ဇွန် - ၂၈ ( တနင်္ဂနွေနေ့ )
ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်ခဲ့တာကြောင့်၊ အမေရိကန်က စနေနေ့မှာ အီရန်နိုင်ငံထဲက နေရာတွေကို ဒုတိယမြောက်နေ့အဖြစ် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အခုလို တိုက်ပွဲတွေ ပြန်ဖြစ်လာတာဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့တုန်းက နိုင်ငံနှစ်ခုကြား လက်မှတ်ရေးထိုးထားတဲ့ ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက်ကို စမ်းသပ်ရာ ရောက်သွားပါတယ်။
အီရန်အစိုးရ သတင်းဌာန IRIB ရဲ့ ဖော်ပြချက်အရ ကက်ရှမ်ကျွန်း နဲ့ တောင်ပိုင်းမြို့တွေဖြစ်တဲ့ ဆီရစ်ခ်နဲ့ ဘန်ဒါလင်ဂါ မြို့တွေမှာ ဗုံးကြဲခံရပြီး ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အမေရိကန် စစ်ဌာနချုပ် (CENTCOM) ကတော့ သူတို့ စစ်တပ်ဟာ အီရန်ရဲ့ စစ်ဘက်ဆိုင်ရာ စောင့်ကြည့်ရေး ယန္တရားတွေ၊ ဆက်သွယ်ရေး စနစ်တွေ၊ လေကြောင်းရန်ကာကွယ်ရေး စခန်းတွေ၊ ဒရုန်းသိုလှောင်ရုံတွေနဲ့ ရေမိုင်းထောင်တဲ့ စွမ်းရည်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ အဲဒီနေ့ အစောပိုင်းတုန်းက ပနားမားအလံစိုက်ထားတဲ့ "ကီကု"ဆီတင်သင်္ဘောကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလို့ CENTCOM က ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ သူက ထရုသ်ဆိုရှယ် လူမှုကွန်ရက်စာမျက်နှာမှာ "ကျနော်တို့ဘက်က ဆင်ခြင်တုံတရားရှိရှိနဲ့ ဆက်ပြီး သည်းခံပေးလို့ မရတော့တဲ့ အခြေအနေတစ်ခု ရောက်လာနိုင်ပါတယ်။ အဲဒီအခါကျရင် အရင်က အောင်အောင်မြင်မြင်နဲ့ စတင်ခဲ့တဲ့ စစ်ရေးလုပ်ငန်းစဉ်ကို အဆုံးသတ်အထိ အပြီးသတ်လုပ်ဆောင်ဖို့ ဖိအားပေးခံရပါလိမ့်မယ်။ တကယ်လို့ အဲဒီလိုသာ ဖြစ်လာခဲ့ရင်တော့ 'အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ' ဆိုတာ ကမ္ဘာပေါ်မှာ ရှိတော့မှာမဟုတ်ဘူး" လို့ ရေးသားထားတာပါ။
တစ်ဖက်မှာလည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က "ရန်သူရဲ့ ရန်စကျူးလွန်မှု" တွေကို ပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်သွားမယ်လို့ သတိပေးထားပါတယ်။ ဒီလို သတိပေးပြီး မကြာခင်မှာပဲ ဘာရိန်းနဲ့ ကူဝိတ်နိုင်ငံတို့က သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေဟာ ဒုံးကျည် ဒါမှမဟုတ် ပစ်ခတ်လိုက်တဲ့ အရာဝတ္ထုတွေကို ကြားဖြတ်ဟန့်တား နေရတယ်လို့ ထုတ်ပြန်ပြောဆိုခဲ့ကြပါတယ်။
အီရန်မီဒီယာတွေကတော့ အခုလို ဗုံးကြဲတိုက်ခိုက်ခံရတာဟာ ပြီးခဲ့တဲ့အပတ်က လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ (MoU) ကို ချိုးဖောက်တာဖြစ်တယ်လို့ ဖော်ပြကြပါတယ်။ အီရန်ရဲ့ အဓိပတိခေါင်းဆောင် မိုဂျတာဘာ ခါမေနီ ရဲ့ အကြံပေးပုဂ္ဂိုလ် မိုဆင် ရီဇာအီ ကလည်း “ဒီနားလည်မှုစာချွန်လွှာထဲက ဘယ်အချက်ကိုမဆို ချိုးဖောက်လာရင် လျင်မြန်ပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်” လို့ အိတ်စ် (တွစ်တာ) စာမျက်နှာမှာ ရေးသားပြီး သတိပေးထားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment