ပုသိမ်၊ ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် " ပြည်သူများသို့အသိပေးကြေငြာချက်" အဖြစ် ဖော်ပြထားရာ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် ဝန်ထမ်းများမှ ငွေတောင်းခံခြင်း၊ မသမာမှုပြုလုပ်ခြင်းများအတွက် တိကျစွာတိုင်ကြားနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဋ္ဌာန က (၄-၅-၂၀၂၆)နေ့၌ ကြေငြာချက်ထုတ်ပြန်၍ ပြည်သူသို့ အသိပေးထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ထုတ်ပြန်ထားချက်တွင် လူမှုကွန်ယက်တစ်ခုဖြစ်သော TikTok တွင် CJ အမည်ရှိအကောင့်မှ (၃၀.၅.၂၀၂၆)ရက်၊ စနေနေ့၌ ပုသိမ်မြို့နယ်လဝကရုံးသို့ အနောက်တောင်တိုင်းစစ်ဋ္ဌာနချုပ်မှ ဗိုလ်မှူးစိုးမင်းဦး၏ သမီးဖြစ်သူ မမြသဲခိုင် သည် အသက်(၁၈)နှစ်ပြည့်မှတ်ပုံတင် လာရောက်ဆောင်ရွက်ခဲ့ရာ လဝကရုံး တိုက်နယ်မှူးမှ ငွေကျပ်(၈) သောင်း တောင်းခံခဲ့ကြောင်း၊ ၎င်းတိုက်နယ်မှူးအား စစ်ဆေးလျက်ရှိကြောင်း သတင်းတင်ထားသည်ကို တွေ့ရှိသဖြင့် စိစစ်ရာအောက်ပါအတိုင်းတွေ့ရှိရပါသည်-
(က) (၃၀.၅.၂၀၂၆)ရက်နေ့သည် စနေနေ့ ရုံးပိတ်ရက်ဖြစ်ပြီး ထိုနေ့က ပုသိမ်မြို့နယ် လဝက ရုံးသို့ မည်သည့်ပြည်သူတစ်ဦးတစ်ယောက်မျှ လာရောက်၍ မှတ်ပုံတင်ဆောင်ရွက် ပြုလုပ်ခဲ့ခြင်းမရှိကြောင်း၊
( ခ ) ရုံးမှတ်တမ်းများအရ မေလ(၄)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အတွင်း ပြည်သူ(၃၂၇၃)ဦး အား နိုင်ငံသားစိစစ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး အဘဦးစိုးမင်းဦး၏ သမီး မမြသဲခိုင် အမည်ဖြင့် မှတ်ပုံတင်လာရောက်ဆောင်ရွက်ခဲ့သူမရှိကြောင်း၊
( ဂ ) ဋ္ဌာန၏ e-ID Server တွင်လည်း မမြသဲခိုင်၊အဘအမည် ဦးစိုးမင်းဦး အမည်နှင့် တူညီသူ မရှိကြောင်း၊
(ဃ) အနောက်တောင်တိုင်းစစ်ဋ္ဌာနချုပ်တွင် ဗိုလ်မှူးစိုးမင်းဦး အမည်ဖြင့် တာဝန် ထမ်းဆောင် လျက်ရှိသည့် အရာရှိ မရှိကြောင်း သိရှိရပါသည် ဟု ဖော်ပြပါရှိသည်။
လဝက ရုံးများတွင် နိုင်ငံသားစိစစ်ရေးကတ်များ လာရောက်ဆောင်ရွက်မည့် ပြည်သူများအနေဖြင့် သိရှိရန်လိုအပ်သည့်အချက်များ၊ အကောင့်တုများ၊ ပွဲစားများဖြင့် ဆောင်ရွက်ခြင်းမပြုရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် ဝန်ထမ်းများမှ ငွေတောင်းခံခြင်း၊ မသမာမှုပြုလုပ်ခြင်းများ အတွက်ကိုလည်း တိကျစွာတိုင်ကြားနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဋ္ဌာန၏ Facebook account ဖြစ်သော လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့နှင့် MRTV သတင်းတို့တွင် (၄-၅-၂၀၂၆)နေ့၌ ကြေငြာချက်ထုတ်ပြန်၍ ပြည်သူသို့ အသိပေးထားပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ ၎င်း CJ အကောင့်၌ တင်ခဲ့သည့်သတင်းမှာ နိုင်ငံတစ်ဝှမ်းလုံးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့် လမင်းစီမံချက်အား ပြည်သူများအနေဖြင့် ထင်ယောင်ထင်မှားဖြစ်စေရန်နှင့် ပြင်ပတွင် အမှန်တကယ် မရှိသည့် မမြသဲခိုင်အမည်ဖြင့် လုပ်ကြံဖန်တီးရေးသားထားသည့် သတင်းတု၊ သတင်းမှားသာဖြစ်ပါကြောင်းနှင့် အဆိုပါ အကောင့်တုများအား ဋ္ဌာနအနေဖြင့် တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေငြာ ထားသည်။
#MNP #News

No comments:
Post a Comment