ကတိမတည်တာတွေ၊ စာချုပ်ဖောက်ဖျက်တာတွေက အမေရိကန်တွေရဲ့ သဘာဝပဲ လို့ အီရန်ဘက်ကဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ကတိမတည်တာတွေ၊ စာချုပ်ဖောက်ဖျက်တာတွေက အမေရိကန်တွေရဲ့ သဘာဝပဲ လို့ အီရန်ဘက်ကဆို


ဇွန် - ၂၉ ( တနင်္လာနေ့ ) 

အီရန်ရဲ့ ကမ်းရိုးတန်း အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေ ထပ်ဖြစ်ပွားခဲ့ပြီးတဲ့နောက် "ကတိတွေ၊ သဘောတူညီချက်တွေကို ဖောက်ဖျက်တာဟာ အမေရိကန်ရဲ့ ပင်ကိုယ်ဗီဇ (သဘာဝ) ပဲ" လို့ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က တနင်္ဂနွေနေ့က ဝေဖန်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ ( ဗုဒ္ဓဟူးနေ့) ကမှ ယာယီငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပေမဲ့ သောကြာနေ့မှာ ပထမဆုံးအကြိမ်အဖြစ် အီရန်နဲ့ အမေရိကန်တို့ အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြတာပါ။ အခုတော့ နှစ်ဖက်စလုံးက တစ်ဖက်လူဟာ သဘောတူညီချက်ပါ စည်းကမ်းတွေကို ဖောက်ဖျက်ပါတယ်ဆိုပြီး အပြန်အလှန် စွပ်စွဲနေကြပါတယ်။

အီရန်သတင်းအေဂျင်စီဖြစ်တဲ့ Fars က ဖော်ပြချက်အရ "ကျူးကျော်သူ ရန်သူ (အမေရိကန်) ရဲ့ ပင်ကိုယ်ဗီဇက သဘောတူညီချက်တွေကို ချိုးဖောက်ပြီး ကတိပျက်တာပဲ" လို့ IRGC ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် တနင်္ဂနွေနေ့မနက်ပိုင်းက "IRGC ရေတပ်က စည်းကမ်းမရှိတဲ့ သင်္ဘောတစ်စီးကို တားဆီးနှိမ်နင်းတာ" ကို အကြောင်းပြချက်အဖြစ် သုံးပြီး အမေရိကန်ဘက်က အီရန်ရဲ့ အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တာလို့လည်း ဖြည့်စွက်ပြောထားပါတယ်။

အဲဒီလို တိုက်ခိုက်ခံရတဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ အီရန်တပ်ဖွဲ့တွေဟာ တနင်္ဂနွေနေ့မနက်ပိုင်းမှာပဲ အဲဒီဒေသတွင်းမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ဘာလစ်စတစ်ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကူဝိတ်နိုင်ငံက အလီအယ်လ်ဆလမ် အခြေစိုက်စခန်းက စစ်ဘက်ဆိုင်ရာ အဆောက်အအုံ ၈ ခုနဲ့ ဘာရိန်းနိုင်ငံမှာရှိတဲ့ အမေရိကန် ပဉ္စမရေတပ်ဌာနချုပ်တို့ ပျက်စီးသွားခဲ့တယ်လို့ IRGC ဘက်က ပြောဆိုထားပြီး၊ အကယ်၍ ထပ်ပြီးတိုက်ခိုက်လာရင်လည်း "ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ" လုပ်သွားမယ်လို့ သတိပေးထားပါတယ်။

အမေရိကန်နဲ့ အီရန်တို့ကြား လက်မှတ်ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာအရ "ဟော်မုဇ်ရေလက်ကြား ကို ဖြတ်သန်းသွားလာမှုကို ထိန်းချုပ်ဖို့ အစီအစဉ်တွေကို" အီရန်ဘက်ကပဲ လုပ်ဆောင်ရမှာဖြစ်တယ်လို့ IRGC က ပြောထားပြီး၊ စည်းကမ်း "ချိုးဖောက်တဲ့ သင်္ဘောတွေ" ကို ပိုပြီးပြင်းထန်တဲ့ အပြစ်ပေးအရေးယူမှုတွေ လုပ်သွားမယ်လို့လည်း သတိပေးထားပါတယ်။

တကယ်တော့ ဒီယာယီသဘောတူညီချက်အပေါ် အမေရိကန်နဲ့ အီရန်တို့ဟာ အဓိပ္ပာယ်ဖွင့်ဆိုပုံချင်း မတူဘဲ ကွဲလွဲနေကြတာပါ။ တီဟီရန် (အီရန်) ဘက်ကတော့ ဒီအရေးပါတဲ့ ရေလမ်းကြောင်းကို ဖြတ်သန်းမယ့် ဘယ်သင်္ဘောမဆို အီရန်အာဏာပိုင်တွေဆီက ခွင့်ပြုချက်ယူရမှာဖြစ်ပြီး၊ သူတို့ သတ်မှတ်ပေးထားတဲ့ လမ်းကြောင်းတွေကိုပဲ သုံးရမယ်လို့ အတင်းအကျပ် ပြောနေပါတယ်။ တစ်ဖက်မှာလည်း ဝါရှင်တန် (အမေရိကန်) ကတော့ အီရန်အနေနဲ့ ဘာအခကြေးငွေမှ မကောက်ခံဘဲ အနှောင့်အယှက်မရှိ လွတ်လွတ်လပ်လပ် ဖြတ်သန်းခွင့်ပေးရမယ်လို့ ပြန်လည်တောင်းဆိုထားပါတယ်။

အခုလို တိုက်ခိုက်မှုတွေ ထပ်ဖြစ်လာတာဟာ အစောကတည်းက တင်းမာနေတဲ့ ဆွေးနွေးပွဲတွေကို ပျက်ပြားသွားစေနိုင်တဲ့ အန္တရာယ်ရှိနေပြီး၊ လက်ရှိ လက်ဘနွန်အပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့်လည်း အခြေအနေက ပိုပြီး ရှုပ်ထွေးသွားရပါတယ်။ ဒါ့အပြင် အရင်တုန်းက လုပ်ခဲ့ဖူးတဲ့ ဆွေးနွေးပွဲတွေကြောင့် အမေရိကန်ရဲ့ သံတမန်ရေးအပေါ် ယုံကြည်မှု လျော့နည်းသွားခဲ့ရတယ်လို့ အီရန်အရာရှိတွေက ပြောကြားခဲ့ကြပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)