အမေရိကန်ကုမ္ပဏီတွေကို လာထိတဲ့ ဘယ်နိုင်ငံမဆို အခွန် ၁၀၀% ကောက်မယ်လို့ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်ကုမ္ပဏီတွေကို လာထိတဲ့ ဘယ်နိုင်ငံမဆို အခွန် ၁၀၀% ကောက်မယ်လို့ပြော


ဇွန် - ၂၈ ( တနင်္ဂနွေနေ့ ) 

အမေရိကန်ကုမ္ပဏီတွေရဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေအပေါ် အခွန်ကောက်ခံမယ့် ဘယ်နိုင်ငံကမဆို တင်သွင်းလာတဲ့ ကုန်ပစ္စည်းအားလုံးကို ၁၀၀ ရာခိုင်နှုန်းအထိ အခွန် (Tariffs) တိုးမြှင့်ကောက်ခံသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

ဒီလို ခြိမ်းခြောက်မှုဟာ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းတွေနဲ့ ကုန်သွယ်ရေးမူဝါဒတွေကြောင့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကြား ကာလရှည်ကြာ တင်းမာနေတဲ့ အခြေအနေကနေ ထွက်ပေါ်လာတာဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်က ကုန်သွယ်ရေးသဘောတူညီချက်တစ်ခု ရရှိခဲ့ဖူးပေမယ့် ကုန်သွယ်ရေးဆိုင်ရာ ပဋိပက္ခတွေ ပြန်လည်ဦးမော့လာနိုင်တဲ့ အလားအလာကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ဥရောပနိုင်ငံအတော်များများဟာ အမေရိကန်ကုမ္ပဏီတွေအပေါ် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် ကောက်ခံဖို့အတွက် ဆွေးနွေးနေကြတယ်လို့ ထရမ့်က ထရုသ်ဆိုရှယ် လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

သူက “အဲဒီလို အခွန်မျိုး ကောက်ခံတဲ့ ဘယ်နိုင်ငံမဆို အမေရိကန်ပြည်ထောင်စုကို တင်ပို့တဲ့ ကုန်ပစ္စည်းအားလုံးအပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်တိုးမြှင့်တာနဲ့ ချက်ချင်း ရင်ဆိုင်ရပါလိမ့်မယ်။ ဒီအခွန်တိုးမြှင့်မှုဟာ အဲဒီနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ (အကောင်အထည်ဖော်ထားသည်ဖြစ်စေ၊ လက်မှတ်ရေးထိုးထားသည်ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ) အားလုံးထက် သာလွန်သက်ရောက်မှု ရှိစေရမယ်” လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဒီသတိပေးချက်ဟာ ပြီးခဲ့တဲ့နှစ် ကုန်သွယ်ရေး ပူးတွဲကြေညာချက်အရ အမေရိကန်နဲ့ သဘောတူညီထားတဲ့ အခွန်ဆိုင်ရာ ကတိကဝတ်တွေကို ဥရောပသမဂ္ဂ (အီးယူ) ကောင်စီက အတည်ပြုပေးခဲ့ပြီး တစ်ရက်အကြာမှာပဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီအတည်ပြုချက်ကြောင့် သဘောတူညီချက်ထဲမှာ ပါဝင်တဲ့ အမေရိကန် ကုန်ပစ္စည်းတွေ အပေါ် အီးယူဘက်က စည်းကြပ်ဖို့ကျန်နေသေးတဲ့ အခွန်တွေကို ဖျက်သိမ်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

ထရမ့် ခြိမ်းခြောက်လိုက်တဲ့ ကုန်သွယ်ခွန်တိုးမြှင့်မှုဟာ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန်တွေကို အခုလက်ရှိ ကောက်ခံနေတဲ့ နိုင်ငံတွေအပေါ်မှာပါ သက်ရောက်မှာလား၊ ဒါမှမဟုတ် အခုမှ အသစ်စတင်ကောက်ခံမယ့် နိုင်ငံတွေကိုပဲ သက်ရောက်မှာလားဆိုတာကတော့ ချက်ချင်းကြီး ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လက်ရှိမှာ ပြင်သစ်၊ အီတလီနဲ့ စပိန်နိုင်ငံတို့က ဒစ်ဂျစ်တယ်လုပ်ငန်းကရရှိတဲ့ ဝင်ငွေအချို့အပေါ် ၃ ရာခိုင်နှုန်း အခွန်ကောက်ခံနေပြီး၊ ဗြိတိန် (ယူကေ) ကတော့ ရှာဖွေရေးအင်ဂျင်ကြီးတွေ၊ လူမှုကွန်ရက်တွေနဲ့ အွန်လိုင်းစျေးကွက်ကြီးတွေအပေါ် ၂ ရာခိုင်နှုန်း အခွန်စည်းကြပ်ထားပါတယ်။ ဒါ့အပြင် သြစတြီးယားနိုင်ငံက အွန်လိုင်းကြော်ငြာဝင်ငွေအပေါ် ၅ ရာခိုင်နှုန်း ကောက်ခံနေပြီး၊ တူရကီနိုင်ငံကတော့ ၇.၅ ရာခိုင်နှုန်းအထိ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် ကောက်ခံနေတာပါ။ ဒီလို အခွန်ကောက်ခံမှုတွေဟာ စျေးကွက်ကို အဓိကချုပ်ကိုင်ထားတဲ့ ဂူဂဲလ်၊ အက်ပဲလ်၊ မိုက်ခရိုဆော့ဖ် နဲ့ မက်တာ  တို့လို အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေကို အဓိက ထိခိုက်စေပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)