ဗင်နီဇွဲလား ငလျင် နောက်ဆက်တွဲ သတင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗင်နီဇွဲလား ငလျင် နောက်ဆက်တွဲ သတင်း





ဇွန် - ၂၆ ( သောကြာနေ့ ) 

မနေ့က ဗင်နီဇွဲလားနိုင်ငံ မြောက်ဘက် ကာရစ်ဘီယံကမ်းရိုးတန်းမှာ အင်အားပြင်းငလျင် နှစ်ကြိမ်ဆင့် လှုပ်ခတ်သွားခဲ့လို့ အနည်းဆုံး လူ ၁၈၈ ယောက် သေဆုံးပြီး ၁,၅၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီငလျင်ကြောင့် မြို့တော် ကာရကတ်စ် အပါအဝင် တခြားဒေသတော်တော်များများမှာ ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တာပါ။ နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက်လှုပ်နေတဲ့ကြားကပဲ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အပျက်အစီးပုံတွေထဲကနေ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ဆက်လက်ကြိုးပမ်းနေကြပါတယ်။

ပထမဆုံးလှုပ်ခတ်ခဲ့တဲ့ ငလျင်က ပမာဏ ၇.၂ ရှိပြီး တစ်မိနစ်တောင်မပြည့်ခင်မှာပဲ ပိုပြင်းထန်တဲ့ ပမာဏ ၇.၅ ရှိတဲ့ ငလျင်က ဒုတိယအကြိမ် ထပ်မံလှုပ်ခတ်ခဲ့တာကြောင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အကြီးအကျယ် လုပ်ဆောင်နေရပါတယ်။ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ရဲ့ ထုတ်ပြန်ချက်အရ ငလျင်ဗဟိုချက်ဟာ မိုရွန်မြို့အနီး ဗင်နီဇွဲလားမြောက်ဘက်ကမ်းရိုးတန်း အလွန်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီငလျင်ဒဏ်ကို ဗင်နီဇွဲလားနိုင်ငံ အနှံ့အပြားအပြင် အိမ်နီးချင်း ကိုလံဘီယာနိုင်ငံနဲ့ ကာရစ်ဘီယံကျွန်းစုအချို့မှာပါ ခံစားခဲ့ရပြီး နောက်ဆက်တွဲငလျင်  ပေါင်း ၂၀ ကျော်အထိ လှုပ်ခတ်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။

ဗင်နီဇွဲလား အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ၊ အရပ်ဘက်ကာကွယ်ရေးအဖွဲ့တွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာနတွေကို တာဝန်ချထားလိုက်ပါတယ်။ ဒေသတော်တော်များများမှာ လျှပ်စစ်မီး၊ ရေနဲ့ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေသလို စာသင်ကျောင်းတွေ၊ လူထုသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ လေဆိပ်အချို့ကိုလည်း ယာယီပိတ်ထားရပါတယ်။

ဆီမွန်ဘိုလီဗာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကတော့ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့လို့ အနည်းဆုံး သောကြာနေ့အထိ ဆက်လက်ပိတ်ထားမှာဖြစ်ပြီး မြို့တော် ကာရကတ်စ်ရဲ့ မက်ထရိုရထားနဲ့ မီးရထားပြေးဆွဲမှုတွေကိုလည်း ဆိုင်းငံ့ထားပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကတော့ ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ် ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး မော်စကိုအနေနဲ့ "ချစ်ကြည်ရင်းနှီးလှတဲ့ ဗင်နီဇွဲလားပြည်သူတွေ" နဲ့အတူ တစ်သားတည်းရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဗင်နီဇွဲလားဘက်က အကူအညီတောင်းခံလာရင် ကူညီပေးဖို့ အဆင်သင့်ရှိနေကြောင်းလည်း ကရင်မလင်နန်းတော်က ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး ကူညီပံ့ပိုးပေးဖို့ အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားကွန်း က ဗင်နီဇွဲလားပြည်သူတွေအနေနဲ့ ဒီဘေးအန္တရာယ်ကို ကျော်လွှားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။ 

ပြင်သစ်၊ ဂျာမနီ၊ တူရကီ၊ အီရန်၊ ဗာတီကန်၊ ကုလသမဂ္ဂ (UN) နဲ့ ကမ္ဘာ့ဘဏ် အပါအဝင် တခြားနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ကူညီပံ့ပိုးပေးမယ်လို့ ကတိပြုထားကြပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ အတွက် ဝိုင်းဝန်းကူညီမယ့်အကြောင်း ဖော်ပြခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံကလည်း နှစ်နိုင်ငံကြား တင်းမာမှုသမိုင်းကြောင်းတွေ ရှိနေပေမဲ့ ကူညီပံ့ပိုးပေးဖို့ ကမ်းလှမ်းလာခဲ့ပါတယ်။ 

ဗင်နီဇွဲလားငလျင် လှုပ်ခတ်ပြီး နာရီပိုင်းအကြာမှာပဲ ဂျပန်နိုင်ငံ မြောက်ပိုင်းက အအိုမိုရီ နဲ့ အီဝါတေး  စီရင်စုတွေမှာ ပမာဏ ၇.၂ ရှိတဲ့ တခြားငလျင်တစ်ခု သီးခြားလှုပ်ခတ်သွားခဲ့ပါတယ်။ ဂျပန်မီးသတ်နဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ အဲဒီငလျင်ကြောင့် အဓိကအားဖြင့် ပစ္စည်းတွေ ပြုတ်ကျတာကြောင့် အနည်းဆုံး လူ ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


REF: RT 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)