအသီးသီးတွင် စနစ်တကျ အစီအမံနှင့် အထူးအလေးထား ပေါင်းစပ်ဆောင်ရွက်ကြရန် အထူးပင် လိုအပ် နေပြီဖြစ်သည်ကို သတိပေးမှာကြားလိုကြောင်း။
ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေသည့် အဓိကအကြောင်းရင်းမှာ စွမ်းအင်နှင့် စက်မှုလုပ်ငန်းများ ထွန်းကားလာခြင်း၊ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုများလာခြင်း၊ သစ်တောများပြုန်းတီးခြင်းနှင့် မြေအသုံးချမှု ပြောင်းလဲခြင်း၊ လူဦးရေ တိုးပွားလာခြင်း နှင့်အတူ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လာခြင်း၊ ပို့ဆောင်ရေး လုပ် ငန်းများ တိုးတက်လာခြင်းနှင့် စွန့်ပစ်ပစ္စည်းများ များပြားစွာ စုပုံလာခြင်း စသည်တို့၏ အကျိုးဆက်အနေဖြင့် လေထုထဲသို့ မှန်လုံအိမ် ဓာတ်ငွေ့ပမာဏ အမြောက်အမြား ပိုမို ထုတ်လွှတ်လာခြင်းကြောင့် ဖြစ်ကြောင်း။
မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများကို လျှော့ချနိုင်ဖို့ဆိုရင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုနိုင်ရန်နှင့် စွမ်းအင်ကိုအကျိုးရှိ ထိရောက်စွာ အသုံးပြုရန်လိုသကဲ့သို့ သစ်တောပြန်လည်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်း၊ ရာသီဥတုနှင့် သဟဇာတဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်လိုအပ်ကြောင်း၊ ထို့အပြင် စွန့် ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် ကမ္ဘာကြီးပူနွေးမှု အလားအလာမြင့်မားသည့် အအေးပေးဒြပ်ပစ္စည်းအသုံးပြုမှု လျှော့ချခြင်းနှင့် ပိတ်ပင်တားမြစ်ခြင်း တို့ကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုဖြင့်သာ ရင်ဆိုင်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ယင်းအတွက် မြန်မာနိုင်ငံ သည် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း(UNFCCC)နှင့် ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ်များဖြစ်သည့် ကျိုတိုနောက်ဆက်တွဲစာချုပ်နှင့် ပါရီသဘောတူညီချက်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး ရာသီ ဥတုပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတကာနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလက ဘရာဇီးလ်နိုင်ငံ၊ ဘဲလမ်မြို့၌ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင် ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ အကြိမ်(၃၀) မြောက် ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ကြောင်း၊ ယင်းအစည်း အဝေးကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး တက်ရောက်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်များ၏ မျက်နှာစုံညီ ထိပ်သီးအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာနိုင်ငံကိုယ်စားပြု အမှာစကားပြောကြား ဆွေးနွေးမှုများလုပ်ခဲ့ကြောင်း၊ ယင်းသည် မြန်မာနိုင်ငံအနေဖြင့် မျိုးဆက်သစ် များအတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်သည့် ရာသီဥတုဒဏ်ခံနိုင်သည့် အနာဂတ်တစ်ခုကိုရရှိအောင် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ဖော်ညွှန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း။
မြန်မာနိုင်ငံသည်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ပါရီသဘောတူညီချက်ပါ ကတိကဝတ်အရ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း အတွင်း ရေးမှူးရုံးကို တင်သွင်းထားသည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး အတွက် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များအတိုင်း မှန်လုံအိမ်ဓာတ်ငွေ့ လျှော့ချ ရေး ရည်မှန်းချက်များပြည့်မီရေး အတတ်နိုင်ဆုံး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း။
