စဉ့်ကိုင်၊ ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ကျောက်ဆည်တက္ကသိုလ် ၂၄ နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၄ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ် ပင်မဆောင်ရှေ့၌ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးတိုက်ကြည်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်နှင့် တာဝန်ရှိသူများ၊ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေနှင့် ဒုတိယပါမောက္ခချုပ်များ၊ ကထိက ဌာနမှူးများ၊ နည်းပြ/သရုပ်ပြဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ဒို့ကျောက်ဆည်တက္ကသိုလ် သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတိုက်ကြည်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်၊ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေနှင့် တာဝန်ရှိသူများက ကျောက်ဆည်တက္ကသိုလ် ၂၄ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ဘာသာရပ်ဈေးရောင်းပွဲတော်အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရပြီး ကျောက်ဆည်တက္ကသိုလ် ၂၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ဇွန်လ ၂၅ ရက်နေ့တွင် စုပေါင်းသွေးလှူဒါန်းပွဲနှင့် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို လည်းကောင်း၊ ဇွန်လ ၂၆ ရက်နေ့တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကိုလည်းကောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် အန္တရာယ်ကင်း ဆွမ်းဆပ်ကပ် လှူဒါန်းပွဲ အခမ်းအနားကိုလည်းကောင်း အသီးသီး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)
#MNP #News



No comments:
Post a Comment