ဇွန် - ၄ ( ကြာသပတေးနေ့ )
ပင်လယ်ကွေ့အကျပ်အတည်းမှာ ဗုဒ္ဓဟူးနေ့က ပိုမိုပြင်းထန်လာခဲ့ပြီး အီရန်ရဲ့ တိုက်ခိုက်မှုများကြောင့် ကူဝိတ်နိုင်ငံတကာလေဆိပ် ပျက်စီးသွားကာ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပင် စစ်ပွဲရပ်စဲရေး ကြိုးပမ်းမှုများ ရပ်တန့်နေစဉ်အတွင်း အမေရိကန်က ဟော်မုဇ်ရေလက်ကြား အနီးတွင် တိုက်ခိုက်မှုအသစ်များကို ပြုလုပ်ခဲ့ပါတယ်။
ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရမှုကြောင့် လေဆိပ်အဆောက်အအုံများနှင့် သံတမန်ရေးရာရုံးများ ပျက်စီးခဲ့ရပြီး လေကြောင်းပျံသန်းမှုများကို ယာယီရပ်ဆိုင်းခဲ့ရကြောင်း ကူဝိတ်အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ တာဝန်ရှိသူများနှင့် နိုင်ငံပိုင်မီဒီယာများရဲ့ အဆိုအရ အဆိုပါတိုက်ခိုက်မှုကြောင့် လူ ၆၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
လုံခြုံရေးအစီအမံများ ချမှတ်ဆောင်ရွက်ပြီးနောက် လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခဲ့ကြောင်း ကူဝိတ်မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ကတော့ ၎င်းတို့အနေဖြင့် ကူဝိတ်လေဆိပ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး၊ အမေရိကန်၏ ကြားဖြတ်ဒုံးကျည်များ လမ်းလွဲကာ လေဆိပ်ကို ထိမှန်ပျက်စီးခဲ့ခြင်းဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်စစ်တပ်က ထိုပြောဆိုချက်ကို ပယ်ချခဲ့ပြီး အီရန်ဒရုန်းများသည် လေဆိပ်ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
နောက်ဆုံးဖြစ်ပွားခဲ့သည့် အခြေအနေတင်းမာမှုများက ထိခိုက်လွယ်လုနီးပါးဖြစ်နေသော အပစ်အခတ် ရပ်စဲရေးအပေါ် ပိုမိုဖိအားဖြစ်စေခဲ့ပြီး ရေနံဈေးနှုန်းများကိုလည်း ၂ ရာခိုင်နှုန်းနီးပါး မြင့်တက်သွားစေခဲ့ပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်များက အီရန်တောင်ပိုင်းရှိ ဒုံးကျည်ပစ်လွှတ်သည့်နေရာများနှင့် မိုင်းထောင်ရန် ပြင်ဆင်နေတယ်လို့ ယူဆရတဲ့ အီရန်လှေများကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုအသစ်များကို ပြုလုပ်ခဲ့ကြောင်း အမေရိကန်စစ်ဌာနချုပ် (CENTCOM) က ပြောကြားခဲ့ပါတယ်။
ယခုကဲ့သို့ ပြန်လည်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် စစ်ပွဲရပ်တန့်ရေး သံတမန်နည်းလမ်းအရ ကြိုးပမ်းမှုများအပေါ် သံသယများ တိုးပွားလာစေခဲ့ပါတယ်။ အီရန်နှင့် အမေရိကန်တို့သည် ပဋိပက္ခကိုရပ်စဲရန်နှင့် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်အတွက် အဓိကသဘောတူညီချက်တစ်ခုဆီသို့ ဦးတည်ပြီး တိုးတက်မှုများရှိနေကြောင်း ပြီးခဲ့သည့်အပတ်က အရိပ်အယောင်ပြခဲ့ကြသော်လည်း ယနေ့ထက်ထိ မည်သည့်သဘောတူညီချက်မျှ အတည်မပြုနိုင်သေးပါဘူး။
REF: THE NATION
#MNP #News


No comments:
Post a Comment