ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ








တာမွေ၊ ဇွန်  ၂၅

၂၀၂၆-ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းအချိန်က မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုနှင့် ရန်ကင်းပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ အဆိုပါကောလိပ်ရှိ မြတ်ပညာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာငြိမ်းသီ‌အောင်က ကျေးဇူးတင် စကား ပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသူများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၄၁)မှ ရဲအုပ်နေလင်းထွန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းကိုလည်းကောင်း၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ ကျောင်းသားလူငယ်ထု ဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောက “ မူးယစ်အန္တရာယ် ဒို့ကာကွယ် ” ‌ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာညီညီ (စိတ်ပညာ)က “ ကိုယ်ရည်ကိုယ်သွေး ” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။ 

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား /သူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဆွေးနွေးဟောပြောခဲ့ကြသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး အသိပညာပေး ဟောပြောခဲ့ကြသူများနှင့် ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။ ယင်းနောက် ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/သူလေးများက “ ဇာတိမာန် ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး တက်ရောက်လာကြသူများသည် ခန်းမအတွင်း ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်စာစောင်များ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီ ပြိုင်ပွဲနှင့် ပိုစတာပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူ ကျောင်းသား/သူများ၏ ပြိုင်ပွဲဝင်လက်ရာများ၊ ကျောင်းသား/ သူလေးများ၏ ဆန်းသစ်တီထွင်ဖန်တီးမှုပြခန်းများအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မူးယစ် ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ရန်ကင်းပညာ ရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူလေးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်း သား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကျေးကျွန်များဘဝမရောက်ရှိစေရေး၊ မူးယစ် ဆေးဝါးကြောင့် နိုင်ငံတော်၏ တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေးနှင့် မူးယစ်ဆေးဝါး အမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မူးယစ်ဆိုလျှင် ဝေးဝေးကပင် ရှောင်ရှားနိုင်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် အဆိုပါအသိပညာပေး ဟောပြောပွဲ ကျင်းပပြု လုပ်ရခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင် 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)