ယင်းလုပ်ငန်းအစီအစဉ်ပါ ဦးစားပေးနယ်ပယ်များဖြစ်သည့် ပြန်လည် ပြည့် ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ သစ်တောသစ်ပင်များ စိုက်ပျိုးထိန်းသိမ်းရေး၊ ရာသီဥတုနှင့် လိုက်လျောညီထွေရှိသည့် စိုက်ပျိုးရေးစနစ်များ ဖော်ထုတ်ရေး၊ စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်သည့် မြို့ပြနှင့် စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုး ရေး၊ ထင်းအစားထိုး စွမ်းအားမြင့် မီးဖိုဖြန့်ဝေရေး၊ နေစွမ်းအင်ကိုအခြေခံသည့် ကျေး လက် မီးလင်းရေး၊ ကာဗွန်ထုတ်လွှတ်မှုမရှိသည့် လျှပ်စစ်သုံးယာဉ် တိုးမြှင့် ထုတ်လုပ် အသုံးပြုရေး စသည်တို့ကို အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကဏ္ဍအသီး သီးတွင် ကာဗွန်ထုတ်လွှတ်မှုလျော့နည်းပြီး ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြုသည့် အစိမ်းရောင်စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် အားလုံးပူးပေါင်း ဆောင် ရွက်ကြရန် တိုက်တွန်းလိုကြောင်း။
ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေး၊ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး ကာဗွန်ထုတ်လွှတ်မှု လျော့နည်းစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ပါ လုပ်ငန်းစဉ်များကို ဆက်စပ်ဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များက ကဏ္ဍအလိုက် ပေါင်းစပ် ညှိနှိုင်းပြီး အရှိန်အဟုန်မြှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် သွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
နိုင်ငံတော်အနေဖြင့် ချမှတ်ထားသည့် “နိုင်ငံတော်သာယာဖို့ သဘာဝ ပတ်ဝန်း ကျင်ထိန်းကြစို့” ဟူသည့် ဦးတည်ချက်နှင့်အညီ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးအတွက် သစ်တောသစ်ပင် စိုက်ပျိုးထိန်းသိမ်း ခြင်းသည် အလွန်အရေးကြီးကြောင်းကိုပြောလိုကြောင်း၊ ထို့ကြောင့် သစ်တောပြုန်း တီးမှု လျော့ကျစေရေးနှင့် သစ်တောဖုံးလွှမ်းမှုကို နိုင်ငံ့ဧရိယာ၏ ၅၀ ရာခိုင်နှုန်း ပြည့်မီစေရေးအတွက် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများကို နိုင်ငံ့ ဧရိယာ၏ ၂၆ ဒသမ ၁၁ ရာခိုင်နှုန်းနှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရန်အတွက် သဘာဝနယ်မြေ ၆၂ ခု၊ နိုင်ငံ့ဧရိယာ၏ ၆ ဒသမ ၅၉ ရာခိုင်နှုန်းထိ တိုးမြှင့်တည်ထောင် ဖွဲ့စည်းနိုင်ခဲ့ကြောင်း။
ဖွဲ့စည်းတည်ထောင်ပြီးဖြစ်တဲ့ သစ်တောနယ်မြေ၊ သစ်တောနယ်မြေပြင်ပနေရာများနှင့် ကုန်းတွင်းဒေသသများတွင် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ကာကွယ်နိုင်ရေး၊ ရေကြီးရေလျှံမှု၊ မြေတိုက်စားမှုများမှ ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် သစ်တောများ ပြန်လည်တည်ထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နိုင်ငံပိုင်စိုက်ခင်း၊ စီးပွားရေးစိုက်ခင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်း၊ ရေဝေ ရေလဲ စိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်း စသည့် စိုက်ခင်းဧကပေါင်း ၁၆၀,၀၀၀ ကျော်၊ အပင်ပေါင်း ၁၂၂ သန်းကျော်ကို စိုက်ပျိုးခဲ့ပါတယ်။ ယခုနှစ် ၂၀၂၆ ခုနှစ်မှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နိုင်ငံပိုင်သစ်တော စိုက်ခင်းများ အပါအဝင် ဧကပေါင်း ၃၀,၀၀၀ ၌ အပင်ပေါင်း ၂၁ သန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း။
အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို အပူပိုင်းဒေသ (၁၃) ခရိုင်၊ မီးရထားလမ်းများ၊ အာဆီယံလမ်းမကြီးနှင့် ကားလမ်းများ ဘေးဝဲ/ယာများ၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ အင်းလေးကန်တစ်ဝိုက် ဧရိယာများတွင် ဆက်စပ်ဌာနများနှင့် အတူ ဝိုင်းဝန်းပူးပေါင်း စိုက်ပျိုးနေကြောင်း၊ အလားတူ ကမ်းရိုးတန်းဒေသများတွင် ၂၀၂၅ ခုနှစ်က ဒီရေတောစိုက်ခင်း ၁၇၁၅ ဧက၊ အပင်ပေါင်း ၂ သန်း ကျော်ကို စိုက်ပျိုးခဲ့ပြီး ၂၀၃၀ ပြည့်နှစ်အထိ ရေရှည်စီမံချက်များ ရေးဆွဲကာ နှစ်စဉ် ဒီရေတော စိုက်ခင်းတွေ တည်ထောင်သွားမည်ဖြစ်ကြောင်း။
ယခုနှစ် ၂၀၂၆ ခုနှစ် မိုးရာသီ၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်း ဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များတွင် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲနှင့် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲများကို တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင် တည်း အပင်ပေါင်း ၅၄,၁၈၀ ကို စိုက်ပျိုးရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ ယင်းနေရာတွင် စိုက်ပျိုးထားသည့် သစ်ပင်များရှင်သန်ရန် တစ်ပင်စိုက် တစ်ပင်ရှင်ဖြစ်ရန် ဆက်လက် လုပ်ဆောင်ရမည့် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည့် ရာသီဥတု ပြောင်းလဲမှုကို ဖြေရှင်းရာတွင် ကာဗွန်ထုတ်လွှတ်မှု လျှော့နည်းစေမည့် အစိမ်း ရောင် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် တိုး မြှင့်ဆောင်ရွက်နိုင်ရန် အလေးထား ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။
ထို့အပြင် ပြောင်းလဲလာသည့် ရာသီဥတုနှင့်လိုက်လျောညီထွေ နေထိုင်နိုင်ရေး ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကို စောင့်ကြည့်လေ့လာခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်သတိပေးစနစ်များ အဆင့်မြှင့်တင်ခြင်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေနေထိုင်သည့် အလေ့အကျင့် ကောင်းများကို တစ်ဦးတစ်ယောက်ကစပြီး ဌာန၊ အဖွဲ့အစည်းအားလုံး ပါဝင် ဆောင်ရွက်ကြရန်လည်းလိုကြောင်း၊ သို့မှသာ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိပြီး ကာဗွန် ထုတ်လွှတ်မှုလျော့နည်းသည့် လူမှုအသိုင်းအဝိုင်းကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ ကြောင့် မိမိတို့အားလုံးအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ကာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါစို့ ဟု တိုက်တွန်းပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသော မြို့ကြီးများဆုရရှိသည့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော မြို့ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော ကျေးရွာဆု ရရှိသည့် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဘော်နင်းရွာသစ်ကျေးရွာ၊ အမျိုးသား အဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော စက်ရုံ/ လုပ်ငန်းဆုရရှိသည့် ညောင် တုန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ Shwe Wah Nadi Agriculture Co.Ltd ၏ ဆန်စပါးကြိတ်ခွဲသန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်းတို့မှ တာဝန်ရှိသူများအား ဆုများအသီးသီး ပေးအပ် ချီးမြှင့်သည်။
ထို့နောက် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက က အမျိုးသားအဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း(အထက်တန်းနှင့် အလယ်တန်းအဆင့်) ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသည့် ကျောင်းများကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (မူလတန်း အဆင့်) ပထမ၊ ဒုတိယ နှင့် တတိယဆုရရှိကြသည့်ကျောင်းများကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ် တက္ကသိုလ်၊ ကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညအထက်တန်းကျောင်းအဆင့် စာစီစာကုံး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကိုလည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၂၆ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာဗီဒီယိုနှင့် ကုလသမဂ္ဂပတ်ဝန်းကျင် အစီ အစဉ်(UNEP)အမှုဆောင်ညွှန်ကြားရေးမှူး၏ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ သဝဏ်လွှာ ဗီဒီယိုတို့ကိုပြသသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး ဗီဒီယိုကိုကြည့်ရှုကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားတက်ရောက်လာကြသူများ၊ ဆုရရှိကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနား တက်ရောက်လာကြသူများ သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းများကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေး မှာကြားသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ပဲမျိုးစုံသီးနှံသုတေသန ဌာနစု မှ သုတေသနပြုထုတ်လုပ်ထားသည့် ပဲမျိုးများ၊ နေကြာမျိုးများနှင့် သီးနှံမျိုးများ ကို ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် တာဝန်ရှိသူများက မျိုးစေ့များအလိုက် ထုတ်လုပ်မှု၊ ဈေးကွက်ရရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတ က မိမိတို့နိုင်ငံမှထွက်ရှိသည့် ပြည်ပဈေးကွက်သို့တင်ပို့လျက်ရှိသော ပဲမျိုးစုံအနေဖြင့် အခြားနိုင်ငံများမှ ပဲများနှင့် နှိုင်းယှဉ်ပါက အရောင်အဆင်းအားဖြင့် လိုအပ်ချက်ရှိနေသေးသည်ကိုတွေ့မြင်ရ ကြောင်း၊ ပဲမျိုးများအား သုတေသနပြုထုတ်လုပ်ရာတွင် အရွယ်အစား၊ အရောင် အဆင်း၊ အရသာ စသည့် သုံးမျိုးစလုံးကောင်းမွန်နေရန်လိုကြောင်း၊ ထို့ပြင် ဥတုရာသီ သုံးမျိုးစလုံး၌ စိုက်ပျိုးနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသ အလိုက် ရေမြေသဘာဝ တူညီမှုရှိမည်မဟုတ်သဖြင့် အရွယ်အစား၊ အရောင်အဆင်း၊ အရသာများလည်း ကွဲပြားခြားနားမှုရှိနိုင်မည်ဖြစ်သောကြောင့် ဒေသအလိုက် ကိုက်ညီသည့် သီးနှံမျိုးစေ့များကို စနစ်တကျဖြင့် သုတေသနပြုထုတ်လုပ်သွားရန်လိုကြောင်း၊ နေကြာမျိုးစေ့များနှင့် နှမ်းမျိုးစေ့များကိုလည်း ဆက်လက်တိုးချဲ့ထုတ်လုပ်သွားနိုင် ရန်လိုကြောင်း၊ စိုက်ဧက တိုးချဲ့မည်ဆိုပါက ဖြစ်ပေါ်လာနိုင်မည့် မျိုးစေ့လိုအပ် ချက် များကို ဖြည့်ဆည်းပေးနိုင်ရေး မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများကို ပြည်တွင်း၌သာ စဉ်ဆက်မပြတ် သုတေသနပြုထုတ်လုပ်သွားကြရန်လိုကြောင်း၊ သီးနှံစိုက်ဧက အများ အပြားရှိသော်လည်း အထွက်နှုန်း လျော့နည်းလျက်ရှိသည့်ဒေသများသို့ သုတေသန အဖွဲ့များ စေလွှတ်၍ အချိန်ယူ သုတေသနပြု အဖြေရှာ ဆောင်ရွက်သွားကြရန်လည်း လိုကြောင်း၊ သီးနှံများအား ပြည်ပသို့ တင်ပို့ရောင်းချရာတွင် အမြတ်နည်းနည်းနှင့် အရေအတွက်များများ ရောင်းချနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် အခြား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
#MNP #News




No comments:
Post a Comment