နေပြည်တော်၊ ဇွန် ၂၀
နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ အပါအဝင် လူသားမျိုးနွယ်စုတစ်ခုလုံးအား လူညွန့်တုံးစေသည့် မူးယစ်ဆေးဝါးအန္တရာယ်မှ တားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့်သုံးစွဲမှု တားဆီးကာကွယ် နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး အောင်လံမြို့ မန်ကျည်းကုန်းရပ်ကွက်ရှိ အောင်လံ Resort ဟိုတယ်၌ ရမည်းသင်းမြို့နယ်မှ ရခိုင်ပြည်နယ်သို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောက်ရှိနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက ဇွန် ၁၇ ရက် ညနေပိုင်းတွင် သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဟိုတယ်၌ တည်းခိုနေထိုင်သည့် ခွန်အောင်ဝင်း (၂၅) နှစ်နှင့် ဇနီးဖြစ်သူ မနန်းဒေစီအောင် (၂၁) နှစ်တို့၏ ခရီးဆောင်အိတ်များအတွင်းမှ တစ်အိတ်လျှင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပါ အထုပ် ၂၀ ပါရှိသည့် လက်ဆွဲအိတ် ၁၀ အိတ် (ဆေးပြားပေါင်းသိန်း ၂၀) ကိုလည်းကောင်း၊ ဟိုတယ်တွင် ရပ်တန့်ထားသည့် ယာဉ်အမှတ်၊ YGN-18 / RLG ------ Honda Stepwagon (လိုင်စင်မဲ့) ယာဉ်ပေါ်မှ ဝါသေဋ္ဌ (ခ) ဝင်းနိုင်နှင့်အတူ ယာဉ်နောက်ခန်းအတွင်း၌ ဆာလာအိတ်တစ်အိတ်လျှင် WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပါ အထုပ် ၂၀ စီပါရှိသည့် ဆာလာအိတ် ၁၅ အိတ် (စိတ်ကြွရူးသွပ်ဆေးပြားပေါင်းသိန်း ၃၀) လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြားပေါင်း သိန်း ၅၀ ကာလတန်ဖိုးခန့်မှန်းငွေကျပ် ၁၀ ဘီလီယံခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ ဆက်စပ်တရားခံအား ဖမ်းဆီးရမိရေး လိုအပ်သည့်စစ်ဆေးရှာဖွေမှုများ ဆက်လက်ပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါးပို့ဆောင်ရာတွင်ပါဝင်သည့် အောင်လေး (ခ) အောင်နိုင်မင်း (၄၉)နှစ်အား အဆိုပါရက်တွင် အောင်လံမြို့နယ် မိုးဖုန်းကျေးရွာ၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက်အတွင်းရှိ YiLink ဟိုတယ်၌ မူးယစ်ဆေးဝါးသယ်ဆောင်လာသူများ လာရောက်တည်းခိုနေထိုင်ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက ဇွန် ၁၇ ရက် မွန်းလွဲပိုင်းတွင် သွားရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ရေဝတ (ခ) ဝင်းဇော် (၄၀) နှစ်နှင့်အတူ ကားပါကင်၌ရပ်တန့်ထားသည့် ယာဉ်အမှတ်၊ RLG--- BOXY ယာဉ်ပေါ်တွင် ဆာလာအိတ် လေးအိတ်အတွင်းမှ WY/R စာတန်းပါ အနီရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပါ အထုပ် ၁၁၀ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၁ သိန်း ကာလတန်ဖိုး ခန့်မှန်း ငွေကျပ် ၁ ဒသမ ၆၅ ဘီလီယံကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိသူ၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံများဖြစ်သည့် ဇော်ဇော်နိုင် (၃၃) နှစ်၊ စိုးမင်းထွန်း (၄၀) နှစ်နှင့် မောင်ဝင်းကြီး (၃၃) နှစ်တို့အား အဆိုပါဟိုတယ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးသယ်ဆောင်သည့် တရားခံများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်သည့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း သိရသည်။
#MNP #News


No comments:
Post a Comment