နေပြည်တော်၊ ဇွန် ၂၃
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဘင်းမ်စတက် အတွင်းရေးမှူးချုပ် မစ္စတာ အင်ဒရာ မာနီ ပန်ဒေးအား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်၊ မွန်းလွဲ ၁၆:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ဘင်းမ်စတက်လုပ်ငန်းစဉ်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ အထူးသဖြင့် စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေးကဏ္ဍ၊ ဒေသတွင်းလုံခြုံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးကဏ္ဍနှင့် ဆက်သွယ်ချိတ်ဆက်ရေးကဏ္ဍတို့တွင် မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ နှစ်ဖက်အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဘင်းမ်စတက်၏ ပြင်ပမိတ်ဖက်များနှင့်ဆက်ဆံရေးတွင် အဖွဲ့ကြီး၏ အခြေခံမူများကို လေးစားလိုက်နာရေး၊ ၂၀၂၇ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် ကျရောက်မည့် ဘင်းမ်စတက် တည်ထောင်မှု နှစ် (၃၀) ပြည့် အတွက် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပသွားရေးနှင့် မြန်မာနှင့် ဘင်းမ်စတက်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်တို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
အတွင်းရေးမှူးချုပ်သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေး တက်ရောက်ရန်အတွက် မြန်မာနိုင်ငံသို့ ပထမအကြိမ် ခရီးစဉ်လာရောက်ခဲ့ဖူးပြီး၊ ယခုခရီးစဉ်သည် ၎င်း၏ ဒုတိယအကြိမ် ခရီးစဉ် ဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation - BIMSTEC) ကို ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်း ထူထောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ အဖွဲ့ဝင်အဖြစ် ပါဝင်ပါသည်။
ဘင်းမ်စတက်ကို ဘင်္ဂလားပင်လယ်အော်ဒေသတွင်း နိုင်ငံများအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဘင်းမ်စတက်၏ လက်ရှိပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ(၇) ခုရှိသည့်အနက် မြန်မာနိုင်ငံသည် “လယ်ယာစိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေးကဏ္ဍ” ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူလျက်ရှိသည်။
#MNP #News


No comments:
Post a Comment